သရုပ်ဆောင်ရွှေမှုန်ရတီနှင့် တွေ့ဆုံခြင်း

သရုပ်ဆောင်ရွှေမှုန်ရတီနှင့် တွေ့ဆုံခြင်း
Published 24 October 2017

“မိဘကိုလုပ်ကျွေးရတာ ဘယ်လောက်ပင်ပန်းပါစေ၊ ဘယ်လောက်နေမကောင်းဖြစ်ပါစေ

မိသားစု မျက်နှာတစ်ခုတည်းနဲ့ အရာအားလုံးကို ဖြတ်ကျော်နိုင်ပါတယ်”

ကျန်းမာရေးအခြေအနေကြောင့် မကြာခဏ ဆေးကုသမှုခံယူရပြီး အချစ်ရေးအကြောင်းအရာများအား လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပရိသတ်များထံ အသိပေးလေ့ရှိသည့် သရုပ်ဆောင်ရွှေမှုန်ရတီမှာ လတ်တလောတွင် ဒါရိုက်တာညွန့်မြန်မာညီညီအောင် ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။ အမူအရာပီပြင်သည့် လူငယ်သရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်လက်ခံအားပေးမှု ရရှိထားသည့်အပြင် ပွင့်လင်းသည့် စကားပြောဆိုမှုများကြောင့်လည်း ပရိသတ် ပိုမိုစိတ်ဝင်စားမှုခံယူရသည့် မင်းသမီးငယ်တစ်ဦးလည်းဖြစ်သည်။ ကျရာဇာတ်ရုပ်တွင် ပီပြင်စွာပုံဖော်လေ့ရှိသူ သရုပ်ဆောင်ရွှေမှုန်ရတီက လတ်တလောတွင် အလုပ်အတွက်သာ ပိုမို အာရုံစိုက်ထားမည်ဖြစ်သည့်အတွက် အချစ်ရေးကိစ္စရပ်များအား ထပ်မံပြောဆိုတော့မည်မဟုတ်ကြောင်းကို ပရိသတ်များအား အသိပေးခဲ့သည့်အပြင် ပရိသတ်များ စိတ်အနှောင့်အယှက်ဖြစ်စရာများ ရှိခဲ့ပါကလည်း တောင်းပန်လိုကြောင်းကို ထည့်သွင်းပြောဆိုခဲ့သည်။ သရုပ်ဆောင်ရွှေမှုန်ရတီနှင့် မေးမြန်းဖြစ်သည့်အခိုက် လတ်တလောရိုက်ကူးမည့်ဇာတ်ကားအတွက် ပြင်ဆင်ထားမှုများ၊ အနုပညာလုပ်ငန်းများအပေါ် သဘောထားများ၊ ပရိသတ်များ စိတ်ပူပန်လျက်ရှိသည့် ကျန်းမာရေးအခြေအနေနှင့် အချစ်ရေးအခြေအနေများအား မေးမြန်းဖြစ်ခဲ့ပါသည်။

 

■ မေး     -         ဒါရိုက်တာဦးညီညီအောင် ရိုက်မယ့်ဇာတ်ကားမှာ ဘယ်လိုကာရိုက်နဲ့သရုပ်ဆောင်ရမလဲ။

ဖြေ      -         ကာရိုက်တာလေးကတော့ ထူးခြားပါတယ်ရှင့်။ ကေတီဗွီမှာ အလုပ်လုပ်တဲ့ကောင်မလေးတစ်ယောက်ပေါ့။ ဒီလိုကောင်မလေးပုံစံမျိုး သဲ တစ်ခါမှလည်း ရုပ်ရှင်ကားကြီးအနေနဲ့ မရိုက်ဖူးဘူး။ ဒရာမာကားလေးလည်း အဓိကဆိုတော့လေ။

■ မေး     -         ဒီဇာတ်ကားအတွက် သေချာလည်းပြင်ဆင်ထားတယ်ဆိုတော့ ပြင်ဆင်ထားတဲ့ အပိုင်းတွေကိုလည်း ပြောပြပါဦး။

ဖြေ      -         အဓိကတော့ အားလုံးကိုပြင်ဆင်ထားပါတယ်။ ဒီဇာတ်ကားရိုက်ဖို့ လွန်ခဲ့တဲ့တစ်လလောက်ကတည်းက ကြိုပြီးသိရတာဆိုတော့လေ။ ကြိုတင်ပြင်ဆင်ဖို့ အချိန်အများကြီးရတယ်ဆိုတော့ သေချာလည်း လုပ်ထားပါတယ်။ အခု အဆင်သင့်လည်းဖြစ်နေပါပြီ။ ဇာတ်ကောင်စရိုက်နဲ့ လိုက်ဖက်တဲ့မိတ်ကပ်၊ ဆံပင်၊ အဝတ်အစားပိုင်းတွေအားလုံးကိုလည်း ပြင်ဆင်ထားပါတယ်။

