တေးသံရှင်မို့မို့နှင့် တွေ့ဆုံခြင်း

တေးသံရှင်မို့မို့နှင့် တွေ့ဆုံခြင်း
Published 19 December 2017

ဂီတအမွေအား လက်ဆင့်ကမ်းနိုင်ခဲ့သည့် အနုပညာရှင်များစွာတွင် တေးသံရှင်မို့မို့လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ မိခင်ဖြစ်သူ၏ ဂီတအမွေကိုလက်ဆင့်ကမ်းခဲ့ပြီး ချိုမြကြည်သာသည့် အသံပိုင်ရှင်တစ်ဦးအဖြစ် ပရိသတ်လက်ခံအားပေးမှု ရရှိစေခဲ့သူ တေးသံရှင်မို့မို့သည် ဂီတလောကအတွင်းမှ နှစ်အတန်ကြာ ပျောက်ကွယ်နေခဲ့ရာမှ တစ်ကျော့ပြန်လှုပ်ရှားမှုအဖြစ် ဒီဇင်ဘာ ၁၆ ရက်တွင် တစ်ကိုယ်တော် ဂီတဖျော်ဖြေပွဲပြုလုပ်ရန် စီစဉ်ထားသည်။ Simply Accoustic ဂီတဖျော်ဖြေပွဲဟု အမည်တပ်ထားပြီး တေးသံရှင် မျိုးကျော့မြိုင်၊ ဝေလ၊ ဖြိုးပြည့်စုံတို့နှင့်လည်း အတွဲတင်ဆက်မှုများပြုလုပ်ရန် စီစဉ်ထားသည့် တေးသံရှင်မို့မို့နှင့်တွေ့ဆုံ၍ တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် ပြင်ဆင်ထားမှုများ၊ ရှေ့ဆက်လုပ်ဆောင်သွားရန် စီစဉ်ထားသည့် အနုပညာလုပ်ငန်းများ အပါအဝင် မေးမြန်းဖြစ်သည်များကို ပြန်လည်ဖော်ပြအပ်ပါသည်။

 

မေး - ဂီတလောကထဲကနေ အချိန်တစ်ခုလောက် ပျောက်ကွယ်သွားခဲ့ပြီးမှ တစ်ကိုယ်တော်ပွဲလုပ်ဖို့ စီစဉ်ဖြစ်ခဲ့တာလေး အရင်ဆုံးပြောပြပေးပါလား။

ဖြေ - ဂီတအလုပ်တွေလုပ်ဖြစ်ရာကနေ ကိုယ်ပိုင်မိသားစုဘဝလေး တည်ဆောက်ဖြစ်တဲ့အခါ ဂီတလုပ်ငန်းတွေနဲ့ အဆက်ပြတ်သလို ဖြစ်သွားခဲ့တာပေါ့လေ။ ဒါပေမဲ့ သားသမီးလည်း ရလာသလို မိသားစုဘဝလေးလည်း တည်ငြိမ်လာတဲ့ အခါ အစ်မအမျိုးသားကလည်း သီချင်းလေးတွေ ပြန်ဆိုစေချင်တယ်။ သူကပဲ ခဏခဏ တိုက်တွန်းတာပါ။ သီချင်းပြန်ဆိုဖို့က အရမ်းကြီး စိတ်အားထက်သန် တာမျိုးထက် အမျိုးသားက တိုက်တွန်းတာကြောင့်ပဲ ဒီပွဲကိုစီစဉ်ဖြစ်တာပါ။

မေး - တစ်ကိုယ်တော်ပွဲမှာ အမျိုးသားတေးသံရှင် သုံးယောက်ကို ပူးပေါင်းပါဝင်ဖို့ ထည့်ဖြစ်သွားတဲ့ စိတ်ကူးကရော။

ဖြေ -အဲဒါကတော့ တစ်ယောက်တည်း ဖျော်ဖြေတာမျိုးထက် ပရိသတ်တွေလည်း ရသစုံလေး ပိုရသွားစေချင်တယ်။ အတွဲသီချင်းပုံစံမျိုး၊ နှစ်ယောက် တွဲ တင်ဆက်တာမျိုးလေးလည်း ပရိသတ်တွေကို ကြည့်စေချင်တယ်။ အဲဒါကြောင့်စိတ်ကူးမိတာပါ။ ကိုမျိုးကျော့ရယ်၊ ကိုဝေလရယ်၊ မောင်လေးဖြိုးပြည့်စုံရယ်ကိုကတော့ အစ်မဆိုခဲ့တဲ့ သီချင်းပုံစံလေးတွေနဲ့ လိုက်ဖက်နိုင်မယ့် တေးသံရှင်မျိုးကိုပဲ စဉ်းစားပြီးရွေးချယ်ဖြစ်ခဲ့တာ။ သူတို့သီဆိုဟန်တွေကိုတော့ အစ်မကိုယ်တိုင်လည်း သဘောကျတာကြောင့် ပါပါတယ်။

