ကမ္ဘာ့ကုန်သွယ်ရေးစနစ်များအား မဖျက်ပစ်ဘဲ ပြင်ဆင်ရန် လိုအပ်ကြောင်း IMF ဥက္ကဋ္ဌ တိုက်တွန်း

ကမ္ဘာ့ကုန်သွယ်ရေးစနစ်များအား မဖျက်ပစ်ဘဲ ပြင်ဆင်ရန် လိုအပ်ကြောင်း IMF ဥက္ကဋ္ဌ တိုက်တွန်း
အောက်တိုဘာ ၇ ရက်တွင် ဘာလီကျွန်းစု၌ ကျိုးပဲ့သန္တာကျောက်တန်းများကို ကိုင်ပြနေသည့် IMF ဥက္ကဋ္ဌလာဂါဒီ (ဝဲဒုတိယမြောက်) ကို တွေ့ရစဉ် (Photo: AFP)
အောက်တိုဘာ ၇ ရက်တွင် ဘာလီကျွန်းစု၌ ကျိုးပဲ့သန္တာကျောက်တန်းများကို ကိုင်ပြနေသည့် IMF ဥက္ကဋ္ဌလာဂါဒီ (ဝဲဒုတိယမြောက်) ကို တွေ့ရစဉ် (Photo: AFP)
Published 10 October 2018
Ref: AFP

ကမ္ဘာ့ခေါင်းဆောင်များသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစနစ်များအား ဖျက်ဆီးပစ်ရန် ကြိုးပမ်းမည့်အစား ပြုပြင်ပြင်ဆင်ရန် လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ဥက္ကဋ္ဌ ခရစ္စတင်း လာဂါဒီက အောက်တိုဘာ ၁၀ ရက်တွင် တိုက်တွန်းခဲ့ပြီး စည်းကြပ်ခွန်များ ချမှတ်မှုနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒများ ကျင့်သုံးနေသည့် အမျိုးသားရေးဝါဒီ နိုင်ငံရေးသမားများအား အပြစ်တင်ခဲ့သည်။

တရုတ်နှင့် အမေရိကန်အကြား ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို ခြိမ်းခြောက်နေကြောင်း IMF ကျွမ်းကျင်ပညာရှင်များက အစီရင်ခံစာတစ်စောင်တွင် သတိပေးခဲ့ပြီးနောက် လာဂါဒီက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ လတ်တလော ဖြစ်ပေါ်နေသော ကုန်သွယ်ရေး အငြင်းပွားမှုများအား တင်းမာမှုလျော့ကျရန်နှင့် ဖြေရှင်းနိုင်ရန်အတွက် လုပ်ဆောင်ရန် လိုအပ်နေကြောင်း ဘာလီတွင် IMF နှင့် ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ၏ ဆွေးနွေးပွဲ၌ လာဂါဒီက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ အမေရိကန်သည်သာ ပထမ ကုန်သွယ်ရေး မူဝါဒက အရိပ်လွှမ်းမိုးနေသည့် ကမ္ဘာ့ကုန်သွယ်ရေးကိစ္စကို အင်ဒိုနီးရှား အပန်းဖြေကျွန်းစု ဘာလီတွင် တစ်ပတ်ကြာပြုလုပ်မည့် ထိုဆွေးနွေးပွဲသို့ ကမ္ဘာ့ဘဏ္ဍာရေးထိပ်တန်းအလွှာမှ အဖွဲ့ဝင် ၃၂၀၀၀ ခန့် တက်ရောက် ဆွေးနွေးနေကြခြင်း ဖြစ်သည်။

အင်အားကြီးစ ကမ္ဘာ့စီးပွားရေးစျေးကွက်များသည် ထပ်မံဆိုးရွားလာလျှင် သို့မဟုတ် ကုန်သွယ်ရေးတင်းမာမှုများ အရှိန်မြင့်တက်လာလျှင် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုသည် အန္တရာယ်ရှိနိုင်ကြောင်း IMF က အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ္ဍာရေး တည်ငြိမ်မှုဆိုင်ရာ နောက်ဆုံးအစီရင်ခံစာ၌ ဖော်ပြခဲ့သည်။ နောက်ထပ် ထိခိုက်နိုင်ခြေများသည် ထွက်ပေါ်လာနေပြီး ကမ္ဘာ့ဘဏ္ဍာရေးစနစ်၏ ပြန်လည်နာလန်ထူနိုင်မှုသည် စမ်းသပ်မခံရသေးကြောင်း နှစ်နှစ်တစ်ကြိမ် ထုတ်ပြန်နေကျ ထိုအစီရင်ခံစာ၌ ဖော်ပြခဲ့သည်။

အတိုးနှုန်းမြှင့်တင်ခြင်း သို့မဟုတ် ငွေကြေးအရင်းအနှီးများကို ရရှိမှု ကျဆင်းလာခြင်းတို့ကဲ့သို့ ရုတ်တရက်ဖြစ်ပေါ်သော အလွန်အမင်း တင်းကျပ်သည့် အခြေအနေများမှ ထိခိုက်ခံစားရနိုင်ခြေ အလားအလာများကို စျေးကွက်တွင် ပါဝင်နေသူများက ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေပုံရကြောင်း၊ စည်းကြပ်ခွန်များ ထပ်မံချမှတ်မှုနှင့် တန်ပြန်တုံ့ပြန်မှုများသည် ကမ္ဘာ့စီးပွားရေးနှင့် ဘဏ္ဍာရေး တည်ငြိမ်မှုများအား ဆိုးကျိုးသက်ရောက်မှုနှင့်အတူ ဘဏ္ဍာရေးဆိုင်ရာ အခြေအနေများအား ပိုမိုကျယ်ပြန့်စွာ တင်းကျပ်နိုင်သည့် အနေအထားသို့ ဦးတည်သွားနိုင်ကြောင်း ထိုအစီရင်ခံစာ၌ သတိပေးခဲ့သည်။

ထို့ပြင် ၂၀၀၈ ခုနှစ် ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်ပေါ်ပြီးနောက် ဘဏ္ဍာရေး တွန်းအားပေး အစီအစဉ်များနှင့် အစိုးရ၏ ကယ်ဆယ်ရေးအတွက် အသုံးစရိတ်များမှ သက်ရောက်မှုများကြောင့် ကော်ပိုရေးရှင်းကြီးများတွင် ကြွေးမြီမြင့်တက်မှုများနှင့် အစိုးရ၏ အလွန်အမင်း ထုတ်ချေးထားမှုမှ စွန့်စားရမှု အန္တရာယ်များကိုလည်း IMF က ထောက်ပြခဲ့သည်။

Most Read

Most Recent