အိန္ဒိယသမုဒ္ဒရာကျွန်းစုနိုင်ငံ သီရိလင်္ကာတွင် ပေကျင်းက ငှားရမ်းထားသည့် မဟာဗျူဟာမြောက်ဆိပ်ကမ်းတစ်ခု၌ တရုတ်က ရှေ့တန်းစစ်အခြေစိုက်စခန်းတစ်ခု ထူထောင်ဖွယ်ရှိကြောင်း အမေရိကန်၏ အခိုင်အမာ ပြောကြားနေမှုကို သီရိလင်္ကာက အောက်တိုဘာ ၁၀ ရက်တွင် ပယ်ချခဲ့သည်။
သီရိလင်္ကာသည် ဒေါ်လာ ၁.၄ ဘီလျံ တန်ဖိုးရှိသော စီမံကိန်းအတွက် အကြွေးပြန်ဆပ်ရန် မတတ်နိုင်ဖြစ်ခဲ့ပြီးနောက် ပြီးခဲ့သောနှစ်တွင် ဟမ်ဘန်တိုတာရေနက်ဆိပ်ကမ်းကို တရုတ်ထံ ၉၉ နှစ် ငှားရမ်းရန် သဘောတူခဲ့ရသည်။ အဓိကရေလမ်းကြောင်းများတစ်လျှောက် တည်ရှိသော ထိုဆိပ်ကမ်းသည် တရုတ်၏ ပတ်လမ်းရပ်ဝန်းစီမံကိန်းဖြင့် ရန်ပုံငွေ ထောက်ပံ့ပေးနေသည့် အာရှ၊ အာဖရိကနှင့် ဥရောပတို့တွင် တည်ဆောက်နေသည့် အခြေခံ အဆောက်အအုံ စီမံကိန်းများစွာအနက် တစ်ခုအပါအဝင် ဖြစ်သည်။
တရုတ်၏ပတ်လမ်းရပ်ဝန်း စီမံကိန်းကြောင့် အိမ်နီးချင်းအိန္ဒိယ အပါအဝင် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များအား လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည်။
ဟမ်ဘန်တိုတာဆိပ်ကမ်းသည် သမုဒ္ဒရာအထိ ဖြန့်ကြက်နိုင်သော တရုတ်၏ ရေတပ်အင်အားအတွက် ရှေ့တန်းစစ်အခြေစိုက်စခန်းတစ်ခု မကြာမီ ဖြစ်လာဖွယ်ရှိကြောင်း အမေရိကန်ဒုတိယသမ္မတမိုက်ပင့်စ်က ပြီးခဲ့သော သီတင်းပတ်တွင် ပြောကြားခဲ့သည်ဟု အမေရိကန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
သို့သော် ဟမ်ဘန်တိုတာတွင် မည်သည့်ပြည်ပစစ်စခန်းမျှ ရှိလာမည်မဟုတ်ကြောင်း သီရိလင်္ကာဝန်ကြီးချုပ် ရာနေးဝစ်ကရီမီဆင်း၏ရုံးက ထုတ်ပြန်ခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဌာနကိုလည်း ထိုအကြောင်းကို ရှင်းလင်းထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုဆိပ်ကမ်းလုံခြုံရေးကို ထိန်းချုပ်ရန်အတွက် သီရိလင်္ကာရေတပ်၏ တောင်ပိုင်းကွပ်ကဲတပ်ကို ဟမ်ဘန်တိုတာသို့ ရွှေ့ပြောင်းခဲ့ကြောင်း ဝစ်ကရီမီဆင်းက အောက်တိုဘာ ၈ ရက်တွင် ဗြိတိန်၌ ပြောကြားခဲ့ကြောင်း ၎င်း၏ရုံးက ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ဟမ်ဘန်တိုတာလေဆိပ် စီမံခန့်ခွဲမှုအား အိန္ဒိယက ရယူမည့် စီးပွားရေး သဘောတူညီချက်တစ်ခုကိုလည်း သီရိလင်္ကာက အပြီးသတ်နေကြောင်း ဝစ်ကရီမီဆင်းက ပြောကြားခဲ့သည်။ ထိုစီမံကိန်းသည် သမ္မတဟောင်း မဟင်ဒါရာဂျာပက်ဆာလက်ထက် တရုတ်ချေးငွေများဖြင့် တည်ဆောက်ခဲ့သော နောက်ထပ်စီမံကိန်းကြီးတစ်ခု ဖြစ်သည်။
ဒေသတွင်းအင်အားကြီး အိန္ဒိယက ၎င်း၏အစဉ်အလာ သြဇာလွှမ်းမိုးမှုစက်ဝန်းထဲရှိ သီရိလင်္ကာတွင် တရုတ်၏အကျိုးစီးပွား မြင့်တက်လာမှုကို စိုးရိမ်နေသည်။
ပြီးခဲ့သော သြဂုတ်တွင် အမေရိကန်ကလည်း သီရိလင်္ကာ၏ ရေကြောင်းလုံခြုံရေး အားကောင်းစေရန်အတွက် ဒေါ်လာ ၃၉ သန်း ကူညီမည်ဟု ကြေညာခဲ့သည်။ တစ်ချိန်တည်းမှာပင် ကြွေးမြီမြင့်မားနေသော်လည်း ချေးငွေများမှတစ်ဆင့် သီရိလင်္ကာစီးပွားရေးအတွက် အကူအညီများ တိုးမြှင့်ပေးသွားမည်ဟု တရုတ်က ကြေညာခဲ့သည်။ ၂၀၁၆ ခုနှစ် ဇွန်တွင် သီရိလင်္ကာကို ချေးငွေဒေါ်လာ ၁.၅ ဘီလျံ ကူညီပေးခဲ့သော အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ကိုလံဘိုသည်ဆပ်ရန် အကြွေးမြင့်မားနေကြောင်း သတိပေးခဲ့သည်။














