MM Social လူမှုကွန်ရက်၏ အမှုဆောင်ဒါရိုက်တာ ကိုရန်နိုင်မြင့်နှင့် တွေ့ဆုံခြင်း

MM Social လူမှုကွန်ရက်၏ အမှုဆောင်ဒါရိုက်တာ ကိုရန်နိုင်မြင့်နှင့် တွေ့ဆုံခြင်း
Published 5 September 2018

မြန်မာနိုင်ငံထဲမှာပဲ စီးဆင်းရမယ့် သတင်းအချက်အလက်တွေကို မြန်မာနိုင်ငံထဲမှာပဲ စီးဆင်းစေချင်တယ် . . .

Facebook လူမှုကွန်ရက်က မြန်မာတပ်မတော်နှင့်ပတ်သက်သည့် အကောင့်နှင့် စာမျက်နှာတို့ကို ဖယ်ရှားခဲ့ပြီးနောက် VK ဆိုသည့် ရုရှားနိုင်ငံအခြေစိုက် လူမှုကွန်ရက်တစ်ခု အနည်းငယ် ခေတ်စားလာသည်။ ယခုတစ်ဖန် မြန်မာနိုင်ငံသားပိုင်ပြီး မြန်မာနိုင်ငံ၏ ဥပဒေ၊ ယဉ်ကျေးမှုများနှင့်အညီရှိမည်ဆိုသည့် MM Social လူမှုကွန်ရက်တစ်ခု ပေါ်လာတော့မည်ဖြစ်သည်။ ယင်းလူမှုကွန်ရက်မှ Facebook ၏ လုပ်ဆောင်ချက်များအတိုင်း ထပ်တူကျနိုင်ရန် လုပ်ဆောင်မည်ဟု ပြောကြားထားပြီး မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများအတိုင်း အသုံးပြုနိုင်ရန် ဆောင်ရွက်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။ သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များကိုလည်း ပေါက်ကြားမှုမရှိစေရန် လုပ်ဆောင်ထားပြီး သတင်းအမှားများ၊ အကောင့်တုများနှင့်လည်း ဂရုတစိုက်ကိုင်တွယ်သွားမည်ဟု ပြောကြားထားသည်။ ထို့ကြောင့် မြန်မာလူမှုကွန်ရက်တစ်ခုဖြစ်သည့် MM Social ၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး Eleven ၏ စာဖတ်ပရိသတ်များ သိရှိစေရန် MM Social ၏ အမှုဆောင်ဒါရိုက်တာ ကိုရန်နိုင်မြင့်နှင့် တွေ့ဆုံမေးမြန်းထားပါသည်။

 

မေး     ။ ပထဦးဆုံးအနေနဲ့ MM Social အကြောင်းနဲ့ ရည်ရွယ်ချက်ကို မိတ်ဆက်ပေးပါ ခင်ဗျ။

ကိုရန်နိုင်မြင့် ။ MM Social က မြန်မာနိုင်ငံ အခြေစိုက်လူမှုကွန်ရက် (Social Network) တစ်ခု ဖြစ်တယ်ပေါ့နော်။ ပြီးတော့ MM Social က မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေအောက်မှာပဲ ရှိမယ်။ နောက်ပြီး ရည်ရွယ်ချက်တွေအနေနဲ့ကတော့ လက်ရှိ ပြည်တွင်းမှာ ပြည်ပက လူမှုကွန်ရက်တွေကို အသုံးပြု မှီခို နေရတယ်။ အဲဒီတွေမှာ အသုံးပြုနေတဲ့ငွေ (ကြော်ငြာခ) တွေက အခွန်မပါဘူးပေါ့နော်။ အခွန်မရှိတဲ့အတွက် တိုင်းပြည်အတွက်က ဘဏ္ဍာရေးဆိုင်ရာနစ်နာမှုတွေ အများကြီး ရှိတယ်။ အဲဒီဟာတွေကို တစ်ဖက်တစ်လမ်း ကနေ တားဆီးချင်တဲ့ ရည်ရွယ်ချက်လည်း ပါတယ်။ နောက်တစ်ခုက သတင်းအချက်အ လက်ပေါက်ကြားမှုတွေ တောက်လျှောက်ဖြစ်နေတဲ့အခါမှာ အဲဒါကိုလည်း ကျွန်တော်တို့ အနေနဲ့က တားဆီးချင်တယ်။ မြန်မာနိုင်ငံထဲမှာပဲ စီးဆင်းရမယ့် သတင်းအချက်အလက်တွေကို မြန်မာနိုင်ငံထဲမှာပဲ စီးဆင်းစေချင်တယ်။ ဒါကတော့ ရည်ရွယ်ချက်တွေပေါ့နော်။

