
လူငယ်ဒါရိုက်တာတစ်ဦးအဖြစ် အနုပညာလောကမှာ နေရာတစ်နေရာရလာခဲ့ပြီး ဗီဒီယိုဇာတ်ကားများစွာကို ရိုက်ကူးခဲ့သလို ပရိသတ်တွေ နှစ်သက်အားပေးခဲ့ကြတဲ့ ‘ရွှေမိုး ငွေမိုး သွန်းဖြိုးလို့ရွာ’ ဆိုတဲ့ရုပ်သံဇာတ်လမ်းတွဲကိုလည်း ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာသြရသက လက်ရှိမှာ ‘မင်္ဂလာရှိတဲ့အရပ်’ လို့အမည်ပေးထားတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ပြင်ဦးလွင်မြို့မှာ ရိုက်ကူးနေသလို သူ့ရဲ့ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး အွန်လိုင်းမှာ ဇာတ်ကားရဲ့ နမူနာကြော်ငြာမှာတင် ပရိသတ်တွေစိတ်ဝင်စားမှုနဲ့ အားပေးမှုရနေတဲ့ ဇာတ်ကားလည်းဖြစ်တဲ့ ‘ကြောက် ကြောက် ကြောက်’ ရုပ်ရှင်ဇာတ်ကားကလည်း မကြာမီမှာ ရုံတင်ပြသတော့မှာဖြစ်တာကြောင့် ဒါရိုက်တာသြရသနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်၊
ဖြေ – ‘မင်္ဂလာရှိတဲ့အရပ်’ ရုပ်သံဇာတ်လမ်းတွဲက ကျွန်တော့်ရဲ့ဒုတိယမြောက် ရုပ်သံဇာတ်လမ်းတွဲလေးပါ။ ရှေ့ကဇာတ်လမ်းတွဲနဲ့ ဇာတ်လမ်းပုံစံကအစ တင်ဆက်မှုတွေမတူအောင် စီစဉ်ထားပါတယ်။ ပြင်ဦးလွင်မှာပဲ အစအဆုံး ရိုက်ကူးသွားမှာပါ။ ဒီဇာတ်ကားလေးက ကျေးလက်ကိုအခြေခံပြီး ဟာသရော ဒရမ်မာရော အချစ်ရောပါတဲ့ ဇာတ်လမ်းပုံစံလေး လုပ်ထားပါတယ်။ ပါဝင်ကြသူတွေအားလုံးက ဇာတ်လမ်းတွဲအပေါ်မှာ အကောင်းဆုံးဖြစ်အောင် သေချာကြိုးစားပြီး ရိုက်ကူးနေကြပါတယ်။
■ မေး – ကြောက် ကြောက် ကြောက် ဇာတ်ကားအတွက် ရိုက်ကူးမှုတွေမစခင် ဘယ်တွေပြင်ဆင်ဖြစ်ခဲ့လဲ။
ဖြေ – ဒီဇာတ်ကားလေးကို ဇာတ်လမ်းစရွေးပြီးတည်းက ကျွန်တော်ရယ် နေတိုးရယ် ကိုရွှေမန်းရယ် အကြိမ်ကြိမ်တွေ့ဆုံပြီး ဇာတ်လမ်းပုံစံကို တင်ဆက်မှုပုံစံအသစ်မျိုးဖြစ်အောင် ဘယ်လိုလုပ်မလဲ စဉ်းစားကြ၊ တိုင်ပင်ကြတယ်။ ဒီဇာတ်ကားမရိုက်ခင်မှာကို ကျွန်တော်နဲ့နေတိုးနဲ့က အနည်းဆုံး ၁၅ ကြိမ်လောက်ထိတွေ့ပြီး ဇာတ်ကားအတွက် လိုအပ်တာတွေကို သေချာပြင်ဆင်ကြတယ်။ ဒီဇာတ်ကားလေးကို သရဲဇာတ်ကားတစ်ကား ဟာသဇာတ်ကားတစ်ကား ဆိုတာထက်ပိုတဲ့ လေးနက်တဲ့ရသလေးရော ဇာတ်လမ်းတင်ဆက်မှုမှာလည်း မတူကွဲပြားတဲ့ ပုံစံလေးရောဖြစ်အောင် ကျွန်တော်တို့တွေအားလုံး သေချာကြိုးစား ပြင်ဆင်ခဲ့ကြတဲ့ဇာတ်ကားပါ။ နောက်ပြီးတော့ ဒီဇာတ်ကားကို မရိုက်ကူးခင်မှာတည်းက ပရိသတ်တွေဆီကို အမြန်ဆုံးတင်ဆက်နိုင်မယ့် ပြသရေးလမ်းကြောင်းသစ်တစ်ကိုပါ ထည့်သွင်းစဉ်းစားပြီး ပရိသတ်တွေဆီကို အမြန်ဆုံးပြသနိုင်ဖို့လည်း ပြင်ဆင်ခဲ့ကြတဲ့ ဇာတ်ကားပါ။
■ မေး – ကြောက် ကြောက် ကြောက် ဇာတ်ကား စတင်ရိုက်ကူးချိန်မှာရော ဘယ်လိုအခက်အခဲတွေကြုံခဲ့ရလဲ။
