လက်ရှိအချိန်မှာ ရန်ကုန်မြို့နေ အခြေခံပြည်သူတွေဟာ ငွေအကြွေရှားပါးမှုဒဏ်ကို ခံစားနေကြရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်က ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ငွေအကြွေရှားပါးမှုနဲ့ ပတ်သက်လို့ မေးခွန်းမေးမြန်းရတဲ့အထိ သက်ရောက်မှုက ကြီးမားခဲ့ပါတယ်။ ဒီမေးခွန်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြန်လည်ဖြေဆိုရာမှာ သြဂုတ်လနဲ့ စက်တင်ဘာလတွေမှာ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပင်စင်စားတွေရဲ့ လစာတွေမှာ ငွေကျပ် ၅၀ တန်၊ ၁၀၀ တန်နဲ့ ၂၀၀ တန်တွေကို ထည့်သွင်းပေးခဲ့တယ်လို့ ဖြေကြားခဲ့ပါတယ်။ ဒီလို ငွေအကြွေရှားပါးမှု ဖြစ်လာတာဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်က ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဝန်ဆောင်မှုပေးနေတဲ့ YBS ယာဉ်တွေမှာ ငွေထည့်ပုံးတွေ စတင်အသုံးပြုရာက ဖြစ်လာတာဖြစ်ပါတယ်။ ဒီလို ပြည်သူတွေကြားမှာ ငွေအကြွေရှားပါးမှုပြဿနာကို ပြေလည်စေဖို့ တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေတဲ့ YBS အများပိုင်ယာဉ်လိုင်းကုမ္ပဏီတစ်ခု ရှိပါတယ်။ အဲဒီ ကုမ္ပဏီကတော့ YUPT အများပိုင်ယာဉ်လိုင်းကုမ္ပဏီပဲ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ YUPT အများပိုင်ယာဉ်လိုင်းကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးကိုကိုနိုင်နဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေထဲက အချို့ကို ကောက်နုတ် ဖော်ပြလိုက်ရပါတယ်။
‘ကျွန်တော်တို့အတွက် ဆုံးရှုံးမှုတွေပဲရှိတယ်။ ပထမဆုံး ဆုံးရှုံးတာက လျှောက်လွှာစာရွက်ဖိုး ဆုံးရှုံးတယ်။ ဒုတိယဆုံးရှုံးတာက လာလဲတဲ့အခါမှာ ငွေအတုတွေ ပါလာတယ်။ တတိယ ဆုံးရှုံးတာကတော့ အပြောခံရတယ်’
■ မေး - လက်ရှိပြည်သူတွေကြားမှာ ငွေအကြွေပြဿနာက အရမ်းအခက်အခဲ ဖြစ်နေပါတယ်။ ဒီဟာနဲ့ပတ်သက်လို့ ဆရာတို့ YUPT အများပိုင်ယာဉ်လိုင်းကုမ္ပဏီအနေနဲ့ ဘယ်လိုလုပ်ဆောင်ပေးနေတာမျိုးတွေ ရှိပါသလဲ။