■ မေး     -         ကျန်းမာရေးအတွက် ဦးညီက စိတ်ပူတယ်လို့လည်း ပြောထားတော့ ဒီဇာတ်ရုပ်က ဘယ်လောက်ထိ နက်နဲစွာသရုပ်ဆောင်ရမယ်လို့ထင်လဲ။

ဖြေ      -         ညီမ ဘယ်အလုပ်မဆို စိတ်ပါဝင်စားစွာ အမြဲလုပ်လေ့ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကာရိုက်တာမှာလည်း ညီမအကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်လို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်တယ်။ ဦးညီခိုင်းတဲ့အပေါ်မှာလည်း သူစိတ်တိုင်းကျဖြစ်အောင် လိုက်လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တတ်နိုင်သလောက်တော့ အကောင်းဆုံးပေးဆပ်သွားမယ်လို့ စိတ်ကူးထားပါတယ်။

■ မေး     -         ဒီဇာတ်ကားက ဒရာမာဇာတ်ကားလည်းဖြစ်တော့ ပရိသတ်တွေအတွက် တိုင်တစ်ခုဖြစ်ဖို့ မျှော်လင့်လား။

ဖြေ      -         မျှော်လင့်ချက်ဆိုတာ ဘာမှမရှိပါဘူး။ ညီမ အလုပ်တစ်ခုလုပ်တယ်ဆိုရင် ပေးဆပ်ဖို့က အဓိကပါ။ စေတနာပါပါနဲ့ စိတ်ရောလူရော ခွန်အားရော အပြည့်အဝပေးပါတယ်။ အားလုံးကို နှစ်ထားပါတယ်။ အလုပ်တစ်ခုကို လုပ်တယ်ဆိုတာ မျှော်လင့်ချက်နဲ့လုပ်တာမဟုတ်ပါဘူး။ လုပ်မယ်လို့ ဆုံးဖြတ်ချက်ချပြီးရင် အကောင်းဆုံးကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ပဲ ကြိုးစားဖြစ်ခဲ့တာပါ။ ညီမ အဓိက,က ပီတိကိုပဲ လိုချင်တာပါ။ ပရိသတ်တွေ့ မြင်ချင်တဲ့ကာရိုက်တာမျိုး မြင်ခွင့်ရတယ်၊ အံဝင်ခွင်ကျဖြစ်တယ်ဆိုရင် အဲဒီပီတိကိုပဲ လိုချင်တာပါ။

■ မေး     -         မတူကွဲပြားတဲ့ကာရိုက်တာတွေနဲ့ တွေ့ခဲ့ရပြီးပြီဆိုတော့ နောက်ထပ်ဘယ်လိုကာ ရိုက်တာမျိုးတွေနဲ့ ထပ်တွေ့ခွင့်ရမလဲ။

ဖြေ      -         ကာရိုက်တာ မထပ်အောင်ကို သရုပ်ဆောင်သွားမှာပါ။ ကမ္ဘာပေါ်မှာ လူတွေ အများကြီးရှိတယ်လေ။ လူသန်းပေါင်းများစွာမှာ လူတစ်ယောက်နဲ့တစ်ယောက်က အကျင့်စရိုက်တွေလည်း မတူသလို ကာရိုက်တာတွေလည်း မတူကြပါဘူး။ လူတွေရှိနေသရွေ့ကတော့ ညီမတို့သရုပ် ဆောင်တွေအတွက် ကာရိုက်တာတွေရှိနေဦးမှာပါ။ ကာရိုက်တာပေါင်းစုံမှာ မတူကွဲပြားအောင် ဖန်တီးသွားမှာပါ။

■ မေး     -         အချစ်ရေးနဲ့ပတ်သက်လို့ ပရိသတ်တွေ စိတ်ပူနေကြတယ်နော်။

ဖြေ      -         အချစ်ရေးနဲ့ပတ်သက်ပြီး ညီမနောက်ထပ် မဖြေတော့ဘူးလို့ အသိ ပေးထားပါတယ်။ ညီမလုပ်တဲ့အလုပ်မှာ အနှောင့်အယှက်ဖြစ်တာကို မလိုလားပါဘူး။ ညီမအတွက် အလုပ်က ၁၀၀ ရာခိုင်နှုန်း အရေးပါပါတယ်။ အခုတော့လည်း အနှောင့်အယှက်မဖြစ်သေးပါဘူး။ ဘာမှလည်း မဖြစ်ဘူး။ အဆင်လည်းပြေနေတယ်။ ဒါပေမဲ့ နောက်ကျရင် ဖြစ်လာမယ်လို့ ညီမမြင်နေတယ်။ ဒါကြောင့် မဖြစ်ခင်မှာ အားလုံးကို ကြိုပြီး ကာကွယ်ထားတဲ့သဘောပါ။

