ကောင်းကင်ကြီးအောက်မှာ

ကောင်းကင်ကြီးအောက်မှာ
လမ်းဆုံလမ်းခွတစ်နေရာတွင် စျေးရောင်းနေသူအချို့အား တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဇော်အောင်)
လမ်းဆုံလမ်းခွတစ်နေရာတွင် စျေးရောင်းနေသူအချို့အား တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဇော်အောင်)
Published 12 October 2018
မောင်ကြည်

ကန်ရေပြင်သည် စိမ်းလျက်ရှိသည်။ ကန်ရေပြင်၏ ပတ်ပတ်လည်မှာတော့ ကွန်ကရစ်ထိုင်ခုံကလေးတွေ အစီအရီ။ ကျွန်တော်တို့ နှစ်ယောက်သည် အရိပ်ကောင်းလှသည့် ကုက္ကိုပင်ကြီးနံဘေးမှာရှိသည့် ထိုင်ခုံတစ်ခုပေါ်မှာ ထိုင်နေကြပါသည်။ မနက်ခင်း လေပြေသည် ကန်ရေပြင်ကိုဖြတ်ကာ ကျွန်တော်ထံပါးသို့ ရောက်လာတတ်သည်။ နေထွက်ပြူကာစဖြစ်သောကြောင့် နေမပူလှသေး။ နေရောင် မစူးလှသေး။ ထိုင်လို့ကောင်း စကားပြောလို့ကောင်းလှသည်။

ကျွန်တော်နှင့် သူမသည် ကန်ရေပြင် စိမ်းစိမ်းကိုငေးရင်း စကားတပြောပြောနှင့် ထိုင်နေကြသည်။ ခပ်လှမ်းလှမ်းရှိ ထိုင်ခုံများမှာလည်း အပန်းဖြေနားနေသူအချို့ကို တွေ့ရသည်။ ကလေးအချို့လည်း ပြေးလွှားခုန်ပေါက် ကစားနေကြလေသည်။ တစ်ခါတစ်ရံ ကုက္ကိုရွက်ကလေးတွေ ဝေ့ဝဲလွင့်ကျလာတတ်သည်။ မနက်ခင်းလေပြည်သည် သနပ်ခါးနံ့လေးတွေ ရောနှောပေါင်းစပ်ကာ မွှေးပျံ့သင်းထုံနေလေသည်။ ကန်ရေပြင်ထဲသို့ ထိုးဆင်းကျလာသည့် နေရောင်ခြည်ထဲမှာ သနပ်ခါးမှုန်ကလေးတွေ လွင့်ပျံနေသလား ထင်မှတ်မှားမိသည်။ လှုပ်ရှားရုန်းကန် ဆူညံနေသော ကမ္ဘာကြီးသည် ခဏတာ တိတ်ဆိတ်သွားသည်ဟု ထင်မိသည်။ ကျယ်လောင်ဆူပွက်နေသည့် စကားပြောသံများ တဖြည်းဖြည်း တိုးတိတ်သွားကြသည်။ လှုပ်ရှားနေသည့် မြင်ကွင်းများ တစ်စတစ်စ ငြိမ်သက်သွားကြသည်။ မျက်တောင်တစ်ခတ် ပင့်သက်တစ်ရှိုက်မှာ ဖိုလှိုက်နေသော ရင်သည် တသိမ့်သိမ့် ခါလျက်ရှိသည်။ ထိုစဉ်အချိန်မှာပင် အသံတစ်သံ ထွက်ပေါ်လာသည်။

‘သားကို မုန့်ဖိုးလေး နည်းနည်းလောက်’

လှမ်းကြည့်လိုက်တော့ ငါးနှစ်အရွယ် ကောင်လေးတစ်ယောက်။ နေလောင်ထားသည့် အသားအရေ။ ခပ်နွမ်းနွမ်းအကျႌကလေးနှင့်။ ကျွန်တော်တို့ရှေ့မှာ လက်က လေးတစ်ဖက်ဖြန့်လျက်။ အရောင်မှိန်ဖျော့နေသည့် မျက်လုံးလေးနှစ်လုံးက ကျွန်တော်တို့ကို ငေးကြည့်နေသည်။ ကျွန်တော့်နံဘေးမှာ ထိုင်နေသော သူမသည် ပိုက်ဆံအိတ်ကိုဖွင့်ကာ တစ်ရာတန်တစ်ရွက် ထုတ်ပေးလိုက်သည်။ ထိုကောင်လေး လှည့်ထွက်သွားသည်။