 

မေး     ။ MM Social က Facebook နဲ့ လုပ်ဆောင်ချက် (Feature) တွေ တူသလား။ ဒါမှ မဟုတ်ပိုပြီး ဆန်းသစ်ထားတာမျိုးတွေ ရှိသလား။ ဘယ်လို ပိုကောင်းခွဲထွက်ထားလဲ သိချင်ပါတယ်။

ဖြေ      ။ MM Social က လူမှုကွန်ရက်တစ်ခု ဖြစ်တဲ့အတွက် လူမှုကွန်ရက်တစ်ခုမှာ ရှိသင့်တဲ့ လုပ်ဆောင်ချက်တွေကတော့ ပါမယ်။ လူမှုကွန်ရက်တစ်ခုဖြစ်ပြီးတော့ Like တွေ Comment တွေ မပါရင်လည်း မဖြစ်ပြန်ဘူး။ တခြား လူမှုကွန်ရက်တွေနဲ့ မတူတဲ့အချက်ဆိုရင် မြန်မာနိုင်ငံသားပိုင်၊ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေအတိုင်း ရှိမယ်။ နောက်တစ်ခုက ဒီအပေါ်မှာရှိတဲ့ စည်းကမ်းသတ်မှတ်ချက် (Rule) တွေကို သတ်မှတ်တဲ့အခါမှာ မြန်မာနိုင်ငံရဲ့ ဥပဒေအတိုင်း၊ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုတွေအတိုင်း သတ်မှတ်သွားဖို့ ရှိတယ်။ အဲဒီလိုမျိုးတော့ ကွာခြားပါမယ်။ တခြား ကျွန်တော်တို့ ထပ်ထည့်မယ့် လုပ်ဆောင်ချက်တွေကတော့ စီးပွားရေးအစီအစဉ်တွေ ဖြစ်တဲ့အတွက် ပြောလို့မရသေးပါဘူး။

 

မေး     ။ ဖောင့် (Font) ကို အစ်ကိုတို့ ဘယ်လို စီစဉ်ထားလဲ။

ဖြေ      ။ဖောင့်အနေနဲ့က သုံးတဲ့သူက ကြိုက်တာနဲ့ သုံးလို့ရတယ်။ ဇော်ဂျီနဲ့ သုံးလည်းရတယ်။ ယူနီကုတ်နဲ့ သုံးလည်းရတယ်။ ဒါပေမဲ့ ပြန်ဖတ်ပြီဆိုရင် ယူနီကုတ်နဲ့ အမှန်မြင်ရမယ်။ ကျွန်တော်တို့ Beta မှာလည်း အဲဒီဟာ တွေက စမ်းကြည့်ပြီးသွားပြီ။ အကုန်လုံးလည်း ကြိုက်ကြတယ်။ အဆင်ပြေတယ်။ ဘာလဲဆိုတော့ သုံးတဲ့သူက ဇော်ဂျီနဲ့ ရိုက်ထည့်လိုက်တာပဲ။ ဒါပေမဲ့ ပြန်ပြလည်း ပြရော ယူနီကုတ်နဲ့ ပြန်ပြတယ်။ ဆိုလိုတာက ဖတ်လို့မရ ဘူးလားဆိုတော့ ဖတ်လို့ရတယ်။ ယူနီကုတ်ကို ဖတ်လို့ရတယ်။ ယူနီကုတ်ကို Word Font အနေနဲ့ ကိုယ့်စက်ထဲမှာ ထည့်ထားစရာမလိုဘူး။ မည်သူမဆို ရေးတာက ဇော်ဂျီနဲ့ ရေးရေး၊ ယူနီကုတ်နဲ့ရေးရေး ကြိုက်တာနဲ့ရေး ယူနီကုတ်နဲ့ အမှန်ပြပေးမယ်။

