သတ္တုတွင်းဦးစီးဌာနတွင် သတ္တုတွင်းလုပ်ငန်းများ စစ်ဆေးရေးကို နှစ် ၂၀ ခန့်ဆောင်ရွက်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် သက်ပြည့်ပင်စင်ဖြင့် အနားယူခဲ့ကာ လက်ရှိတွင်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဖြစ်သည့် မြန်မာအစိမ်းရောင်ကွန်ရက် (Myanmar Green Network) တွင် သတ္တုတွင်းပညာရှင် အကြံပေးအဖြစ် ဆောင်ရွက်နေသည့် ဆရာကြီး ဦးစိန်မြင့်နှင့် ကျောက်မီးသွေးအကြောင်း ပြန်ပြည့်မြဲစွမ်းအင်များ အကြောင်းကို တွေ့ဆုံမေးမြန်း ထားသည်များကို ဖော်ပြအပ်ပါသည်။
မေး - ကျောက်မီးသွေးနဲ့ ပတ်သက်ပြီး အားလုံး နားလည်အောင် ရှင်းပြပေးပါခင်ဗျာ။
ဖြေ - ကျောက်မီးသွေးကို ၁၉ ရာစု အစပိုင်းလောက်ကစပြီး အမေရိကန်နိုင်ငံ အနောက်ဗားဂျီးနီးယား ပြည်နယ်ဘက်မှာ စပြီးတွေ့ခဲ့တာပေါ့။ တွေ့တော့ ကျောက်မီးသွေးကို နဂိုမူလကတော့ ချက်ပြုတ်ဖို့နဲ့ အနွေးဓာတ် ရရှိရေးအတွက် သုံးစွဲတာပေါ့။ တဖြည်းဖြည်းနဲ့ ကျောက်မီးသွေးကနေ အပူထွက်မှန်းသိတဲ့ အခါကျတော့ စက်မှုတော်လှန်ရေး ခေတ်ကျတော့ အပူစွမ်းအင်ကို သုံးပြီးတော့ ဗွိုက်လာ စက်မှုတော်လှန်ရေးခေတ်ကို ရောက်လာတဲ့ အခါမှာ ဗွိုက်လာကို မီးရှို့ဖို့အတွက် သုံးတာပေါ့။ သုံးတော့ အဲဒီကနေ ရလာတဲ့ အပူကနေ အဲဒီကနေရတဲ့အားနဲ့ စက်တွေကို မောင်းနှင်လာကြတော့ စက်မှုတော်လှန်ရေးခေတ်က ပီပီပြင်ပြင် ဖြစ်လာခဲ့ကြတယ်။ နောက် ကုန်ထုတ်လုပ်ငန်းသုံးတယ်။ သွားလာရေးလည်း သုံးတယ်။ နောက်ဆက်သွယ်ရေး စက်ရုံတွေ နေရာတိုင်းလိုလိုသုံးတယ်။ အဲဒီခေတ်ကစပြီးတော့ ကမ္ဘာမှာ ကျောက်မီးသွေးဟာ စွမ်းအင်တစ်ရပ်အနေနဲ့ ပေါ်ပေါက်လာခဲ့တယ်။
မေး - မြန်မာနိုင်ငံမှာရော ဘယ်အချိန်လောက်မှာ စတင်အသုံးပြုခဲ့တာပါလဲ။
ဖြေ - မြန်မာနိုင်ငံမှာတော့ မှတ်မှတ်သားသား ၁၉၅၀ ဝန်းကျင်လောက်မှာ ကလေးဝဘက်မှာ ကျောက်မီးသွေးတွင်းကို စတွေ့တယ်။ အရင်ကတော့ ရှိခဲ့တယ်။ ဒါပေမဲ့ သိပ်မတွင်ကျယ်ခဲ့ဘူး။ ဟိုတုန်းက MRTC ခေါ်တာပေါ့။ ကျောက်မီးသွေးကို MRTC ခေတ်မှာ မြန်မာနိုင်ငံက တစ်ခုတည်းသော အစိုးရပိုင် ကျောက်မီးသွေးတွင်း အဖြစ်နဲ့သုံးတယ်။ အဲဒီမှာ မြေအောက် ကျောက်မီးသွေး တူးဖော်နည်းကို အသုံးပြုခဲ့တယ်။
မေး - ကျောက်မီးသွေးရဲ့ ဆိုးကျိုးတွေကို ကမ္ဘာက ဘယ်အချိန်မှာ စပြီးသတိထား သိရှိခဲ့ကြပါသလဲ။