ကန်ရေပြင်သည် နေရောင်စူးစူးအောက်မှာ အစိမ်းရောင်ဝင်းလက် တောက်ပနေသည်။ ဖြတ်သန်းလာသည့်လေကြောင့် ရေ ရေလှိုင်းအတွန့်လေးတွေ ယှက်ဖြာနေကြသည်။ ကုက္ကိုပင် အကိုင်းအခက်တွေကြားမှ ထိုးဆင်းလာသော နေရောင်က ကျွန်တော်တို့ ထိုင်ခုံပေါ်သို့ ခုန်တက်လာသည်။ ခပ်လှမ်းလှမ်းရှိ ကလေးတစ်သိုက်ထံမှ ရယ်သံသဲ့သဲ့ပျံ့လွင့်လာသည်။ ကျွန်တော့်ပခုံးကို မှီထားသည့် သူမခေါင်းမှ ဆံနွယ်မျှင်ကလေးများ ကျွန်တော့်မျက်နှာကို ပွတ်သပ်ကျီစယ် နေကြလေသည်။ ကမ္ဘာလောကကြီးသည် ဆူညံနေရာမှ တိတ်ဆိတ်သွားပြန်သည်။ မပီဝိုးတဝါး လှုပ်လှုပ်ရှားရှား။ ခြေသံတွေ နီးလာလိုက် ဝေးသွားလိုက်။ စကားပြောသံတွေ တိုးလာလိုက် ကျယ်လာလိုက်။ မှောင်လိုက် လင်းလိုက်။ လင်းလိုက် မှောင်လိုက်။ အမှောင် . . . အလင်း။ အလင်း . . . အမှောင်။

ကျွန်တော်တို့ ရှေ့သို့ပုံရိပ်တစ်ခု ရောက်လာသည်။ ကလေးချီထားသည့် ကောင်မလေးတစ်ယောက်။ ကလေးက နှာရည်တရှုံ့ရှုံ့။ မျက်နှာတစ်ခုလုံး ပေပွနေသည့် ဂျစ်တူးရုပ်လေးနှင့်။ ကောင်မလေးက ကျွန်တော့်ကို ကြည့်လိုက် သူမကိုကြည့်လိုက်နှင့်။ စကားပြောဖို့ အားယူနေသည့် ကောင်မလေးကို ကြည့်ရသည်မှာ ရှိုက်ရှိုက်ပြီး ငိုတော့မလို ထင်ရသည်။ ကျွန်တော်နှင့် သူမတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြသည်။ ရုတ်တရက် ဘာပြောရမှန်းမသိ ဖြစ်နေသည်။ ရှိုက်ရှိုက်ပြီး အားယူနေသော နှုတ်ခမ်းလေးထဲမှ စကားလုံးအချို့ ပွင့်အန်ထွက်လာကြသည်။

‘ထ ... ထမင်း စားစရာမရှိလို့ပါရှင်’

ကျွန်တော်သည် ပိုက်ဆံအိတ်လေးဖွင့်ကာ နှစ်ရာတန်တစ်ရွက်ထုတ်ပြီး ကောင်မလေးကို လှမ်းပေးလိုက်သည်။ နှစ်ရာတန်ကို လှမ်းယူရင်း လှည့်ထွက်သွားသည့် ကောင်မလေး၏ နောက်ကျောကို ကျွန်တော်တို့နှစ်ယောက် ငေးကြည့်နေမိသည်။ ဖိနပ်မပါသည့် ခြေဗလာနှစ်ဖက်ဖြင့် တရွေ့ရွေ့ကျောခိုင်းသွားသော ပုံရိပ်လေးပျောက်သွားသည်အထိ ကျွန်တော်တို့ စကားမပြောမိကြချေ။ သူ့ထံမှ သက်ပြင်းချသံ သဲ့သဲ့ကြားလိုက်ရသည်။ ကျွန်တော်သည် အုတ်ခုံနောက်ဘက်ကို ကျောမှီရင်း ကောင်းကင်ကို မော့ကြည့်မိသည်။ တဖြည်းဖြည်းတက်လာသည့် နေရောင်ကြောင့် ကောင်းကင်သည် လင်းချင်းဝင်းပနေသည်။ တိမ်မရှိသည့် ပကတိအပြာရောင်ကောင်းကင်။ကောင်းကင်ကြီးကို ကြည့်ရသည်မှာ ငြိမ်းချမ်းလှပါသည်။ ထိုကောင်းကင်ကြီးအောက်မှာ လူသားတွေကရော...။

