ထောင့်ကျဉ်း

ထောင့်ကျဉ်း
ရွှေ့ပြောင်းလုပ်သားများ မြ၀တီနယ်စပ်မှ ထွက်ခွာနေကြစဉ်
ရွှေ့ပြောင်းလုပ်သားများ မြ၀တီနယ်စပ်မှ ထွက်ခွာနေကြစဉ်
Published 14 October 2018
ပြည်သစ်ဟန်

ဘဝအဓိပ္ပာယ်ဆိုတာ ဘာလဲညီလေး။ ကျွန်တော် မသိဘူးဗျ။ လောလောဆယ်တော့ ကျွန်တော့်မိန်းမဆီ ဒီနေ့ အလည်သွားရမယ်။  အဲဒါပဲသိတယ်။ ဟာ...မင်းတို့က အတူတူနေတာ မဟုတ်ဘူးလား။ မဟုတ်ဘူးလေ အစ်ကို။ ဒီလိုပဲ လကုန်ရင် ကျွန်တော်မိန်းမဆီပြန်ဖြစ်တယ်။ တစ်ခါတလေတော့ သူလည်း ကျွန်တော့်ဆီ အလည်လာပါတယ်။ ဟ...မင်းတို့ဟာက လင်မယားချင်းတောင် အလည်သွားလာနေရတဲ့ ဘဝပါလား။ ဟုတ်တယ်အစ်ကို။ ကျွန်တော့်ဘဝက ဘာမှအစီအစဉ် သိပ်မရှိဘူး။ အစီအစဉ်လို ပုံစံမျိုးလည်း မရှိခဲ့ဘူး။ ဒီလိုပဲ အဆင်ပြေသလို နေနေတာပဲ။ ကောင်းပါ့ကွာ။

အဆင်ပြေသလိုဆိုတာ ပြောပါဦးညီ။ ဒီလိုလေ။ ကျွန်တော်တို့ လင်မယားနှစ်ယောက် အိမ်ထောင်စကျကတည်းက ရန်ကုန်မှာ နေခဲ့တယ်။ သူက ကျွန်တော်နေတဲ့နယ်မှာ ခဏလိုက်နေကြည့်သေးတယ်။ နေလို့မရဘူးတဲ့လေ။ အဲဒါကြောင့် အခု ရန်ကုန်မှာ နေနေရတာ။ ခက်တာက အိုးပိုင်အိမ်ပိုင် ဆိုတာတော့ ထားပါဦး။ အခန်းလေးတစ်ခုတောင်ငှားနေဖို့ အဆင်မပြေခဲ့ဘူး။ အေးကွာ စိတ်ထဲမကောင်းပါဘူး။ ဒါနဲ့ အခုကရော။

အခုက သူက သူ့အဒေါ်အိမ်မှာနေရင်း ဆေးရုံတစ်ခုမှာ အလုပ်လုပ်နေတယ်လေ။ သူ့အလုပ်ကဝင်ငွေနဲ့ပဲ သူစားဝတ်နေရေးကို ဖြေရှင်းတယ်။ ပိုတဲ့အခါ စုမယ်ပေါ့။ အဲဒီ တော့ သူ့ဝင်ငွေက ပိုလျှံရဲ့လား။ အခုထိတော့ မပိုသေးပါဘူး။ ဒါနဲ့ မင်းကရော။ ကျွန်တော်ကလည်း သူ့လိုပဲ ပိုလျှံရင်စုမယ် စိတ်ကူးထားခဲ့မိတယ်။ ဒါပေမဲ့ အခန်းရေရှည်ငှားနေရလောက်အောင် မပိုလျှံခဲ့ပြန်ဘူး။ ဒါဆို နှစ်ယောက်ပေါင်းစုလို့ရတဲ့ ဝင်ငွေဆိုရင်ရော။ သူက စိုးရွံ့ပြုံးပြုံးလျက်။ တစ်စုံတစ်ရာကို မသေချာသေးတဲ့ အပြုံးဆိုတာ ကျွန်တော်သိနေတယ်။ ကျွန်တော်လည်း ဆက်မေးဖို့ရာ ခက်နေတယ်။ သူက စကားပြန်ဆက်တယ်။