 

မေး     ။ ဒေတာ သိမ်းဆည်းမှုအပိုင်းနဲ့ပတ်သက်ပြီး ပြောပေးပါဦး ခင်ဗျ။

ဖြေ      ။ ဒေတာသိမ်းဆည်းမှုအပိုင်း သို့မဟုတ် အခြေခံအဆောက်အအုံ (infrastructure) ပိုင်းကတော့ ပြည်တွင်း Cloud ဝန်ဆောင်မှုကို သုံးထားတယ်။ AGB Communications ကုမ္ပဏီလီမိတက်ကနေ သုံးထားတယ်။ ဒေတာတွေက သူတို့ အဆောက်အအုံ (AGB Cloud) ထဲမှာပဲ ရှိပါလိမ့်မယ်။

 

မေး     ။  သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက် လုံခြုံမှုအပိုင်းနဲ့ ပတ်သက်ပြီး ဘယ်လိုပြင်ဆင် ထားပါသလဲ။

ဖြေ      ။ ကိုယ်ရေးအချက်အလက်နဲ့တကွ ဒီ MM Social တစ်ခုလုံးရဲ့ ဆိုက်ဘာလုံခြုံရေးအပိုင်းမှာ ကျွန်တော်တို့အနေနဲ့ ကြိုတင်ပြင်ဆင်ထားတာတွေ အများကြီးရှိပါတယ်။ စပြီးရေးထဲကိုက ကျွန်တော်တို့ Cyber Wing ကုမ္ပဏီကနေ လုံခြုံရေးအသိ (Security Awareness) ရှိရှိနဲ့ ရေးတယ်။ အကယ်၍ အကြောင်းရင်းတစ်ခုခုကြောင့် လစ်ဟာသွားတာတစ်ခုခု ရှိမယ်ဆိုရင်လည်း ကျွန်တော်တို့ကို ပြန်ပြီးတော့ ပြန်လည်စစ်ဆေးပေးဖို့အတွက်ကို National Cyber Security and Forensics Solutions ကုမ္ပဏီလီမိတက် ကနေ လုပ်ပေးပါမယ်။ သူတို့က ဆိုက်ဘာလုံခြုံရေးလုပ်ကြတဲ့ကုမ္ပဏီဆိုတော့ သူတို့နဲ့ ပူးပေါင်းထားတယ်။ တကယ်လို့များ နောက်ထပ် လိုအပ်လာမယ်ဆိုရင် နောက်ထပ်ကုမ္ပဏီတွေကို ထပ်ပြီးတော့ ကျွန်တော်တို့ကို ပြန်လည်စစ်ဆေးပေးဖို့အတွက် ကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။

 

မေး     ။ နောက်တစ်ခုက အကယ်၍ အစိုးရ ဒါ မှမဟုတ် အဖွဲ့အစည်းတစ်ခုခုက သုံးစွဲသူရဲ့ ဒေတာ တောင်းလာတာမျိုးနဲ့ပတ်သက်ပြီး ဘယ်လို အစီအစဉ်ရှိလဲ။