“ဟင် . . . ဟိုမှာ ကြည့်ပါပြီး’

ဗြုန်းခနဲ ထအော်လိုက်သည့် သူမစကားသံကြောင့် ကျွန်တော့်အတွေးစတွေ ပြတ်သွားသည်။ သူမလက်ညှိုးညွှန်ပြရာသို့ လှမ်းကြည့်လိုက်မိသည်။ ကျွန်တော်တို့ရှေ့ ခပ်လှမ်းလှမ်းရှိ ကန်ရေပြင်မှာ ဘောက်တူ လှေကလေးတစ်စင်း။ လှေပေါ်မှာ ငါးအသေတွေ စုပုံထပ်ထားသည်။

‘ကန်ထဲက ငါးအသေတွေ လိုက်ဆယ်နေတာဖြစ်မယ်’

ကျွန်တော်က မှန်းဆပြောလိုက်မိသည်။ လှေသမားက သူ့လက်ထဲမှာပါသည့် ပိုက်ခွက်ကလေးနှင့် ရေပေါ်ဗောလောပေါ်နေသည့် ငါးအသေတစ်ကောင်ကို လှမ်းခပ်ယူလိုက်သည်။ ဘယ်အချိန်ကတည်းက သေနေသော ငါးမှန်းမသိ။ ငါးသေကို ဆယ်ယူပြီးနောက် လေထဲမှာ ငါးညှီနံ့လိုလို ငါးပုပ်နံ့လိုလို အနံ့အချို့ရောနှော ပေါင်းစပ်ပါဝင်လာသည်။ ကျွန်တော်နှင့်သူမ နှာခေါင်းကို ပြိုင်တူရှုံ့လိုက်မိကြသည်။ သနပ်ခါးနံ့သင်းပျံ့ပျံ့လေး ဘယ်ဆီသို့ ထွက်ပြေးသွားပြီ မသိတော့ချေ။ သူမကို လှမ်းကြည့်လိုက်သောအခါ သူမက ပခုံးတွန့်ပြသည်။ ကျွန်တော်က သဘောကျသလို ပြုံးလိုက်မိရင်း နောက်ဘက်သို့ ကျောမှီကာ ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပါသည်။ အပြာရောင်ကောင်းကင်ကြီးကို ကြည့်ရသည်မှာ ငြိမ်းချမ်းအေးမြ သာယာလှပါသည်။ ထိုကောင်းကင်ကြီးအောက်မှာ အဖြစ်အပျက်တွေကရော...။

နေရောင်သည် ကုက္ကိုပင်ကြီးကိုကျော်ကာ ကျွန်တော်တို့ ထိုင်ခုံလေးပေါ်သို့ ဖြာကျဆင်းလာပါသည်။ ကျွန်တော်သည် လက်ဆွဲအိတ်ထဲမှ NIKKO ထီးခရမ်းရောင်လေးကို ဆွဲထုတ်ကာ ဖွင့်လိုက်သည်။ ထီးရိပ်အောက်မှာ လူသားနှစ်ယောက်။ နေပူဒဏ်ကို ခုခံကာကွယ်နေသည့် လူသားနှစ်ယောက်။ ထီးလေးကို အောက်ဘက်သို့ နည်းနည်းဆွဲနှိမ့်လိုက်သောအခါ ပတ်ဝန်းကျင်ကို မမြင်ရတော့။ ထီးအောက်မှာ ကျွန်တော်တို့ နှစ်ယောက်တည်း။ ဆူညံနေသော ကမ္ဘာလောကကြီးသည် ပြန်လည်တိတ်ဆိတ်သွားပြန်သည်။ ကန်ရေပြင်ကို ဖြတ်တိုက်လာသော လေထဲမှာ ငါးညှီနံ့တွေ ပါမလာတော့။ သင်းပျံ့ပျံ့ သနပ်ခါးနံ့လေး ဝေ့ဝဲရောက်ရှိလာပြန်သည်။ မျက်တောင်တစ်ခတ် ပင့်သက်အရှူမှာ လှိုက်ဖိုနေသောရင်သည် တသိမ့်သိမ့် တငြိမ့်ငြိမ့်။ ကန်ရေပြင် စိမ်းလဲ့လဲ့မှာ ရေလှိုင်းတွန့်လေးတွေ ယှက်ဖြာသွယ်တန်းလျက် ...။