■ မေး     -         အလုပ်မှာ လောဘကြီးတဲ့သူတစ်ယောက်ဖြစ်သလို ကျန်းမာရေးအတွက် ဂရုစိုက်ရမယ့် အခြေအနေရှိတော့ အချိန်တွေကို ဘယ်လို ခွဲခြားသွားမလဲ။

ဖြေ      -         ညီမ အလုပ်ကိုပိုပြီး ဦးစားပေးပါတယ်။ အလုပ်မပြီးသရွေ့ ညီမ ဆေးရုံမသွားပါဘူး။ အလုပ်တွေအားလုံးပြီးပြီ၊ တာဝန်တွေပြီးဆုံးပြီဆိုမှ အနားယူဖို့တွေ၊ ကျန်းမာရေးအတွက်တွေ စဉ်းစားပါတယ်။ အလုပ်လုပ်နေချိန်မှာ ကျန်တာ ဘာမှမစဉ်းစားပါဘူး။

■ မေး     -         ပညာရေးအတွက် အချိန်ပေးမယ်ဆိုတော့ ဒီနှစ်ဖြေဖြစ်မှာလား။

ဖြေ      -         ဒီနှစ်တော့ မဟုတ်သေးပါဘူး။ ဘယ်တော့ပြန်ဖြေမယ်ဆိုတာ အတိအကျ ပြောလို့မရသေးဘူး။ ဒီရက်ပိုင်း၊ နှစ်ပိုင်းတွေမှာ အရမ်းအလုပ်ရှုပ်နေတယ်။ အမှန်အတိုင်းပြောရရင်တော့ အလုပ်လုပ်နေရတဲ့အချိန်မှာ ပရိသတ် မျက်လုံးထဲကနေ ပျောက်မသွားချင်ဘူး။ အသက်အရွယ်အပိုင်း အခြားတစ်ခု သတ်မှတ်ထားတာတော့ ရှိပါတယ်။ အဲဒီအခါကျရင်တော့ ခဏနားတာပဲဖြစ်ဖြစ်၊ အပြီးနားတာပဲ ဖြစ်ဖြစ် လုပ်ပြီးတော့ ပညာရေး ဆုံးခန်းတိုင်အောင်လုပ်မယ်။ ပြီးရင် စီးပွားရေးဆက်လုပ်ပါမယ်။

■ မေး     -         အခုချိန်မှာ မိဘကျေးဇူးဆပ်ခွင့်ရတဲ့ သမီးတစ်ယောက်ဖြစ်ရတဲ့ ခံစားချက်ကိုလည်း ပြောပြပါဦး။

ဖြေ      -         ညီမကို ငယ်ငယ်က မေမေ ပြောခဲ့ဖူးပါတယ်။ မိဘကိုလုပ်ကျွေးတဲ့ သားသမီးဖြစ်အောင်ကြိုးစားတဲ့။ အဲဒီထဲကစပြီး ဘုရားရှိခိုးတိုင်းမှာ ဘဝအဆက်ဆက် မိဘကို လုပ်ကျွေးခွင့်ရတဲ့သားသမီးဖြစ်ရပါလို၏လို့ ဆုတောင်းပါတယ်။ မိဘကို လုပ်ကျွေးရတာ ဘယ်လောက်ပင်ပန်း ပါစေ၊ဘယ်လောက်နေမကောင်းဖြစ်ပါစေ မိသားစုမျက်နှာတစ်ခုတည်းနဲ့ အရာအားလုံးကို ဖြတ်ကျော်နိုင်ပါတယ်။

■ မေး     -         ပရိသတ်တွေကို ပြောချင်တဲ့စကားလက်ဆာင်လေးရှိရင် ပြောပေးပါဦး။

ဖြေ      -         ပရိသတ်ကြီး အခုလိုအားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ အခုရက်ပိုင်း သဲရဲ့သတင်းတွေကြောင့် စိတ်အနှောင့် အယှက်ဖြစ်သွားတယ်ဆိုရင် အားလုံးကို တောင်းပန်ပါတယ်ရှင်။ သဲ အခုလိုမဖြစ်အောင် နောက်ကို အခုထပ်ပိုပြီး အနေအထိုင် ဆင်ခြင်ပါမယ်ရှင်။ အခုလတ်တလောတော့ အရမ်းကို မျက်စိ နောက်နေပြီလို့ ထင်ပါတယ်။ အဲဒီအတွက် အရမ်းလည်း အားနာသလို တောင်းပန်ပါတယ်။

Most Read

Most Recent