ဖြေ – အခက်အခဲဆိုတာကတော့ ရိုက်ကူးဖို့အတွက်နေရာ၊ အချိန်နဲ့ ရာသီဥတုအခြေအနေတွေကြောင့် နှောင့်နှေးကြန့်ကြာတာလေးတွေ ဖြစ်တာရှိတယ်။ ဇာတ်ကားရိုက်ကူးတဲ့ ညသန်းခေါင်အချိန်တွေမှာ အရမ်းကိုမြူတွေထူလာပြီး အေးလာတဲ့အတွက် ရိုက်ကွင်းခဏနားရင်း မိုးလင်းခဲ့တာတွေလည်းရှိတယ်။ ဒါပေမဲ့ဒီဇာတ်ကားကို အကောင်းဆုံးဖြစ်စေချင်တဲ့အတွက် ပါဝင်တဲ့သရုပ်ဆောင်တွေ အားလုံးကရော ဝိုင်းဝန်းပံ့ပိုးတဲ့ စက်အဖွဲ့၊ မီးအဖွဲ့၊ ဆက်တင်အဖွဲ့သားတွေ အားလုံးကရော အဲဒါတွေကို အကောင်းဆုံးကျော်ဖြတ်ပြီး ကြိုးစားရိုက်ကူးခဲ့ကြတယ်။ တချို့ညတွေဆိုတွေဆိုရင် ညသန်းခေါင်ကြီး သင်္ချိုင်းထဲမှာ ရိုက်ကူးခဲ့ရတာတွေလည်းရှိတယ်။ ချမ်းအေးတဲ့ရာသီဥတုမှာကို ညလုံးပေါက် ရိုက်ကူးရေးလုပ်ရတဲ့ ရက်တွေအများကြီးကိုလည်း အားလုံးကမညည်းမညူဘဲ အကောင်းဆုံးပါဝင်ကြိုးစားခဲ့ကြတယ်။ နေတိုးဆိုရင်လည်း ဒီဇာတ်ကားမှာ Director Of Photography ပိုင်းမှာရော သူ့ရဲ့သရုပ်ဆောင်မှုပိုင်းမှာပါ မလစ်ဟင်းရအောင် အကောင်းဆုံးကြိုးစားပေးခဲ့တယ်။
■ မေး – ရုံတင်ပြီး ပရိသတ်တွေ ကြည့်ရတော့မယ့်ဇာတ်ကားကို ကိုယ်တိုင်ပြန်ကြည့်တဲ့အခါမှာရော စိတ်တိုင်းကျဖြစ်ရဲ့လား။
ဖြေ – ဘယ်လောက်ပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြိုးစားခဲ့ ပြန်ကြည့်တဲ့အခါမှာ ထပ်ပြီးကောင်းအောင် လုပ်ချင်တဲ့စိတ်ကတော့ ဖြစ်ပါတယ်။ ဒီဇာတ်ကားအပေါ်မှာ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားခဲ့သလိုပဲ ပြန်ကြည့်တဲ့အခါမှာလည်း တော်တော်ကို စိတ်တိုင်းဖြစ်တဲ့ ဇာတ်ကားတစ်ကားပါ။ အဲဒီအတွက်လည်း ပါဝင်ကြသူတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။
■ မေး – နောက်ထပ်ရိုက်ကူးဖို့ စီစဉ်ထားတဲ့ ဇာတ်ကားတွေရှိရင်လည်း ပြောပြပေးပါဦး။
ဖြေ – နောက်ထပ်ရုပ်ရှင်ဇာတ်ကားတွေ ဆက်ရိုက်ဖို့ စီစဉ်နေတာရှိပါတယ်။ အဲဒီထဲကမှာ ထူးခြားတာတစ်ခုက ရေခဲတောင်ဘက်မှာ သွားပြီးရိုက်ကူးနိုင်ဖို့ ပြင်ဆင်နေတဲ့ ဇာတ်လမ်းတစ်ခုရှိပါတယ်။ နောက်ပြီး နေတိုးရဲ့ ဇာတ်လမ်းတစ်ခုကိုလည်း ရိုက်ကူးဖို့အတွက် ပြင်ဆင်နေပါတယ်။
■ မေး – ဒီဇာတ်ကားကို လာကြည့်မယ့် ပရိသတ်တွေအတွက် ပြောချင်တဲ့စကားရှိရင်။
ဖြေ – ဒီဇာတ်ကားလေးက ပါဝင်သူတွေအားလုံး အကောင်းဆုံး ကြိုးစားအားထုတ်မှုတစ်ခုကို ပရိသတ်တွေမြင်တွေ့ရမှာပါ။ နောက်ပြီး ကြောက်စရာကောင်းရုံ၊ ရယ်စရာကောင်းရုံတင်မဟုတ်ဘဲ သေခြင်းတရားဆိုတာက အသက်အရွယ်မရွေး အချိန်အခါမရွေး ရောက်ရှိလာနိုင်တဲ့ အရာတစ်ခုဖြစ်လို့ ကိုယ်တွေရဲ့ဘဝမှာ အရေးကြီးတာတဲ့ အသိလေးတွေလည်း ပေးနိုင်မယ့်ဇာတ်ကားတစ်ကားဖြစ်အောင် ကျွန်တော်တို့တွေကြိုးစားပြီး ဖန်တီးထားပါတယ်။ နောက်ပြီး ဇာတ်ကားတစ်ကားလုံးကို ကြည့်တဲ့ပရိသတ်တွေ စိတ်မညစ်ရအောင်၊ ဇာတ်ကားအဆုံးထိ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အကောင်းဆုံးဆွဲခေါ်နိုင်အောင် ကြိုးစားထားတာဖြစ်လို့ ပရိသတ်တွေအတွက် ကျေနပ်မှုရှိစေမယ့် ရုပ်ရှင်ဇာတ်ကားတစ်ကားလည်း ဖြစ်စေမှာပါ။
Interviewed by: စုမှူးနိုင်