‘အစ်ကိုကြီးတို့ အစ်မကြီးတို့ရေ’

ဗုံးတစ်လုံး ပေါက်ကွဲလိုက်သလို ထွက်ပေါ်လာသည့် အသံကြောင့် နှစ်ယောက်သား အလန့်တကြားလှည့်ကြည့်မိသည်။ ဘုရားရေ ... လာပြန်ပြီလား နောက်တစ်ယောက်။ သည်တစ်ခါတော့ နည်းနည်းအသက်ကြီးကြီး ကောင်လေးတစ်ယောက်။ သူ့မျက်နှာက ခပ်တည်တည်။ အကြောက် အလန့်မရှိ။ အသနားခံသည့် အမူအရာမပေါ်။ ရှေ့မှာလာရပ်နေသည့် သူ့ကို ပြန်စိုက်ကြည့်နေမိသည်။ သူကတံတွေးကို တစ်ချက်မျိုချလိုက်သည်။ ပြီးမှ

‘ကျွန်တော့်အတွက် မဟုတ်ပါဘူး။ ဟောဟိုက ကလေးလေးတစ်ယောက် အတွက်ပါဗျာ’

သူပိုက်ဆံတောင်းပုံက တစ်မျိုး။ ပြောပုံကလည်း နောက်သလိုလို အတည်လိုလို။

‘အေးကွာ အစ်ကိုတို့မှာလည်း လမ်းစရိတ်ပဲ ကျန်တော့တယ်ကွနော်’

သည်တစ်ခါ အသနားခံရသူက ကျွန်တော်များ ဖြစ်နေမည်လားမသိ။ သို့သော် ထိုကောင်လေးက ထွက်မသွားသေး။ ကျွန်တော်တို့ ရှေ့မှာ ရပ်မြဲရပ်နေသည်။ သူမက ကျွန်တော့်ကို လှမ်းကြည့်နေသည်။ နောက်ဆုံးတော့ ကျွန်တော် မနေနိုင်တော့။ ပိုက်ဆံအိတ်လေးဖွင့်ကာ ငါးရာတန်တစ်ရွက် ကမ်းပေးလိုက်ရသည်။ ထိုကောင်လေးက ထူးထူးခြားခြား ဝမ်းသာဟန်မပြဘဲ လှမ်းယူသည်။ လှည့်ထွက်ခါနီး ကျွန်တော်တို့ကို ပြောဖြစ်အောင် ပြောသွားချေသေးသည်။

‘အစ်ကိုကြီးကို ကျွန်တော် မှတ်သားပါ့မယ်။ တကယ်ပါဗျာ။ ဟောဟိုက ကောင်လေး မုန့်စားချင်လို့ ကျွန်တော်က တောင်းပေးရတာဗျာ’ ..တဲ့။

ကျွန်တော်နှင့်သူမသည် ရယ်ရအခက် ငိုရအခက်နှင့် သူ့ကိုလှမ်းကြည့်နေမိသည်။ ထိုကောင်လေးထွက်သွားပြီးနောက် ကျွန်တော်တို့ တော်တော်နှင့် စကားမပြောဖြစ်ကြ။ ရှေ့မှာ မြင်နေရသည့် ကန်ရေပြင်ကိုသာ နှစ်ဦးသား ငေးကြည့်နေမိကြသည်။ ကန်ရေပြင်သည် စိမ်းလျက်ရှိပါသည်။ ထို့အပြင် ကောင်းကင်ကြီးကလည်း ပြာလျက်ရှိပါသည်။ သို့သော် ကောင်းကင်ကြီးအောက်မှာ အသက်ရှင်နေထိုင်ကြသည့် လူသားတွေ၏ ဘဝတွေကရော ရေပြင်ကဲ့သို့ စိမ်းလန်းပြီး ကောင်းကင်ကဲ့သို့ ငြိမ်းချမ်းပါရဲ့လား...။

ထိုစဉ် ကုက္ကိုရွက်တွေ လေနှင့်အတူ တဖွဲဲဖွဲကျလာကြသည်။ ကျွန်တော်တို့ နှစ်ယောက်လည်း ထိုင်ခုံလေးပေါ်မှ အသီးသီး မတ်တတ်ထရပ်လိုက်ကြသည်။ အိမ်ပြန်ချိန်ရောက်ပြီ မဟုတ်ပါလား။  ။

Most Read

Most Recent