ကျွန်တော် အိမ်ထောင်မကျခင်က ဘန်ကောက်မှာ ၁၀ နှစ်လောက် အလုပ်သွားလုပ်ခဲ့ဖူးတယ်။ ပိုက်ဆံကတော့ အတော်ရပါတယ်။ ဒါပေမဲ့ ဘန်ကောက်လည်း ဘန်ကောက်လို ပုံစံထဲမှာ ကျွန်တော် ရုန်းမထွက်နိုင်ခဲ့ဘူး။ အိမ်ကိုလည်း ငွေပြန်မပို့နိုင်ခဲ့ဘူး။ အိမ်ဆိုတာက ကျွန်တော့်အတွက် ပုံစံကွဲတစ်မျိုးပဲ။ အဝတ်အထည်တွေမှာဆိုရင် တံဆိပ်တူ အရောင်ကွဲ။ ကျွန်တော့်မှာ အမေ မရှိတော့ဘူး။ အဖေက နောက်မိန်းမနဲ့ဆိုတော့ ငယ်ငယ်ကတည်းက အဒေါ်နဲ့ နေခဲ့ရတာ။ အဒေါ်ရဲ့ အိမ်ပေါ့လေ။ ဒါကျွန်တော့်ရဲ့ အိမ်ဒဿန။

ဆက်ပြောရရင် ဘန်ကောက်မှာက အလောင်းအစား အပျော်အပါး သိပ်ပေါတယ်။ ဖြစ်ချင်ရင် ဘာမဆိုဖြစ်သွားနိုင်တယ်။ ပျက်ချင်လည်း အလွယ်လေးပဲ။ ဒါနဲ့ ညီက ငွေမစု မိဘူးဆိုတာထားပါဦး။ လူကကော။ လူလည်း မပျက်တပျက်ပဲအစ်ကို။ ဟိုကောင့်ကို မေးကြည့်ပါလား။ ဘေးနားက ညီတစ်ယောက်ကို မေးငေါ့ပြတယ်။ သူကလည်း စပ်ဖြီးဖြီးနဲ့။ သူက ပြောပြန်တယ်။

ကျွန်တော်တို့နှစ်ယောက်ဟာ ဖြစ်ချင်ရာဖြစ်ဆိုပြီး အိမ်ကနေထွက်ခဲ့ကြတယ်။ ဖြစ်ချင်ရာလည်း အမှန်တကယ်ဖြစ်ခဲ့တယ်။ အခုပဲကြည့်လေ။ ကျွန်တော်တို့အကုန် ရယ်မောလိုက်ကြတယ်။

ညီကကော အခုဘာလုပ်နေလဲ။ မိန်းမနဲ့ပဲလား။ ကျွန်တော်က မိန်းမ မရှိပါဘူး။ ကမ်းနားမှာ ကုန်ထမ်းတယ်လေ။ ဟာ...မင်းရဲ့ ဗလနဲ့၊ ဒီခန္ဓာကိုယ်နဲ့ ကုန်ထမ်းတယ်လား။ ဟုတ်တယ်အစ်ကို။ သိတယ်မလား။ ဗလ ထက် ဇ လေ။ ကျွန်တော့်ဘဝက ကျွန်တော့်ကိုယ်ခန္ဓာကို တဖြည်းဖြည်း ပြောင်းလဲပေးနေတယ်လေ။ ကြည့်ပါလား။ အရင်ကထက် အများကြီး ကျွန်တော်အသားတွေ ကျစ်လျစ် လာတယ်မလား။ ဟိုညီက ထောက်ခံတယ်။ ဟုတ်တယ်အစ်ကို။ ဒီကောင်အရင်ထက် အများကြီးသန်မာလာတယ်။ ကျွန်တော် လက်နပန်းလှဲရင် အရင်က သူ့ကိုနိုင်တယ်။ အခု မနိုင်တော့ဘူး။