ဖြေ - ကျောက်မီးသွေးရဲ့ဆိုးကျိုးတွေကို သိတာတော့ တို့ ၁၉ ရာစုနောက်ပိုင်းမှာ လူတွေက ကျောက်မီးသွေးရဲ့ ဆိုးကျိုးတွေကြောင့် လူတွေက သက်တမ်းတိုတာတွေ၊ ရောဂါဘယ ထူပြောတာတွေ၊ ကျန်းမာရေး ချို့တဲ့တာတွေ စပြီးတွေ့ခဲ့တယ်။ တွေ့တော့ ကမ္ဘာကြီးကလည်း ကျောက်မီးသွေးကနေ ထုတ်လွှတ်လိုက်တဲ့ အပူရှိန်ကြောင့် ကာဗွန်တွေကြောင့် ကမ္ဘာကြီးရဲ့ လေထုထဲမှာလည်း ကာဗွန်တွေကြောင့် ပျက်လာတယ်။ ကမ္ဘာကြီး ပူနွေးလာတယ် ဆိုတာကို သိပ္ပံပညာရှင်တွေက စတင်တွေ့ရှိတဲ့ အခါမှာ ကုလသမဂ္ဂကို တင်ပြပြီးတဲ့ အခါမှာ ဒါကို ကမ္ဘာကြီး ပူနွေးလာမှုကို ဆက်ပြီးတော့ ထိန်းဖို့လိုတယ်။ ကမ္ဘာကြီး ပူနွေးလာမှုရဲ့ အကျိုးဆက်က ဘာလဲဆိုတော့ တို့ကမ္ဘာမြေကြီးကို နေရောင်ခြည်က ထွက်လာတဲ့ ခရမ်းလွန်ရောင်ခြည် ကမ္ဘာမြေကြီးကို မရောက်အောင် အိုဇုန်းလွှာကနေပြီးတော့ စုပ်ထားပေးတယ်၊ ကာကွယ်ပေးထားတယ်။ အဲဒီတော့ အိုဇုန်းလွှာကြီး တဖြည်းဖြည်းနဲ့ ပါးပါးပြီး ပေါက်လာတဲ့ အခါကြတော့ ကမ္ဘာမြေကြီးကို ခရမ်းလွန်ရောင်ခြည်တွေ ရောက်လာတဲ့အခါ မှာ ပိုပြီးတော့ မြန်လာတယ်။ သူ့ရဲ့ အညွှန်းကိန်းအရပြောရင် ၁၀ ဆိုရင် အန္တရာယ်ရှိတဲ့ အဆင့်၊ ရှစ် ဆိုရင်တော့ ပုံမှန်ပေါ့။ အခုဟာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတော်တော် များများဟာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းဟာ ၁၃၊ ၁၄ အထိဖြစ်နေတာ။ မြန်မာနိုင်ငံဆိုလည်း အရပ်ဒေသတိုင်းမှာ ၁၃ က အနည်းဆုံးရှိတယ်။ အဲဒီတော့ အကျိုးဆက်က ကမ္ဘာကြီး ပူနွေးလာတဲ့အတွက် အိုဇုန်းလွှာပျက်စီးတယ်။ အိုဇုန်းလွှာ ပျက်စီးတဲ့အတွက် ခရမ်းလွန်ရောင်ခြည်က ကမ္ဘာကြီးအပေါ် ပိုကျရောက်လာတယ်။ အဲဒီအတွက် အရေပြားရောဂါတွေ ဖြစ်တယ်။ နောက် တိမ်စွဲတဲ့ ရောဂါတွေဖြစ်တယ်။ အခု နောက်ဆုံး တွေ့ရှိချက် အရဆိုရင် အိပ်ချ်အိုင်ဗွီတောင် ဖြစ်တယ်လို့ ပြောတယ်။ ဒါကတော့ သေသေချာချာ မသိသေးပါဘူး။ ဒါက စာစောင်ထဲမှာပဲ တွေ့သေးတယ်။ အဆိုးဆုံးကတော့ အရွယ်လွန်တော့ အရေပြားရောဂါ၊ အရေပြား ကင်ဆာတွေဖြစ်တယ်။ တိမ်စွဲရောဂါဖြစ်တယ်။ ဒါကတော့ သေချာတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ နေပူထဲမှာ တာဝန်ထမ်းဆောင်တဲ့ ယာဉ်ထိန်းရဲတွေမှာ နေရောင်ခြည်ကာတဲ့ နေကာမျက်မှန်တွေ တရားဝင် တပ်ဆင်ခွင့်ပေးလိုက်တယ်။ နောက်ပြီးတော့ အသားနဲ့ နေရောင်ခြည်နဲ့ မထိအောင် လက်ရှည်အင်္ကျီတွေဝတ်ပြီး ကာကွယ်တယ်။ ဦးထုပ်တွေ ဆောင်းကြတယ်။ အဲဒီနည်းနဲ့ ခရမ်းလွန်ရောင်ခြည်ဘေး သက်သာအောင်လုပ်တယ်။