ဖြေ      ။ ဒါကတော့ ဥပဒေအပိုင်း ဖြစ်သွားတာပေါ့နော်။ ဥပဒေပိုင်းဖြစ်သွားတော့ ကျွန်တော်တို့ MM Social ကို စပြီးတော့ ကနဦးလုပ်တဲ့အချိန်တည်းက ကျွန်တော်တို့ကို အကူအညီပေးနေတဲ့ ဥပဒေအကြံပေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Biz Law က ဆောင်ရွက်မှာ ဖြစ်ပါတယ်။ MM Social ရဲ့ တရားဝင် ဥပဒေအကြံပေးအနေနဲ့က သူတို့ ရှိမယ်။ အဲဒီတော့ အစိုးရကပဲဖြစ်ဖြစ် တခြားအဖွဲ့အစည်းတွေကပဲ ဖြစ်ဖြစ် မည်သည့်အကြောင်းရင်းနဲ့မဆို  ကျွန်တော်တို့ဆီက ဒေတာတောင်းခံလာတယ်ဆိုရင် တည်ဆဲဥပဒေတွေအတိုင်း ဥပဒေအတွင်းထဲကနေ အလုပ်လုပ်မယ်။ ဆိုလိုတာက ကျွန်တော်တို့က ဒုစရိုက်အားပေးတော့ မဟုတ်ဘူး။ ဒုစရိုက်မှုတစ်ခုခု၊ ရာဇဝတ်မှုတစ်ခုခု မြောက်နေတယ်ဆိုရင် ဒေတာမထုတ်ပေးစရာ အကြောင်းတော့ မရှိဘူး။ ကျွန်တော်တို့သည် မြန်မာနိုင်ငံတည်ဆဲဥပဒေအောက်မှာ ရှိတယ်။ ဒါပေမဲ့ရာဇဝတ်မမြောက်သေးတဲ့အချိန်လိုမျိုး သို့မဟုတ် မသေချာသေးတဲ့ အချိန်လိုမျိုးဆိုရင်တော့ တောင်းခံလာရင် ကျွန်တော်တို့ရဲ့ ဥပဒေအကြံပေးရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ဖို့များပါတယ်။

 

မေး     ။ မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အစ်ကိုတို့ ပလက်ဖောင်းပေါ်မှာရှိမယ့် အခြေအနေလေး ပြောပေးပါဦး ခင်ဗျ။

ဖြေ      ။ မီဒီယာရော၊ ကျန်တဲ့ မည်သူတစ်ဦး တစ်ယောက်မဆိုပေါ့နော်၊ သူတို့လိုက်နာရမယ့် စည်းမျဉ်းလေးတွေ ရှိတယ်။ ကျွန်တော်တို့ သေချာပြဋ္ဌာန်းထားတယ်။ ဥပမာအနေနဲ့ပြောရင် အမုန်းစကားနဲ့ ပတ်သက်ရင် Facebook က သတ်မှတ်ထားတာနဲ့ မတူပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံယဉ်ကျေးမှုနဲ့  ကိုက်ညီတဲ့ အမုန်းစကားမျိုးကို အရေးယူမှာ ဖြစ်ပါတယ်။ မီဒီယာတွေအတွက်ကလည်း အဲဒီလိုပါပဲ။ Freedom of Speech ကို ကျွန်တော်တို့ သဘောကျတယ်။ အမုန်းစကား မဖြစ်သရွေ့ကတော့ လက်ခံသွားမှာပါ။

 

မေး     ။ အကောင့်အတုတွေ၊ သတင်းမှားတွေနဲ့ ပတ်သက်ပြီး ဘယ်လို ကိုင်တွယ်သွားဖို့ရှိလဲ။

ဖြေ      ။ အကောင့်အတုချည်းပဲက အဲဒီလောက် ဆိုးဆိုးရွားရွားမဖြစ်ဘူး။ အကောင့်အတုဖွင့်ပြီး သတင်းအမှား သို့မဟုတ် သူတို့ရဲ့ ရည်ရွယ်ချက်ရှိတဲ့ သတင်းပဲဖြစ်ဖြစ်၊ အဲဒီလို သတင်းအတုတွေ ဖြစ်လာတယ်။ အကောင့် အတုမဖြစ်ဘူးဆိုရင် လူတွေက သူတို့ပြောတဲ့ စကားကို သူတို့တာဝန်ယူရလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ကတော့ သတင်းမှားတွေ တိုက်ဖျက်တဲ့ ကမ်ပိန်းထဲမှာလည်း ပါခဲ့ဖူးတယ်။ အဲဒါတွေကိုလည်း တော်တော်လေး ကြပ်မတ်သွားဖို့ ရှိပါတယ်။