ဖြေ - ကျွန်တော်တို့ရဲ့ YUPT ယာဉ်လိုင်း ၂၉ လိုင်းမှာ Cash Box ပုံးကို စတပ်ဆင်ပြီး ပြေးဆွဲခဲ့ပါတယ်။ အဲဒီလို စပြေးတဲ့အချိန်မှာ ယာဉ်လိုင်း ၂၉ လိုင်းက စပယ်ယာတွေကို ငွေရေဖို့ ခန့်လိုက်ပါတယ်။ အဲဒီလိုခန့်ပြီးတဲ့အခါ ရှားပါးလာတဲ့ အကြွေတွေကို ပြန်လဲပေးမယ်ဆိုပြီး ယာဉ်လိုင်း ၂၉ လိုင်းထဲကနေ အင်အား လူအယောက် ၃၀ ကို ထုတ်လိုက်ပြီး ဆူးလေပွိုင့်မှာ သိန်း ၃၀ ဖိုးလောက်လဲ ပေးပါတယ်။ နောက်ပြီး ရွှေဂုံတိုင်မှတ်တိုင်မှာ လဲပေးတယ်။ ဗဟန်း (၃) လမ်းမှတ်တိုင်မှာ လဲပေးတယ်။ နောက်ပြီး တာမွေလမ်း လေးခွဆုံမှာ လဲပေးတယ်။ အဲဒီလို တာမွေမှာ လဲပေးတဲ့အခါမှာ တစ်နေ့ကို အကြွေ ကျပ်သိန်း ၅၀ ဖိုးလဲပေးပါတယ်။ အဲဒီလို လဲပေးတာတောင် မရဘူး။ အကြွေရဲ့ရှားပါးမှုက ပိုပြီးတော့ တဖြည်းဖြည်းနဲ့ ရှားပါးလာတဲ့ အခါကျတော့ ကျပ်သိန်း ၅၀ ဖိုးမရတဲ့အတွက် တစ်နေ့ကို ကျပ်သိန်း ၁၀၀ ဖိုး လဲပေးပါတယ်။ အဲဒီလို လဲပေးတဲ့အခါမှာ မနက်ပိုင်းကို ဒဂုံမြောက်ပိုင်း ဘုန်းကြီးကျောင်းကွေ့ကနေ မိုးကောင်းမှတ်တိုင်အထိ တစ်မှတ်တိုင်ကို လူနှစ်ယောက်ချထားပြီး တစ်ဖွဲ့ကို ငွေ အကြွေ ကျပ်တစ်သိန်းနှုန်းပေးပြီး လဲပေးပါတယ်။ ဘုန်းကြီးကျောင်းမှတ်တိုင်မှာ ခရီးသည်များတဲ့အတွက် တစ်သိန်းက မလောက်တာကြောင့် သုံးသိန်းတိုးပြီး လဲပေးပေမယ့် ကုန်တာပါပဲ။ ညနေပိုင်းကိုလည်း နောက်တစ်ဖွဲ့က စောစောက မှတ်တိုင်တွေမှာ လဲပေးပါတယ်။ အဲဒီလိုလဲပေးတဲ့အခါမှာ ဘာအခက်အခဲတွေ ဖြစ်လာလဲဆိုတော့ ပိုက်ဆံကွာတာတွေ ဖြစ်လာပါတယ်။ အဲဒီလို ပိုက်ဆံ ကွာလာတဲ့အတွက် ကျွန်တော်တို့မှာ ဆုံးရှုံးမှုတွေ စဖြစ်လာပါတယ်။ နောက်ထပ်ဆုံးရှုံးမှုကတော့ ကျပ်တစ်သောင်းတန်တွေ လာလဲတဲ့အခါမှာ အတုတွေ ပါလာပါတယ်။ ဒီလိုဆုံးရှုံးမှုတွေ များလာတဲ့အခါကျတော့ ကျွန်တော့်ဝန်ထမ်းတွေက တစ်နေ့ကို လုပ်အားခ ကျပ် ၆၀၀၀ ပဲ ရတဲ့အတွက် အဲဒီလိုမျိုးဆုံးရှုံးသွားတဲ့ ပိုက်ဆံတွေကို မစိုက်နိုင်ဘူး။ အဲဒါကို ကျွန်တော်ပဲ ဒိုင်ခံအိတ်စိုက်ပြီးတော့ ပြည်သူ့ဝန်ဆောင်မှုအနေနဲ့ လုပ်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ NGO အဖွဲ့တွေက စတင်ဆက်သွယ်လာပါတယ်။ အဲဒီလို ဆက်သွယ်လာတဲ့အတွက် အဲဒီအဖွဲ့တွေနဲ့အတူတူ ယနေ့အချိန်အထိ ငွေအကြွေလဲပေးတာကို လုပ်နေပါတယ်။ ကျွန်တော်တို့ရုံးမှာ ငွေ အကြွေလာလဲတာကို တစ်နေ့ ကျပ်သိန်း ၄၀၀ ဖိုးအထိ ကျွန်တော်တို့ လဲပေးနေပါတယ်။ အဓိက,ကတော့ ကျွန်တော်တို့ တစ်နေ့ရတဲ့ ငွေအကြွေပမာဏကိုပဲ ကျွန်တော်တို့ လဲလှယ်ပေးနေပါတယ်။ ဘာဖြစ်လို့ လဲလှယ်ပေးနေလဲဆိုတော့ ဘဏ်ကိုထည့်လိုက်ရင် ဒီအကြွေက ဘဏ်ထဲမှာပဲ အိပ်သွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့မထည့်တော့ဘူး။ အဲဒါကြောင့် ကျွန်တော်တို့ရုံးမှာ လျှောက်လွှာတင်ပြီး လာလဲနေတဲ့ အုပ်စုတွေကို တစ်နေ့ ကျပ်သိန်း ၄၀၀ ဖိုးလောက် လဲပေးလိုက်ပါတယ်။ နောက်ပိုင်း ကျွန်တော်တို့မှာလည်း အလုပ်တွေက ကျပ်လာတဲ့အတွက် အရင်လို မှတ်တိုင်အများကြီးမှာ မလဲပေးနိုင်တော့ပါဘူး။ အခုဆိုရင် စံပြဈေး၊ တာမွေ၊ ဘေလီ၊ တောင်ဥက္ကလာဘုရားနဲ့ အဝိုင်းကြီးနေရာတွေမှာ တစ်နေရာ ကျပ် ၁၀ သိန်းဖိုးနဲ့ ညနေပိုင်းမှာ လဲပေးနေပါတယ်။ ဒါပေမဲ့ အခုလောလောဆယ် နေ့စဉ်တော့ မလုပ်ပေးနိုင်တော့ပါဘူး။ ငွေရေတဲ့ဝန်ထမ်းတွေ အလုပ် စောစောပြီးရင်တော့ အဲဒီငါးနေရာမှာ လဲပေးပါတယ်။
■ မေး - ဆရာတို့ရုံးမှာ ငွေအကြွေလာလဲတဲ့အခါ ဘယ်လိုမျိုး လုပ်ဆောင်ရတယ်ဆိုတာ ရှင်းပြပေးစေချင်ပါတယ်။
ဖြေ - ကျွန်တော်တို့ရုံးမှာ ငွေအကြွေလာလဲတဲ့အခါ အရင်ဆုံး ဘယ်လောက်ဖိုးလဲချင်တယ်ဆိုတာကို လျှောက်လွှာတင်ရပါတယ်။ လျှောက်လွှာတွေကို နံနက် ၆ နာရီကနေ နံနက် ၉ နာရီခွဲအထိ ကျွန်တော်တို့ လက်ခံပါတယ်။ လက်ခံပြီးချိန်မှာတော့ ကျွန်တော်တို့က ငွေပမာဏ ဘယ်လောက်လဲမလဲဆိုတာကို စစ်ဆေးပါတယ်။ လျှောက်လွှာအရေအတွက်က ၁၀၀ ဆိုရင် ဘယ်လောက်ဖိုးလျှောက်လျှောက် လျှောက်လွှာတစ်စောင်ကို ကျပ်လေးသိန်းနှုန်းပဲ ပေးလိုက်ပါတယ်။ လျှောက်လွှာအရေအတွက် နည်းနေရင်တော့ လျှောက်ထားသူလိုချင်တဲ့ amount ကို ပေးလိုက်ပါတယ်။ ငွေဘယ်လောက်လို့တော့ မသတ်မှတ်ထားပါဘူး။ အဓိက,က ကျွန်တော်တို့ ငွေပမာဏနဲ့ လျှောက်လွှာပမာဏကို ချိန်ပြီးတော့ လျှောက်ထားသူ အကုန်လုံးရအောင် မျှဝေလဲလှယ်ပေးနေပါတယ်။ အဲဒီလို လဲပေးတဲ့အခါမှာ ငွေအတုတွေက ပါလာပါတယ်။
■ မေး - ဖောင်တင်ပြီးတဲ့အခါ ငွေလဲပေးတော့ ဘယ်အချိန်မှာ လဲပေးတယ်ဆိုတာကိုလည်း သိချင်ပါတယ်။