ဒါနဲ့ ကုန်ထမ်းရတာရော အဆင်ပြေရဲ့လား။ ဒီလိုပါပဲ အစ်ကိုရာ။ ဟ...အဲဒီ ဒီလိုပါပဲဆိုတာကြီးက သိပ်တော့မနိပ်ဘူးနော်။ ငါတို့တွေဟာ ဒီလိုပါပဲဆိုတာကြီးနဲ့ ဖြေသိမ့်နေကြတယ်လို့ မထင်မိဘူးလား မင်းတို့။ ဒါတော့ဒါပေါ့။ ဒါမှမပြောရင် ကျွန်တော် ဘာပြောရမလဲ။ မငတ်တငတ်လို့ ပြောရမှာလား။ ဒါမှမဟုတ် စိတ်ညစ်ညစ်နဲ့ မနက်ဖြန်အလုပ်ထဲကျရင် ထမ်းလာတဲ့ကုန်ပစ္စည်းတွေကို ရေထဲပစ်ချလိုက်ရမလား။ အဲလိုတော့ မလုပ်ပါနဲ့ညီရာ။ အကုန်လုံး ဘဝတွေပါ ပြုတ်ကျ ကုန်လိမ့်မယ်။ ရှုး...တိုးတိုးပြော။ တို့ဘေးနံရံက အင်္ဂတေသားတွေ ကွာကျလာလိမ့်မယ်။

ကျွန်တော့်မိန်းမလည်း ကျွန်တော့်ကို ဒီလိုပါပဲလို့ ခဏခဏပြောတာပဲ။ ဒီကောင်လည်း တစ်ခါတလေ ကုန်ထမ်းတဲ့အလုပ်က ပြန်လာလို့ ကျွန်တော်မေးရင် ဒီလိုပဲပြောတတ်တာပဲ။ အစ်ကိုလည်း ပြောတာပဲမို့လား။ ကျွန်တော်တို့ သုံးယောက်စလုံး အတော်ကြာအောင် ငြိမ်သက်သွားကြတယ်။

ဟုတ်တယ်။ ငါတို့ဟာ ဒီလိုပါပဲဆိုတာကို ကျော်လို့မရသေးဘူးကွ။ ဒါကဘာ့ကြောင့် ဖြစ်တာလဲဆိုတာတော့ မမေးပါနဲ့။ ဒါက ရန်ကုန် ညီတို့ရေ။ အစ်ကိုတို့ဟာ ဒီကအခြေအနေ အချိန်အခါနဲ့ အရိပ်အခြေကြည့်နေကြရတာ။ ငါတို့ဟာ တစ်နေရာကနေ လွင့်လာတာလည်း ဖြစ်နိုင်တယ်။ လွင့်ချင်လို့လာတာလည်း ဖြစ်နိုင်တယ်။ ဘဝဟာဘာမှ ကိုယ့်ကိုယ်ကိုယ် ပြဋ္ဌာန်းမထားရင် သိပ်ပေါ့ပါးတယ်လို့ ထင်စရာရှိတယ်။ အဲဒီလို ထင်စရာရှိတာကပဲ ငါတို့အတွက် သေချာပါ့မလားဆိုတာ စဉ်းစားရသေးတယ် မဟုတ်လား။

ဒါနဲ့ ညီတို့။ ဟိုဘက်ထောင့်က ညီတစ်ယောက်ကကော မင်းတို့နဲ့ သူငယ်ချင်းတွေပဲ မဟုတ်လား။ ဟုတ်ပါတယ်။ သူကကော အခုဘာတွေလုပ်နေလဲ။ အစ်ကို့လို ပြည်တွင်းဖြစ်ပဲလား။ ဒါမှမဟုတ် ညီတို့လို နိုင်ငံခြားပြန်လား။

သူက အစ်ကို့လိုပဲ ပြည်တွင်းဖြစ်ပေါ့။ ကျွန်တော် မိန်းမ မရခင်က သူနဲ့အတော်လေး တွဲဖြစ်ခဲ့တယ်၊ နောက်ပိုင်းတော့ ကျွန်တော်လည်း ဘန်ကောက်ရောက်တော့ ဝေးသွားကြတယ်။ နောက်ဘန်ကောက်က ပြန်ရောက်လာတော့ ကျွန်တော်က မိန်းမရရော။ အဲဒါနဲ့ တစ်နှစ်လောက် ပြန်ဝေးနေကြပြန်ရော အစ်ကို။ အခုမှ လာဆုံမိကြတာ။ဆုံမိကြတော့လည်း အကုန်လုံးဟာ ဒဏ်ရာဒဏ်ချက်တွေ နဲ့ချည်းပဲ။ အမာရွတ်ကျန်တဲ့ဟာ ကျန်တယ်။ ပျောက်သွားတဲ့ဟာ ပျောက်သွားတယ်။ ဒါပေမဲ့ တိုးလာတဲ့ ဒဏ်ရာအသစ်တွေကိုတော့ ကျွန်တော်တို့ မတားနိုင်ဘူးလေ။ အစ်ကိုရော။