မေး - Simply Accoustic ဆိုပြီး ခေါင်းစဉ်တပ်ဖြစ်တာကရော။

ဖြေ -အရင်ကတည်းကလည်း အစ်မဆိုခဲ့တဲ့ သီချင်းတွေ အားလုံးက အငြိမ်တွေများတယ်။ တစ်ကိုယ်တော်ပွဲလုပ်မယ် ဆိုတဲ့အခါလည်း သီချင်းတွေကို အေးအေးဆေးဆေးနဲ့ နားဆင်ခံစားရတာမျိုး ဖြစ်စေချင်တယ်။ ဒါကြောင့် Simply Accoustic ပုံစံလေးလုပ်မယ်ဆို တဲ့ စိတ်ကူးလေး ရလာတာပါ။ သီချင်းတွေအားလုံးကို  Accoustic ပုံစံလေးတွေ ဖန်တီးပြီးတင်ဆက်ခဲ့တာပါ။

မေး - တစ်ကျော့ပြန် တင်ဆက်ရတာဆိုတော့ စိတ်လှုပ်ရှားမှုရော ဘယ်လိုရှိလဲ။

ဖြေ - ရင်ခုန်ပါတယ်။ သီချင်း မဆိုဖြစ်တာလည်း တော်တော်လေးကြာပြီလေ။ စတူဒီယိုထဲမှာ တိုက်တာတောင် တော်တော်လေး ရင်ခုန်တယ်။ ပွဲနေ့မှာလည်း ရင်တွေအရမ်းခုန်တယ်။ ဒါပေမဲ့ မျှော်လင့်ထားတာထက် ပရိသတ်တွေအများကြီး လာအားပေးတဲ့အခါကျတော့ အရမ်းလည်းပျော်ရပါတယ်။ သီချင်းလေးတွေအားလုံးကိုလည်း လိုက်ပါစီးမျော ခံစားပေးတယ်ဆိုတော့ အမှတ်တရလည်း ဖြစ်ရပါတယ်။ ဂီတလောကနဲ့ အလှမ်းကွာပြီးမှ လုပ်ဖြစ်တယ်ဆိုပေမယ့် အားလုံးကလည်း ဝိုင်းကူပေးကြတယ်။ အရမ်းပျော်စရာကောင်းပါတယ်။

မေး -  ဒီပွဲလေးဆိုပြီးသွားတဲ့အချိန်မှာရော ဂီတနဲ့ပတ်သက်လို့ ဘယ်လိုခွန်အားတွေရလာလဲ။

ဖြေ - ပွဲမှာက ပရိသတ်တွေနဲ့ အပေးအယူမျှမျှ တင်ဆက်နိုင်ခဲ့တယ်။ ဂီတလောကနဲ့အချိန် အတော်ကြာ အဆက်ပြတ်နေခဲ့ပေမယ့် ပရိသတ်တွေကလည်း အားပေးကြတယ်၊ ချစ်ကြတယ်ဆိုတာ သိခွင့်ရတော့ ပျော်ပါတယ်။ နောက်ထပ်ဂီတအလုပ်တွေ လုပ်ဖို့ကိုလည်း ခွန်အားတွေရစေတယ်။ ဒီပွဲလေးက တကယ့်ကိုအမှတ်တရတွေ အများကြီးပါ။ အဘက်ဘက်ကဝိုင်းပြီး ကူညီပေးကြသူတွေကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ ကူညီပေးသူတွေရှိလို့လည်း အခုလို အဆင်ပြေပြေ တင်ဆက်နိုင်ခဲ့တာပါ။ ပရိသတ်တွေအတွက်လည်း နောက်ထပ်အနု ပညာဖန်တီးမှုအသစ်တွေ ထပ်လုပ်ဖို့စိတ်ကူးထားပါတယ်။