ဖြေ - ဖောင်ကို နံနက် ၉ နာရီခွဲမှာ စိစစ်လိုက်တယ်။ ပြီးတာနဲ့ လျှောက်လွှာပမာဏနဲ့ ငွေပမာဏအပေါ်မူတည်ပြီး တစ်စောင်ကို ဘယ်လောက်နှုန်းနဲ့ ငွေချပေးလိုက်တယ်။ အဲဒါက နံနက် ၁၀ နာရီကနေ မွန်းတည့် ၁၂ နာရီအထိပဲ လဲပေးတယ်။ အဲဒီလို လဲပေးပြီးတာနဲ့ ကျွန်တော်တို့က အဲဒီပိုက်ဆံတွေကို ဘဏ်ကို နေ့ချင်းအပ်ရတယ်။ ကျွန်တော်တို့ လက်ထဲမှာ ထားလို့မရဘူး။
■ မေး - ဒီလို ငွေလဲပေးတဲ့အခါမှာ လုပ်ငန်းလုပ်ကိုင်သူတွေကိုပဲ လဲပေးတာလားဆိုတာကိုလည်း သိချင်ပါတယ်။
ဖြေ - ပထမတုန်းကတော့ လုပ်ငန်းရှင်တွေကိုပဲ လဲပေးမယ်လို့ မှန်းထားတာပေါ့။ တကယ့် တကယ်ကျတော့ သူတို့လုပ်ငန်းတွေကိုလည်း ကျွန်တော်တို့ မစစ်နိုင်ပါဘူး။ တကယ်တော့ ပြည်သူတွေဆီကို ဘယ်လိုနည်းနဲ့ပဲရောက်ရောက် ကျွန်တော်တို့က ငွေအကြွေတွေကို ရောက်သွားစေချင်တာ။ ဒါပေမဲ့ အဲဒီမှာ ကျွန်တော်တို့ သတင်းတစ်ခုကြားရတာက ငွေရောင်းစားတဲ့ အဖွဲ့ရှိတယ်လို့ ကြားရတယ်။ ကျွန်တော်တို့ဘက်ကတော့ ငွေရောင်းစားမှုတွေ မဖြစ်အောင် အဲဒီအဖွဲ့ကိုတော့ စိစစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က စိစစ်နေပေမယ့် ရှိနေတယ်လို့တော့ သိနေရတယ်။ အဲဒီ ငွေရောင်းစားတဲ့အဖွဲ့က ကျွန်တော်တို့ဆီမှာလာလဲပြီး အပြင်မှာ တစ်သောင်းကို တစ်ထောင်လျှော့လဲပေးတာတို့ လုပ်တယ်ဆိုတာ ကြားနေရတယ်။ ပထမပိုင်းတုန်းက လုပ်ငန်းရှင်တွေကို ဦးစားပေးပေမယ့် နောက်ပိုင်းမှာ ပြည်သူတွေဆီရောက်ဖို့အတွက် အကုန်လုံးကို လဲလှယ်ပေးနေရတာတွေ ရှိပါတယ်။
■ မေး - အကြွေလဲပေးတဲ့အခါမှာ ငွေရောင်းစားသူတွေကို ဘယ်လိုမျိုးစိစစ်တာတွေ ရှိပါသလဲ။
ဖြေ - ဖောင်တွေကို စိစစ်တဲ့အခါမှာ ထူးခြားတာက တော်တော်များများက အမြဲတမ်းလာလဲကြတာကို တွေ့ရတယ်။ ခန့်မှန်းခြေ လူ အယောက် ၂၀၊ ၃၀ လောက်ကတော့ အမြဲလိုလို တွေ့နေရတာပဲ။ ဒီမျက်နှာတွေကို နေ့တိုင်းတွေ့နေရတယ်။
■ မေး - ဒီလို ငွေအကြွေတွေကို လဲလှယ်ပေးနေတဲ့အတွက် ဆရာတို့အနေနဲ့ ဘယ်လိုမျိုး အခက်အခဲတွေ ကြုံတွေ့နေရပါသလဲ။
ဖြေ - ဒီငွေအကြွေလဲပေးတာက ကျွန်တော်တို့အတွက် ဆုံးရှုံးမှုတွေပဲ ရှိတယ်။ ပထမဆုံး ဆုံးရှုံးတာက လျှောက်လွှာစာရွက်ဖိုး ဆုံးရှုံးတယ်။ ဒုတိယဆုံးရှုံးတာက လာလဲတဲ့အခါမှာ ငွေအတုတွေ ပါလာတယ်။ တတိယ ဆုံးရှုံးတာကတော့ အပြောခံရတယ်။
