မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားမယ် အေးအေးအောင်နှင့် တွေ့ဆုံခြင်း

မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားမယ် အေးအေးအောင်နှင့် တွေ့ဆုံခြင်း
Published 9 August 2017

“နောက်ဆုံးယှဉ်ပြိုင်မယ့် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရရှိအောင် ကြိုးစားသွားမှာပါ”

လာမယ့်ဆီးဂိမ်းစ်ပြိုင်ပွဲ ရွှေတံဆိပ်မျှော်မှန်းနိုင်တဲ့ အားကစားအဖွဲ့ထဲမှာ ဂျုဒိုအားကစားနည်းလည်း အပါအဝင်ဖြစ်ပါတယ်။ မြန်မာဂျူဒိုအဖွဲ့ရဲ့ ရွှေရောင်အိပ်မက်ကို အကောင်အထည်ဖော်ပေးနိုင်မယ့် ကစားသမားကတော့ ဝါရင့်ကစားသမား အေးအေးအောင်ဖြစ်ပြီး မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး - ဆီးဂိမ်းစ် ပြိုင်ပွဲယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလား။

ဖြေ - ပြိုင်ပွဲယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒဏ်ရာအခြေအနေ ကောင်းမွန်လာတဲ့ အတွက် ပြင်ဆင်မှုအပိုင်းကို အားရပါတယ်။ ဒဏ်ရာကောင်းလာလို့ စိတ်ကြိုက်လေ့ကျင့် လာနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်မှု ရှိပါတယ်။ ရာနှုန်းပြည့် အဆင်သင့်ဖြစ်နေပါပြီ။

မေး - ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်ခင် ဂျပန်နိုင်ငံမှာ သွားရောက်လေ့ကျင့်ခဲ့တာ ဘယ်လောက်အထိ အကျိုးရှိပါသလဲ။

ဖြေ - ဒီခရီးစဉ်ကတော့ တော်တော်အကျိုး ရှိပါတယ်။ ဘာလို့လဲဆိုတော့ လက်ရည်တူတဲ့ အမျိုးသမီးကစားသမားတွေနဲ့ လေ့ကျင့်ခွင့်ရခဲ့ပါတယ်။ ဒီမှာဆိုရင် အမျိုးသားကစားသမားတွေနဲ့ပဲ လေ့ကျင့်နေရတော့ ထင်သလို မလေ့ကျင့်နိုင်ခဲ့ပါဘူး။ ဟိုမှာက ပြိုင်ဘက်ကောင်းတွေ ရှိတာကြောင့် တစ်နေ့တည်း လေး၊ ငါးပွဲလောက် ကစားခဲ့တာမျိုးလည်းရှိပါတယ်။ ဂျပန် လေ့ကျင့်ရေးခရီးစဉ်အပြီးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိလာပါတယ်။

မေး - လာမယ့်ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာဂျူဒိုအဖွဲ့အားသာတဲ့ ဝိတ်တန်းအကြီးတွေ မပါလာတော့ဘူး။ ရွှေ ဆုရဖို့က အေးအေးအောင်အပေါ် အဓိကမူတည်နေတဲ့ သဘောဖြစ်နေတာကြောင့် ဖိအားတွေများ ရှိလာနိုင်မလား။

ဖြေ - ဖိအားတော့ မရှိပါဘူး။ ရွှေဆုရဖို့က ကိုယ်တစ်ယောက်တည်းကိုပဲ မှီခိုနေတာတော့ မဟုတ်ပါဘူး။ ကစားသမားအားလုံး သူ့အရည်အချင်းနဲ့သူ ရှိပါတယ်။ ကျွန်မကတော့ ရွှေဆုရဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ။

မေး - ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲအပြီးမှာ ကစားသမားဘဝက နားတော့မယ်လို့ပြောပြီး ပြန်ကစားဖြစ်တာ ဘာကြောင့်ပါလဲ။

ဖြေ - ကျွန်မကို ဒူးဒဏ်ရာက ဒုက္ခပေးနေတာ ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲ မတိုင်ခင်ကတည်းကပါ။ ဆက်ကစားမယ်ဆိုရင် ကစားသမားဘဝက အနားယူရနိုင်ပြီး ဒုက္ခိတဖြစ်နိုင်တဲ့အထိ အခြေအနေဆိုးရွားသွားနိုင်ပါတယ်။ နားဖို့ စီစဉ်ထားပေမယ့် အဲဒီအချိန်တုန်းက အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့ ဦးတင့်ဆန်းက ဘာကြောင့်နားမှာလဲဆိုပြီး မေးပါတယ်။ ဒူးဒဏ်ရာက မခွဲဘူးဆိုရင် ဆက်ကစားလို့မဖြစ်နိုင်ဘူးလို့ ပြောပြတော့ ဦးတင့်ဆန်းက ကုန်ကျငွေတွေ အကုန်အကျခံပြီး ခွဲစိတ်ပေးခဲ့လို့ ဆက်ပြီးကစားဖြစ်ခဲ့တာပါ။ အခုလိုပြန်ကစားနိုင်တာ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့ ကျေးဇူးကြောင့်ပါ။

မေး - လာမယ့်ဆီးဂိမ်းစ်ပြိုင်ပွဲမှာ အဓိကပြိုင်ဘက်က ဘယ်နိုင်ငံဖြစ်လာမလဲ။

ဖြေ - ကျွန်မရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ ဗီယက်နမ်ကစားသမားပါ။ သူသာ ထပ်ကစားမယ်ဆိုရင် အဓိကပြိုင်ဘက်က သူပဲဖြစ်မှာပါ။ သူနဲ့က နိုင်လိုက်၊ ရှုံးလိုက်ပါပဲ။ ပြီးခဲ့တဲ့ ၂၀၁၅ စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲမှာ ဗီယက်နမ်ကစားသမားကိုပဲ ဗိုလ်လုပွဲမှာ ရှုံးခဲ့တာပါ။ ပွဲသိမ်းဖို့ ကြိုးစားပေမယ့် ဒဏ်ရာကြောင့် အားလျှော့လိုက်တာ ပြိုင်ဘက်အတွက် အခွင့်အရေးဖြစ်သွားတာပါ။

မေး - ဒီပြိုင်ပွဲပြီးရင် ကစားသမားဘဝက အနားယူတော့မယ်ဆိုတော့ မြန်မာဂျူဒိုအဖွဲ့ရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ထင်ပါသလား။

ဖြေ - ကစားသမားဘ၀ နောက်ဆုံးဆီးဂိမ်းစ်ပြိုင်ပွဲမှာ ရွှေဆုရဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ။ ၂၀၀၇၊ ၂၀၁၁၊ ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲ မှာ ရွှေတံဆိပ်ရခဲ့သလို လေးခုမြောက် ရွှေဆုကိုလည်း အရယူသွားမှာပါ။

Most Read

Most Recent