အစ်ကိုလည်း ဘာထူးမှာလဲ။ မင်းတို့က ဒဏ်ရာဆို၊ အစ်ကိုက အနာအဆာတွေနဲ့ ပေါ့ကွာ။ ဟား...ဟား...ဟား...ဟား...။ မင်းတို့ သူငယ်ချင်းအကြောင်း ပြောပါဦး။

ပြောမယ်အစ်ကို။ သူက ကျွန်တော့်အလုပ်နဲ့လည်း မတူသလို ဟိုကောင်လိုလည်း ကုန်ထမ်းတာ မဟုတ်ဘူး။ သူက အဆိုတော်။ ညဘက် အဆိုတော်ပေါ့။ စိတ်ပါလက်ပါနားထောင်တဲ့ ပရိသတ်ရှေ့မှာ သီဆိုနေရသလို သီဆိုနေမှန်းတောင် မသိတဲ့ ပရိသတ်ရှေ့မှာလည်း ဆိုနေရတဲ့သူပေါ့။ ဒါဆို သူ့အသံတွေ ကွဲအက်နေလည်း သတိမပြုမိတဲ့ ပရိသတ်လည်း ရှိနေတယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ သိပြီ ညီ။ ကောင်းတယ် ညီတို့။ အစ်ကိုတော့ ဒီလိုပဲ ပြောတတ်တော့တယ်။

အစ်ကိုပြောတဲ့ ကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်က ဆိုးတယ်လို့ပြောရင် အစ်ကိုတို့ အားလုံးဟာ အားပြတ်ပြီး လဲပြိုကျသွားနိုင်တယ်။ ဒေါက်တွေက မခိုင်ဘူးကွ။ ဒေါက်တွေကလည်း အစ်ကိုတို့ကို လဲကျမသွားအောင် ထောက်ထားတဲ့ ‘ဒီလိုပါပဲ’ ဆိုတဲ့ ရောင့်ရဲခြင်းတရား ဖြစ်နေလားလို့ပါ။ အစ်ကိုပြောတာလည်း မှားနိုင်တယ်နော် ညီတို့။ မှန်လည်း မှန်နိုင်တယ်။ တစ်ခါတလေ အမှား နဲ့ အမှန်ဟာ ထောင့်လေးတစ်ထောင့်ထဲမှာ ပိတ်မိနေတဲ့ အရာတစ်ခုလိုပဲ။ အဲဒါဆို ညီတို့ ဘယ်လိုပြောမလဲ။

အစ်ကိုက သိပ်လေးနက်ပြနေလွန်းတယ်။ ကျွန်တော်ကတော့ ကုန်ထမ်းသမားဆိုတော့ ကိုယ့်ကိုယ်ကိုယ် သန်မာတယ်လို့ ယုံတယ်။ အဲဒါကြောင့် နံရံကို ဆောင့်တွန်းဖြို ပစ်လိုက်မှာပဲ။ ရှင်းရော။ ညီကရော။ ကျွန်တော်ကတော့ စျေးအရောင်းဆိုင်က ဝန်ထမ်းဆိုတော့ စျေးညှိကြည့်ရမှာပဲ။ ကိုက်ညီသလိုပေါ့။ ဒါဆိုရင် ညီတို့ရဲ့ သူငယ်ချင်းဖြစ်တဲ့ ဟိုအဆိုတော်ကရော ဘာလုပ်မယ်လို့ထင်လဲ။ သူကတော့ အနားမရှိတော့ ကျွန်တော်တို့လည်း မပြောတတ်ဘူး။ အစ်ကိုရော သူဘာပြောမယ်ထင်လဲ။ အစ်ကိုလည်း မပြောတတ်ဘူး။ ဒါဆိုအစ်ကိုကရော။ အစ်ကိုကတော့ ပိတ်မိနေတဲ့ အဲဒီထောင့်လေးဆိုတာကို ဒီခေတ်မှာ မသိကိုမသိသေးတာ။

Most Read

Most Recent