■ မေး - ဒီလို အကြွေရှားပါးမှုကို ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်မယ်ဆိုရင် အဆင်ပြေနိုင်မယ်လို့ ဆရာ့အနေနဲ့ မြင်ပါသလဲ။
ဖြေ - အဓိက,က နေ့စဉ်အကြွေတွေရနေတဲ့ ယာဉ်လိုင်းအားလုံးကနေ တက်ညီလက်ညီ ပြည်သူတွေကို ပြန်လဲပေးမယ်ဆိုရင် အဆင်ပြေနိုင်တယ်။ ဘာလို့လဲဆိုတော့ ရသမျှ အကြွေတွေကို အကုန်ပြန်လဲပေးလိုက်ရင် ပြည်သူတွေကြားထဲမှာ အဲဒီအကြွေတွေက လည်နေမှာပဲ။ အခုဟာက ကုမ္ပဏီတွေကနေ အဲဒီလိုမလုပ်ပေးတဲ့အခါကျတော့ အကြွေရှားပါးမှုတွေ ဖြစ်လာတာပေါ့။ အစိုးရကလည်း ဘဏ်တွေကို အကြွေတွေလဲပေးပါလို့ပဲ ညွှန်ကြားတယ်။ ဒါပေမဲ့ သူတို့က ကျွန် တော်တို့လို ဝန်ဆောင်မှုမပေးနိုင်ဘူး။ လဲချင်ရင် ဘဏ်ကိုသွားပြီးလဲမှရမယ်။ လူတော်တော်များများကလည်း အစိုးရဘဏ်ဆို မသွားချင်ကြဘူး။ နောက်ပြီး ဘဏ်မှာသွား လဲရင်လည်း အကန့်အသတ်နဲ့ပဲ လဲပေးတာတွေရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ NGO အဖွဲ့တွေကို စည်းရုံးနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကုမ္ပဏီကတော့ ဝင်လာသမျှ အကြွေတွေကို ပြန်လဲပေးတဲ့အတွက် ဘာမှမဖြစ်ပေမယ့် တခြားကုမ္ပဏီတွေဘက်က မလုပ်တဲ့အခါကျတော့ သိပ်မပြန့်ဘူးဖြစ်နေတယ်။ အားလုံးဝိုင်းလုပ်ရင်တော့ ဒီအကြွေပြဿနာက ပြေလည်လာပါလိမ့်မယ်။
■ မေး - YBS ယာဉ်တွေမှာ ကတ်စနစ်ကို အသုံးပြုမယ်ဆိုရင် ဒီအကြွေပြဿနာက ပြေလည်သွားနိုင်မလား။
ဖြေ - ကတ်စနစ်ကို အသုံးပြုမယ်ဆိုရင် ရာနှုန်းပြည့် အောင်မြင်မယ်လို့ အားလုံးက ထင်ထားကြတယ်။ ကတ်စနစ်နဲ့ ပတ်သက်လို့ ကျွန်တော် တရုတ်မှာ လေ့လာခဲ့တယ်။ ဂျပန်မှာ လေ့လာခဲ့တယ်။ လေ့လာတဲ့အခါမှာ Cash Box ကနေ ကတ်စနစ်ကို စလုပ်တဲ့အခါမှာ ၁၀ ရာခိုင်နှုန်းပဲ အသုံးပြုတယ်။ ပြောင်းပြီး ငါးနှစ်ပြည့်တဲ့အခါမှာ ရာခိုင်နှုန်း ၅၀ ပဲ အသုံးပြုကြတယ်။ ဒါကြောင့် ဒီအကြွေပြဿနာက ကတ်စနစ်ရှိလည်း ပြဿနာတက်နေဦးမှာပဲ။ အဲဒီအတွက် ငွေအကြွေရှားပါးမှုကို ဘယ်လိုလုပ်မလဲဆိုတာကတော့ ဆက်ရှိနေဦးမှာပဲ။ ကတ်စနစ်ကို လုပ်မယ်ဆိုလည်း မက်လုံးပေးရဦးမှာ။ အဲဒီလို မက်လုံးပေးလို့ရှိရင် ယာဉ်လိုင်းတွေက