မေး - နောက်ပိုင်းရောဂီတအလုပ်တွေ ဆက်လုပ်ဖြစ်သွားမလား။

ဖြေ - ဆက်လုပ်ဖြစ်မှာပါ။ ပရိသတ်တွေကလည်း အားပေးကြတယ်ဆိုတော့ ဂီတအလုပ်လေး တွေလုပ်ဖြစ်ပါမယ်။ အများကြီးမဟုတ်ရင်တောင် တတ်နိုင်သလောက်တော့လုပ်ဖြစ်မှာပါ။

မေး - Oasis Studio လေးကလည်း မို့မို့တစ်ကိုယ်တော်ပွဲနဲ့အတူ ပြန်ပြီးအသက်ဝင်လာပြီဆိုတော့ နောက်ပိုင်းရော ဂီတလုပ်ငန်းတွေဆက်ပြီး လည်ပတ်သွားတော့မလား။

ဖြေ - ဟုတ်ပါတယ်။ ဒီစတူဒီယိုကိုလည်း ကောင်းမွန်တဲ့အရည်အသွေးတွေ ပိုမိုရရှိစေဖို့ပြင် ဆင်မွမ်းမံထားပါတယ်။ နောက်ပိုင်းတော့ ဂီတလုပ်ငန်းတွေ ပြန်ပြီးလည်ပတ်သွားမှာပါ။ အဓိကတော့ ဒီစတူဒီယိုလေးမှာ အနုပညာရှင်တွေအများကြီးက ဂီတဖန်တီးမှုတွေလုပ်ခဲ့ကြဖူးပါတယ်။ ဒါကြောင့် ဂီတလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်သွားစေမှာပါ။ ဒီစတူဒီယိုရဲ့ဂီတ လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီးတော့လည်း ပရိသတ်တွေကို အမြဲအသိပေးသွားပါမယ်။

မေး- ကိုယ်တိုင်ဖြတ်သန်းခဲ့ဖူးတဲ့ ဂီတလမ်းကြောင်းတစ်ခုနဲ့ အခုလက်ရှိဖြတ်သန်းနေကြတဲ့ ဂီတလမ်းကြောင်းရဲ့ ကွာဟချက်ဆိုရင်ရော ဘာတွေရှိမလဲ။

ဖြေ - အခုလက်ရှိဂီတရေစီးကြောင်းကတော့ အားသာချက်တွေ အများကြီးရှိပါတယ်။ သီချင်းဆိုပြိုင်ပွဲတွေ၊ ဂီတလမ်းကြောင်းပေါ်ကိုသွားနိုင်တဲ့ လမ်းကြောင်းတွေ အများကြီးရှိသလို အွန်လိုင်းကတစ်ဆင့်လည်း ပရိသတ်သတိထားမိအောင် ကြိုးစားခွင့်ရှိတယ်။ သင်ယူလေ့လာခွင့်ရှိတယ်။ လူငယ်တွေအတွက် အခွင့်အလမ်းတွေ အများကြီးကောင်းလာတယ်လို့ ထင်ပါတယ်။ အဓိကတော့ ဂီတကိုတကယ်ချစ်မြတ်နိုးပြီး ကြိုးစားအားထုတ်မှုသာ ရှိမယ်ဆိုရင် အခွင့်အရေးဆိုတာ အမြဲတမ်းပေါ်နေမှာပါပဲ။

မေး - တစ်ကိုယ်တော်ပွဲကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင်လေး ပြောပေးပါဦး။

ဖြေ - ဂီတလောကထဲကနေ အချိန်တွေအကြာကြီး နားနေခဲ့ပေမယ့် အခုတစ်ကိုယ်တော်ပွဲ လုပ်တဲ့အချိန်မှာ အားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးအများကြီး တင်ပါတယ်။ ပရိသတ်တွေရဲ့အားပေးမှုကြောင့် ခွန်အားတွေလည်း အများကြီးရပါတယ်။ တစ်ကိုယ်တော်ပွဲမှာလည်း အကောင်းဆုံး ကြိုးစားဖျော်ဖြေ တင်ဆက်ခဲ့ပေမယ့်လိုအပ်ချက်များရှိရင်လည်း နားလည်ပေးစေချင်ပါတယ်။ ပရိသတ်များအားလုံးလည်း လိုအင်တွေအားလုံးပြည့်စုံကြပါစေလို့ ဆုတောင်းပေးချင်ပါတယ်ရှင်။

 

Most Read

Most Recent