 

မေး     ။ ပလက်ဖောင်းပေါ်မှာဖြစ်တဲ့ Cyber Crime တွေအတွက် တိုင်ကြားမယ်ဆိုရင် အဲဒီ အစီအစဉ်ကရော ဘယ်လိုရှိလဲ။

ဖြေ      ။   MM Social ကို သုံးရင်းနဲ့ အခက်အခဲရှိတာပဲဖြစ်ဖြစ်၊ အကောင့်ဟက်ခံထိလို့ သို့မဟုတ် ကိုယ့်ဒေတာပေါက်ကြားသွားလို့ တိုင်ချင်တာပဲဖြစ်ဖြစ်၊ တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ ကိုယ့်ဒေတာတွေကို ဖွတာပဲဖြစ်ဖြစ် ကျွန်တော်တို့ဆီကို အွန်လိုင်းပေါ်ကနေ တိုင်ကြားလို့ ရတဲ့ ဖောင်လေးတွေ ရှိလိမ့်မယ်။ မရဘူးဆိုရင် ကျွန်တော်တို့ဆီကို Chat Box ကနေ တိုင်ကြားလို့ရမယ်။ ပြီးတော့ ဖုန်းနဲ့ဆက်သွယ်ပြီး တိုင်ကြားလို့ရမယ်။ အဲဒါမှ မရသေးဘူးဆိုရင် လူကိုယ်တိုင်လာပြီး တိုင်ကြားလို့ရမယ်။

 

မေး     ။ ဝင်ငွေရှာတဲ့အပိုင်းမှာလဲ ကြော်ငြာကနေပဲ သွားမှာလား။

ဖြေ      ။ ဟုတ်ကဲ့၊ လူမှုကွန်ရက်ဖြစ်တဲ့အတွက် အဲဒီကနေပဲ သွားဖို့ ရှိပါတယ်။

 

မေး     ။ နောက်တစ်ခုက MM Social ကို ဘယ်တော့ စပြီးသုံးလို့ရမလဲ။

ဖြေ      ။ ကျွန်တော်တို့ စသုံးဖို့အတွက်က ၅ ရက်နေ့မတိုင်ခင်၊ သို့မဟုတ် ၅ ရက်နေ့မှာပေါ့။ စပြီးသုံးလို့ရမှာကတော့ Browser တွေ အပေါ်မှာ စပြီး သုံးလို့ရမယ်။ နောက်တစ်ခုက Mobile App တွေလည်း ထွက်လာဖို့ သိပ်မလိုတော့ပါဘူး။ ဘယ်လောက်လောက် ကြာမလဲဆိုရင် တစ်လဝန်းကျင်လောက်တော့ ကြာမယ်။ လောလောဆယ်ကတော့ Browser တွေပေါ်မှာပဲ သုံးလို့ရဦးမယ်။

 

မေး     ။ ဟုတ်ကဲ့ ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။

ဖြေ      ။ ကျွန်တော်တို့က ခုမှ နှစ်လဝန်းကျင်းပဲ သက်တမ်းရှိသေးတဲ့ Start-up လုပ်ငန်း တစ်ခုဖြစ်တယ်။ ပြည်ပလူမှုကွန်ရက်တွေက လုပ်လာတာ ဆယ်စုနှစ်ချီနေပြီ။ အဲဒီအတွက် ကျွန်တော်ဘက်မှာ လိုအပ်ချက်တွေက ရှိနေဦးမယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပိုကောင်းလာအောင် အမြဲတမ်း ကြိုးစားနေမယ်။ မြန်မာ နိုင်ငံက မြန်မာနိုင်ငံသားပိုင် ပြည်တွင်းလူမှု ကွန်ရက်ဖြစ်တဲ့အတွက် အားပေးစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Most Read

Most Recent