အရှုံးပေါ်ဦးမယ်။ ဥပမာ ပိုက်ဆံနဲ့စီရင် ၂၀၀ ပေးရမယ်။ ကဒ်နဲ့ စီးမယ်ဆို ၁၅၀ ပဲဆိုရင် အဲဒီ ၅၀ ကို ကုမ္ပဏီက အရှုံးခံရမှာဖြစ်တယ်။ အခုလည်း ၂၀၀ ဆိုပေမယ့် ၂၀၀ ထည့်တာ မဟုတ်ဘူး။ တချို့က ၁၅၀ ထည့်တာရှိတယ်။ တချို့က ၅၀ တန်နှစ်ရွက်ကို လိပ်ထည့်တာရှိတယ်။ အဲဒီတော့ တရုတ်ပြည်မှာ လေ့လာတဲ့အခါ တစ်ချက်က ဘာသွားတွေ့လည်းဆိုတော့ ယာဉ်စီးခကို စစ်သားဆို တစ်ဝက်၊ သက်ကြီးရွယ်အိုဆို တစ်ဝက်၊ ကျောင်းသားဆို တစ်ဝက် အဲဒီလိုမျိုး တစ်ဝက်နှုန်းနဲ့ပေးတယ်။ လကုန်တော့မှ အစိုးရကနေ စာရင်းအတိုင်း ပြန်ထုတ်ပေးတယ်။ ကျွန်တော်တို့ဆီမှာက ကျောင်းသားတွေကို ၁၀၀ ပဲ ယူပါလို့ ပြောပေမဲ့ ဘာမှပြန်မထုတ်ပေးဘူး။
■ မေး - အစိုးရပိုင်းအနေနဲ့ကရော ဒီအကြွေပြဿနာကို ဘယ်လိုမျိုး လုပ်ဆောင်ပေးသင့်တယ်လို့ ဆရာ့အနေနဲ့ ပြောချင်ပါသလဲ။
ဖြေ - ငွေအကြွေ ရှားပါးမှုကြောင့် အကြွေတွေကို ရိုက်ထုတ်မယ်ဆိုရင်လည်း ရှုံးလိမ့်မယ်။ အဲဒါကြောင့် လက်ရှိရှိနေတဲ့ ပြည်သူတွေကြားက ငွေအကြွေတွေကို လည်ပတ်အောင် ဘယ်လိုလုပ်မလဲဆိုကိုပဲ စဉ်းစားရမယ်။ အကြွေကိစ္စကို အစိုးရအနေနဲ့ ကတ်စနစ်လုပ်တာပဲဖြစ်ဖြစ် မလုပ်တာပဲဖြစ်ဖြစ် စီမံချက်တစ်ရပ် ချပြီးတော့မှ ပြည်သူတွေ အဆင်ပြေအောင် လုပ်သင့်တယ်။ ကုန်ဈေးနှုန်းက တက်လာတယ်။ ဘာဖြစ်လို့ တက်လာတာလဲဆိုတော့ အရင် ၁၅၀ ရောင်းတာကို အကြွေမရှိလို့ဆိုပြီး ၂၀၀ ရောင်းလိုက်တယ်။ အဲဒီလို အသေးလေးတွေ တက်လာတာနဲ့အမျှ အကြီးတွေကလည်း လိုက်တက်လာတယ်။ ကြည့်လိုက်ရင်တော့ အကြွေရှားတယ်လို့ပဲ မြင်မယ်။ တကယ်က ကုန်ဈေးနှုန်းကလည်း နောက်ကနေ လိုက်တက်နေတာရှိတယ်။ ၅၀ တန်ကနေ ၁၀၀ တန်ဖြစ်သွားတယ်။ ၁၅၀ တန်က ၂၀၀ ဖြစ်သွားတယ်။
■ မေး - ဒီအကြွေရှားပါးမှုကိစ္စကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ကနေ ဆရာတို့ဆီကို ဘယ်လိုမျိုးလုပ်ပေးဖို့ ညွှန်ကြားထားတာတွေ ရှိပါသလဲ။