မေး - မြန်မာနိုင်ငံမှာ စွမ်းအင်ဘယ်နှမျိုးလောက် ထုတ်ယူရရှိနိုင်ပါသလဲ။
ဖြေ - မြန်မာနိုင်ငံမှာ စွမ်းအင်ထုတ်လုပ်နိုင်တဲ့ဟာကတော့ နံပါတ်တစ် အချက်ကတော့ ရုပ်ကြွင်းလောင်စာစွမ်းအင်ဖြစ်တဲ့ ဒီဇယ်၊ ဓာတ်ဆီ၊ သဘာဝဓာတ်ငွေ့ အဲဒါလည်း ထုတ်လို့ရတယ်။ နောက်တစ်ခုက ရေအားလျှပ်စစ်။ မြန်မာနိုင်ငံရဲ့ တော်တော်များများကတော့ ၄၂ ရာခိုင်နှုန်းမျှသော လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကိုတော့ ရေအားလျှပ်စစ်ကပဲ သုံးနေရတယ်။ ရေအားလျှပ်စစ်ရှိတယ်။ နေရောင်ခြည်စွမ်းအင်ရှိတယ်။ လေစွမ်းအင်ရှိတယ်။ နောက်ပြီးတော့ ပင်လယ်ဒီရေက စွမ်းအင်ထုတ်လို့လည်းရတယ်။ ဘူမိအပူစွမ်းအင်ကလည်း ထုတ်လို့ရတယ်။ ဘူမိအပူစွမ်းအင်ကတော့ မြန်မာနိုင်ငံမှာ သိပ်မသုံးဘူး။ ရှိလည်း နည်းပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံမှာ သုံးနိုင်တဲ့ စွမ်းအင်ကတော့ ဒီရေစွမ်းအင်ရှိတယ်။ ဘာလို့လဲဆိုတော့ ဒီရေစွမ်းအင်က စစ်တွေကနေပြီးတော့ ကော့သောင်းအထိ ပင်လယ်ကမ်းကြီးကို ပိုင်တဲ့အတွက် တစ်နေ့ကို ဒီရေအတက်အကျ နှစ်ကြိမ်ရှိတယ်။ အဲဒီနှစ်ကြိမ်မှာ ဒီရေအတက်အကျ အားကိုသုံးပြီးတော့ လျှပ်စစ်ဓာတ်ထုတ်တဲ့စက်ကို လည်စေခြင်းအားဖြင့် လျှပ်စစ်ဓာတ် ထုတ်နိုင်ပါတယ်။ သူကတော့ သဘာဝအတိုင်း ဒီရေရှိနေသမျှ ထုတ်လို့ရတယ်။ ကုန်ကျစရိတ်လည်း မရှိဘူး။ နောက်နေရောင်ခြည်စွမ်းအင်။ သူကလည်း မြန်မာနိုင်ငံမှာ ကျေးလက်တွေမှာ ပင်မဓာတ်အားလိုင်းနဲ့ ဝေးကွာတဲ့ ဒေသတွေမှာ စပြီးသုံးနေကြတယ်။ ကျေးလက်ဖွံ့ဖြိုးရေး ဆိုပြီးတော့။ အဲဒီလိုသုံးတဲ့နေရာမှာ အဓိက,ကတော့ နေရောင်ခြည်ဖမ်းတဲ့ ဆိုလာပြားရယ်။ ဆိုလာပြားကနေပြီးတော့ လျှပ်စစ်ဓာတ်အားပြောင်းတဲ့ အင်ဗာတာရယ် စတဲ့ ပစ္စည်းတွေပဲ လိုတဲ့အတွက် နေရာဒေသမရွေး သုံးနိုင်တယ်။ တရုတ်ပြည်မှာလည်းပဲ ဒါကို ကျယ်ကျယ်ပြန့်ပြန့် သုံးပါတယ်။ အိန္ဒိယမှာလည်း ထိုနည်းတူပဲ။ နေစွမ်းအင်ကို သုံးတယ်။ လေစွမ်းအင်ကို သုံးတယ်။ ဒါတွေကိုလည်း ကျောက်မီးသွေး လောင်စာနဲ့လည်း အစားထိုးပြီးတော့ လျော့သွားတဲ့စွမ်းအင်ကို အစားထိုးပြီးတော့ အားလုံး ရေတိုစီမံကိန်းတွေ ရေရှည်စီမံကိန်းတွေ ချပြီးတော့ လုပ်နေကြပြီ။ ထင်ထင်ရှားရှား ဥပမာကတော့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလထဲမှာ အေပတ် ညီလာခံကြီး လုပ်မယ်ဆိုပြီးတော့ တရုတ်ပြည်မှာ ကြေညာတဲ့အခါမှာ တရုတ်ပြည်ရဲ့ လေထုက အင်မတန်ညစ်ညမ်းတယ်။ ကာဗွန်တွေကြောင့်။ အဲဒီ ကာဗွန်တွေကြောင့် ကျောက်မီးသွေးစက်ရုံ ၅၀၀၀ ကို တစ်ခါ တည်း ပိတ်ပစ်လိုက်တယ်။ နောက် ၅ ဒသမ ၅ သန်းလောက်ရှိတဲ့ မီးခိုးအထွက်များတဲ့ ကားတွေကိုလည်း ဖျက်ဆီးပစ်လိုက်တယ်။ အဲဒီတော့ ဒါကို ဒီလိုနည်းနဲ့ လုပ်ပြီးလို့ရှိရင် ဘယ်နည်းနဲ့ ပြန်လည်ဖြည့်သွင်းလဲဆိုတော့ နေစွမ်းအင်နဲ့ လေစွမ်းအင်ကိုသုံးပြီးတော့ သူတို့က လိုအပ်တဲ့ လျှပ်စစ်ဓာတ်ကို ပြန်ဖြည့် ဖို့ ကြိုးစားတယ်။ လုပ်လည်းလုပ်တယ်။ အခု ဆိုရင် လေစွမ်းအင်၊ နေစွမ်းအင်နဲ့ ပတ်သက် လို့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နဲ့ ပတ်သက်လာရင် ဂျပန်နိုင်ငံကိုတောင် ကျော်လွန်ပြီးတော့ တရုတ်နိုင်ငံက အာရှမှာ ထိပ်တန်းနိုင်ငံ တစ်ခုအဖြစ် ဦးဆောင်တဲ့နိုင်ငံအဖြစ် ရောက် နေပြီ။ ထိုနည်းလည်းကောင်း အတူတူပဲ။ အိန္ဒိယလည်း ပြောင်းနေပြီ။ သူတို့က နျူကလီးယား စွမ်းအင်ကိုသုံးတယ်။ နေရောင်ခြည်စွမ်းအင်ကို သုံးဖို့အတွက်လည်း လိုအပ်တဲ့ ရန်ပုံငွေတွေကိုလည်း ကမ္ဘာ့ဘဏ်ကနေ ထုတ်ချေးပြီးတော့ သုံးနေတာရှိပါတယ်။ အဲဒီတော့ တစ်ဆက်တည်း ဆက်ပြီးစဉ်းစားမယ် ဆိုလို့ရှိရင်တော့ ယိုးဒယားမှာလည်း ထို့အတူပဲ။ ထိုင်းနိုင်ငံမှာလည်း ကျောက်မီးသွေးကို ပိတ်ပစ်လိုက်တာများတယ်။ တော်တော်များများ ပိတ်ပစ်လိုက်ရပြီ။
မေး - ကျောက်မီးသွေးစွမ်းအင်ရဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှု ဘယ်လောက်ထိ ရှိတယ်ဆိုတဲ့ အကြောင်းလည်း သိပါရစေ။
ဖြေ - ကျောက်မီးသွေးကတော့ ထုံးစံအတိုင်းပဲ မီးလောင်ပြီဆိုရင် ကမ္ဘာကြီးနဲ့ လူသားတွေ သဘာဝပတ်ဝန်းကျင်တွေအပေါ် ဆိုးကျိုးသက်ရောက်မှုကတော့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ သိပြီးသားဖြစ်ပါတယ်။ ယေဘုယျ ပြောမယ်ဆိုရင် ကျောက်မီးသွေးက ပစ္စည်း ၁၃ မျိုးထွက်တယ်။ သူက မီးလောင်ပြီးရင် အပူစွမ်းအင်ထုတ်ပေးတယ်။ အပူစွမ်းအင် ထုတ်ပေးပြီးတာနဲ့တစ်ပြိုင်နက် အငွေ့အဖြစ် နဲ့ သဘာဝပတ်ဝန်းကျင်အပေါ်ကို ပြောင်းလဲ ပြီးတော့ သက်ရောက်သွားတယ်။ အဲဒါတွေက ကာဗွန်ဒိုင်အောက်ဆိုက်တို့၊ ကာဗွန်မို နောက်ဆိုက်တို့၊ နိုင်ထရိုဂျင်အောက်ဆိုက်တို့၊ ဆာဖာဒိုင်အောက်ဆိုက်တို့၊ နိုက်ထရတ် အောက်ဆိုက်တို့ နောက်ပြီးတော့ အာဆင်း နစ်ခေါ်တဲ့ အဆိပ်ဓာတ်ငွေ့တွေ၊ ပြဒါးတွေ နောက်ပြီးတော့ ယူရေနီယမ်လည်း နည်းနည်းပါးပါးထွက်တယ်။ အဲဒီလိုဟာတွေ ထွက်တဲ့အခါကျ အဲဒါတွေအကုန်လုံးက သဘာ၀ ပတ်ဝန်းကျင်ကို အသွင်သဏ္ဌာန် အမျိုးမျိုးနဲ့ သွား ပြီးတော့ သက်ရောက်တယ်။ ပြောင်းလဲသွားတယ်။ အထူးသဖြင့်တော့ ဆာလဖာဒိုင်အောက် ဆိုက်ထွက်တဲ့အတွက် ဆာလဖာဒိုင်အောက်ဆိုက်က ဆာလဖျူရစ်အက်စစ်အဖြစ်နဲ့ ကမ္ဘာကြီးပေါ်မှာ ရွာစေတယ်။ သဘာဝပတ်ဝန်းကျင်မှာ လူတွေက အောက်ဆီဂျင်ကို ရှူပြီးတော့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ကို ထုတ်တယ်။ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်က တို့လူအတွက် မလိုအပ်တဲ့ ပစ္စည်း။ အသက်ရှူလမ်းကြောင်းအတွက်၊ ကျန်းမာရေးအတွက် မလိုအပ်တဲ့ပစ္စည်း။ အဲဒီပစ္စည်းတွေ လေထုထဲကို ရောက်လာပြီဆိုရင် အဓိကကတော့ ဘာဖြစ်လဲဆိုရင် လူရဲ့ကျန်းမာရေးကို ထိခိုက်မယ်။ သွေးနဲ့ဆိုင်တဲ့ ရောဂါတွေ နောက်တစ်ခုက ကိုယ်လက်အင်္ဂါတွေပေါ်မှာ အကျိုးသက်ရောက်မှုတွေရှိတယ်။ ခဲဓာတ်ငွေ့တွေ ထွက်တယ်။ ခဲဓာတ်ငွေ့ကလည်း သွေးနဲ့ဆိုင်တဲ့ ရောဂါတွေဖြစ်တယ်။ ဆာလဖာကြတော့ ရှူမိပြီဆိုရင် ရာခိုင်နှုန်း ၈၀ က အဆုတ်ထဲကို ရောက်သွားမယ်။ အသက်ရှူ လမ်းကြောင်းမှာ သက်ရောက်ပြီးတော့ လူကိုကင်ဆာတွေ အစ အားလုံးသော ရောဂါအမျိုးမျိုး ဖြစ်နိုင်တယ်။ အထူးသဖြင့် ဦးနှောက်ထဲ ရောက်သွားတဲ့ ဟာတွေကလည်း ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို ထိခိုက်စေတယ်။ အဆိုးဆုံးကတော့ ခဲ၊ ဆာလဖာဒိုင်အောက်ဆိုက်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်။ ကာဗွန်ဒိုင်အောက်ဆိုက်က လေထဲရောက်သွားလို့ရှိရင် လေထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက် များတာနဲ့အမျှ တဖြည်းဖြည်းနဲ့ လူရဲ့ကျန်းမာရေးကို အများကြီး ထိခိုက်နိုင်တယ်။ အဲဒါကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ကို ဘယ်လိုနည်းနဲ့ ချေဖျက်မလဲဆိုရင် အကောင်းဆုံးကတော့ သဘာဝကြီးက ဖန်တီးထားတဲ့ အတိုင်းပဲ အစိမ်းရောင်ရှိတဲ့ သစ်ပင်တွေကနေပြီးတော့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ကို စုပ်ယူတယ်။ အဲဒီလို သစ်ပင်တွေ များများရှိရင်တော့ ကာဗွန်ဒိုင်အောက်ဆိုက် လေထဲသက်ရောက်မှု သက်သာသွားတယ်။ သို့သော် လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားအရ သိကြတဲ့အတိုင်းဘဲ။ သစ်ပင်သစ်တောတွေ ပြုန်းတီးတာ များနေတဲ့ အခါကျတော့ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်နိုင်တဲ့ အရည်အသွေးက ကျဆင်းနေတယ်။ နိုင်ငံတိုင်းလိုလိုမှာလည်း ကျဆင်းနေတယ်။ ဒါကြောင့် ကာဗွန်အောက်ဆိုက် လျော့နည်းအောင် အသုံးပြုတဲ့ ကိစ္စတွေကို လျှော့ချနေရတယ်။
မေး - မြန်မာနိုင်ငံမှာ လည်ပတ်နေတဲ့ ကျောက်မီးသွေးစက်ရုံ ဘယ်လောက်ရှိပါသလဲ။ နောက်ထပ် ဘယ်လောက် ထပ်ဆောက်မယ်လို့ သိထားပါသလဲခင်ဗျ။
ဖြေ - အရင်တုန်းကတော့ ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းကတော့ ၁၁ ခုအထိ လက်မှတ်ထိုးထားခဲ့တာရှိတယ်။ ဒါပေမဲ့ ခုနောက်ပိုင်း အန်အယ်ဒီအစိုးရ တက်ပြီးတဲ့နောက်ပိုင်း ဆက်လက်ပြီး အကောင်အထည်ဖော်တာ သိပ်မရှိဘူး။ ပျက်သွားပြီလို့ တိတိကျကျ ကြေညာနိုင်တဲ့ ဧရာဝတီတိုင်းက ငရုတ်ကောင်းရယ်။ မွန်ပြည်နယ် ရေးမြို့နားက အန်ဒင်ရယ်၊ အဲဒီနှစ်ခုကတော့ ဖျက်ပြီးပြီလို့ တိတိကျကျ ကြေညာပြီးပြီ။ ကျန်တဲ့ဟာတွေကတော့ ဖျက်သိမ်းတယ်လို့ မကြေညာသေးဘူး။ လက်ရှိလည်ပတ် နေတာကတော့ တီကျစ်ရယ်၊ ကော့သောင်းရယ်။ ကော့သောင်းက နိုင်ငံပိုင်မဟုတ်ဘူး ပုဂ္ဂလိကပိုင်၊ တီကျစ်ကလည်း နိုင်ငံတော်နဲ့ ဖက်စပ်လုပ်ထားတာပဲ။
မေး - ကျောက်မီးသွေးနဲ့ ပတ်သက်ပြီး သီးသန့်ဥပဒေ နည်းဥပဒေကရော မရှိသေးဘူးလို့ သိရပါတယ်။ အဲဒါလည်း ရှင်းပြပေးပါဦးခင်ဗျ။
ဖြေ - ဥပဒေ နည်းဥပဒေကတော့ မြန်မာနိုင်ငံမှာ ကျောက်မီးသွေး တူးဖော်တဲ့ နည်းစဉ်တွေရှိတယ်။ သတ္တုတူးဖော်တဲ့ နည်းစဉ်တွေရှိတယ်။ ကျောက်မီးသွေးက အင်မတန် အန္တရာယ်များပြီးတော့ မတော်တဆ ဖြစ်နိုင်ခြေများတဲ့အတွက် နိုင်ငံတိုင်း နိုင်ငံတိုင်း လိုလိုမှာ သူ့ကို သီးခြားပညာရပ် တစ်ခုအနေနဲ့ ကျောက်မီးသွေး တူးဖော်ရေး အင်ဂျင်နီယာ ဘာသာရပ်အနေနဲ့ သီးခြားသင်ပေးရတယ်။ သတ္တုနဲ့ ပတ်သက်ပြီး နှစ်ခုခွဲထားတယ်။ နှစ်ခုခွဲထားတဲ့ အလျောက်လည်း သူ့ရဲ့လုပ်ထုံးလုပ်နည်း နဲ့ ဥပဒေကလည်း နိုင်ငံတိုင်းလိုလိုမှာ သီးခြားစီထားတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ကျောက်မီးသွေးတွင်းက နိုင်ငံတော်ပိုင်ဆိုလို့ အဲဒီအချိန်တုန်းက ကလေးဝကျောက် မီးသွေးတွင်း တစ်ခုတည်းရှိခဲ့တဲ့အခါကျတော့ သိပ်ပြီးတော့မှ မရှိခဲ့ဘူး။ ရှိကို မရှိဘူးပေါ့။ ကျောက်မီးသွေးကို နဂိုမူလသတ္တုဥပဒေထဲမှာပဲ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်ရမယ်ဆိုတဲ့ ဟာလောက်ပဲ သဘာ၀ ပတ်ဝန်းကျင် မထိခိုက်အောင်ဆိုတာလောက် ပဲရှိတယ်။ သီးခြားဥပဒေအနေနဲ့ မရှိဘူး။ အဲဒါကြောင့် ကျွန်တော်တို့က ကျောက်မီး သွေးအပေါ်မှာ အခြေခံမယ့်အသံတွေက လည်း ကြားလာရတဲ့အတွက် အခုကျောက်မီး သွေးတူးဖော်မှုတွေလည်း တော်တော်များလာပြီ။ များပြားလာတဲ့အလျောက် မတော်တဆ ထိခိုက်မှုတွေကလည်း များလာတယ်။ ထိခိုက်မှုမှာ လုပ်ငန်းထိခိုက်မှုရှိသလို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလည်း များတယ်။ ကျောက်မီးသွေး တူးဖော်မှုလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေရှိတယ်။ မကြာသေးမီကာလက ထိခိုက်မှုအနေနဲ့ နီကယ်စက်ရုံနားက ကျောက်မီးသွေးတွေကို စည်းကမ်းမရှိ စွန့်ပစ်မှုတွေအတွက် ဒါက စည်းကမ်းမရှိ စွန့်ပစ်တယ် ဆိုတာကလည်း ဥပဒေကြောင်းအရ စည်းကမ်းထိန်းသိမ်း အပိုင်းမှာ အားနည်းတာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက လုပ်ငန်းရှင်တွေက စည်းကမ်းလိုက်နာမှု အားနည်းလို့ ဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ကျောက်မီးသွေးမှုန်တွေက ဟင်္သာချောင်းတွေကို ချတယ်။ ဟင်္သာချောင်းက ဘယ်သွားလဲ ဧရာဝတီမြစ်ထဲကို သွားတယ်။ တစ်ဖက်ကကြည့်ရင်လည်း အရေးတကြီး ထိန်းသိမ်းရမယ့် ဧရာဝတီလင်းပိုင်တွေက အဲဒီဒေသမှာ အများဆုံး နေထိုင်ကြတယ်။ အခုဆိုရင်လည်း ဧရာဝတီလင်းပိုင် အရေအတွက်က အတော်လေးနည်းနေပြီ။ အဲဒီတော့ ဧရာဝတီမြစ်ထဲကို စီးဆင်းတဲ့ဟာတွေမှာ ကျောက်မီးသွေးအမှုန့်တွေ ပါဝင်တဲ့အတွက် အဆိပ်အတောက် ဖြစ်စေတဲ့အတွက် သတ္တဝါတွေကိုလည်း များစွာထိခိုက်စေတယ်။ ပြီးတော့ အဲဒီချောင်းထဲက သောက်မိတဲ့ ကျွဲတွေ၊ နွားတွေ ဗိုက်ကြီးတွေဖောင်းပြီး သေတယ်။ အဲဒီလို အလားတူကိစ္စ တွေလည်း ဖြစ်ခဲ့ဖူးလို့ရတယ်။ အဲဒါကြောင့် သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် ကျောက်မီးသွေးကို သေသေချာချာထိန်းသိမ်း သင့်တယ်လို့ တွေးမိတယ်။ နောက်တစ်ခုက ဒီဇင်ဘာ ၇ ရက်လောက်မှာ ရွှေစက်တော်နား က ကုမ္ပဏီတစ်ခုရဲ့ မြေအောက်ကျောက်မီး သွေးတွင်းမှာ ပေ ၆၀၀ လောက်နက်တဲ့ အလုပ် လုပ်နေတဲ့နေရာမှာ တရုတ်နိုင်ငံသား အပါအဝင် ဒေသခံအလုပ်သမား ရှစ်ယောက်လောက် မတော်တဆဖြစ်ပြီးတော့ ကျောက်မီးသွေးတွင်းထဲမှာ သေဆုံးခဲ့တာ ဖြစ်ခဲ့တယ်။ အဲဒီလိုဖြစ်တဲ့အတွက် ဒါတော့ ကျောက်မီး သွေးနဲ့ပတ်သက်လို့ သီးခြားဥပဒေ၊ နည်း ဥပဒေပြဋ္ဌာန်းမှ ဖြစ်တော့မယ်။ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာလည်း ကျောက်မီးသွေးနဲ့ပတ်သက်လို့ သီးခြားဥပဒေပြဋ္ဌာန်း ပြီးတော့ စနစ်တကျ လုပ်ကိုင်နေတာ ရှိပါတယ်။ သီးခြားကျောက်မီးသွေး မိုင်အင်စရက်ချာတွေလည်း ခန့်ထားတယ်။ ထို့နည်းအတူလည်း ဂျပန်မှာ ဆိုရင်လည်း ကျောက်မီးသွေးနဲ့ ပတ်သက်လို့ အန္တရာယ်မရှိအောင် လုပ်တယ်။ လူဦးရေများတဲ့ တရုတ်မှာ ဆိုရင်လည်း ကျောက်မီးသွေးနဲ့ ပတ်သက်လို့ မကြာ မကြာ မတော်တဆ ဖြစ်နေတာ တွေ့ရတယ်။ ဖြစ်လိုက်ရင်လည်း သေဆုံးမှုတွေ ပါနေတာတွေက များတယ်။ အပြင်းအထန် သေဆုံးမှုနဲ့ သေဆုံးမှု ဒီနှစ်ခုပဲရှိတယ်။ အဲဒီတော့ ကျောက်မီးသွေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာလည်း အလားအလာ ရှိနေတယ်။ တနင်္သာရီတိုင်းမှာလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တစ်ခုနဲ့ လုပ်နေတဲ့နေရာမှာ မီးလောင်မှုတွေ၊ အနံ့အသက်ရှူမိတဲ့ ပြည်သူလူထုက အမြဲတမ်း Complain တက်တာတွေရှိတဲ့ အတွက်ကြောင့် တိုင်းဒေသကြီး အစိုးရအနေနဲ့က ပြင်ဆင်မှု ထုတ်ရမယ်။ ဒါကို ဖြစ်ခါမှလိုက်ပြီး ပြင်ဆင်နေမယ့်အစားကို နဂိုကတည်းက တိတိကျကျ စည်းကမ်းဥပဒေ သတ်မှတ်ပြီး လုပ်မယ်ဆိုရင် သက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရမယ့် အာဏာပိုင်တွေက သော်လည်းကောင်း၊ သတ္တုတွင်းဝန်ကြီးဌာန အပါအဝင် သတ္တုတွင်း ဝန်ကြီးဌာနက တာဝန်ရှိသူလည်း လက်ကိုင်ပြုနိုင်မယ့် ဥပဒေရှိမယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာရင်လည်း ဒီဥပဒေ ဒီစည်းမျဉ်းတွေ ရှိတဲ့အတွက် ကျွန်တော်တို့က တိတိကျကျ စာချုပ်ထဲမှာ ထည့်ပြီးတော့မှ စာချုပ်ချုပ်လို့ရမယ်။