ဖြေ - ဒီပြဿနာက ဘယ်ကဖြစ်လာလဲဆိုတော့ အဓိကက YRTA ရဲ့ အမိန့်ကြောင့် ဖြစ်လာတာ။ Cash Box လုပ်ရာကနေ ဖြစ်လာတာပဲ။ အလုပ်တစ်ခုကို လုပ်ပြီဆိုရင် စီမံခန့်ခွဲမှုနောက်မှာ ဘာလုပ်ပေးမလဲဆိုတာ သူတို့မစဉ်းစားခဲ့ဘူး။ မစဉ်းစားခဲ့တဲ့အတွက် ဒီပြဿနာတွေက တက်လာတာပဲ။ အဲဒါကြောင့် YRTA မှာ ရှိတဲ့ ဝန်ထမ်းတွေ ဘာလုပ်နေသလဲ။ အစိုးရအဖွဲ့မှာ လူတွေတော်တော်များများ ရှိပါတယ်။ အဲဒီလူတွေ ဘာလုပ်နေသလဲ။ အကြွေရမယ့် နည်းလမ်းတွေကို အစိုးရက စီမံချက်ချဆောင်ရွက်ရမှာ။ အခုဟာက ကျွန်တော်တို့ကိုတောင် စီမံချက်ချ ဆောင်ရွက်ဖို့ မညွှန်ကြားဘူး။ ကျွန်တော်တို့ဘာသာ လုပ်နေတာ။ တကယ့်တကယ်တော့ ညွှန်ကြားချက်လည်း ဘာမှမရှိဘူး။ YRTA က ဝန်ထမ်းတွေ မြောက်များစွာ ရှိနေတဲ့အတွက် ဒါလေးကို စီမံချက်ချပြီး ဆောင်ရွက်ခဲ့ရင် မှတ်တိုင်တိုင်းမှာ သူတို့ အကြွေလဲနေတဲ့အတွက် ယာဉ်စည်းကမ်း ထိန်းသိမ်းပြီးသားလည်း ဖြစ်သွားမယ်။ အဲဒီတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် အလုပ်ကိုလည်း လုပ်လို့ရမယ်။ ပြီးရင် အစိုးရ အနေနဲ့ကလည်း နာမည်တက်သွားမယ်။ ဒါကို သူတို့က မလုပ်တတ်ဘူး ဖြစ်နေတာ။ ကျွန်တော်တို့ YRTA ကို အားမလို အားမရဖြစ်နေတာ အဲဒါပဲ။ ဘာမှဖြစ်ဖြစ်မြောက်မြောက် ဖြစ်မလာဘူး။ ထိုင်းမှာဆို အဲဒီလိုအဖွဲ့မျိုးရှိတယ်။ ယာဉ်တိုက်မှုဖြစ်တာတောင် အဲဒီအဖွဲ့က ရှင်းတာ။ ရဲမလာဘူး။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးက အာမခံထားကြတာလေ။ လူသေတယ်ဆိုမှ ရဲကရောက်လာတာ။ ကျန်တဲ့ကိစ္စမှန်သမျှကို ထိုင်းမှာ YRTA လိုအဖွဲ့မျိုးက အကုန်ရှင်းပေးတယ်။
■ မေး - အခု မေးမြန်းခဲ့တဲ့အပေါ်မှာ ဘာများဖြည့်စွက် ပြောကြားချင်တာများ ရှိပါသေးလဲ ဆရာ။
ဖြေ - ကျွန်တော်တို့ နိုင်ငံမှာ အဓိက,က လွဲမှားနေတာကို ပြောပြမယ်။ ပညာရှင်က ပညာရှင်အလုပ်ပဲ လုပ်တတ်တယ်။ သူခေါင်းဆောင် မလုပ်တတ်ပါဘူး။ ခေါင်းဆောင်ကလည်း ခေါင်းဆောင်အလုပ်ပဲ လုပ်တတ်တယ်။ ပညာရှင်အလုပ် မလုပ်တတ်ပါဘူး။ အခု လွဲနေတဲ့ဟာက ပညာရှင်ကို ခေါင်းဆောင်တင်ထားတာဟာ အလွဲကြီးလွဲနေပါတယ်။ စနစ်တကျ စီမံမခန့်ခွဲတတ်တဲ့အတွက် လူအင်အားတွေ အများကြီးရှိရဲ့သားနဲ့ စနစ်ကျတဲ့ လုပ်ဆောင်မှုတွေ ဖြစ်မလာဘူး။ အဲဒီတော့ ကျွန်တော်တို့ နိုင်ငံမှာ အဓိက လိုအပ်နေတဲ့ ပညာရှင်ကို ပညာရှင်နေရာမှာပဲ ထားပြီးတော့ ခေါင်းဆောင်ကို ခေါင်းဆောင်နေရာမှာပဲ ထားသွားမယ်ဆိုရင် ဘယ်နေရာမှာပဲဖြစ်ဖြစ် အရွေ့ကပြောင်းလဲ တိုးတက်လာပါလိမ့်မယ်။