“သူများနိုင်ငံတွေမှာ တာဝန်ယူမှု တာဝန်ခံမှုရှိတယ်။ မီးပျက်ရင် လျော်ကြေးပေးတယ်။ မြန်မာပြည်မှာ မီးပျက်ရင် မပြောရဲဘူး။ ပြောရင် နောက်နေ့ထပ်ဖျက်လို့။ အဲဒီတော့ အရှိကို အရှိအတိုင်းမြင်ကြပါ . . .” စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌနှင့် ရွှေလင်ပန်းစက်မှုဇုန်ဥက္ကဋ္ဌ ဦးအေးသောင်းနှင့် တွေ့ဆုံခြင်း

“သူများနိုင်ငံတွေမှာ တာဝန်ယူမှု တာဝန်ခံမှုရှိတယ်။ မီးပျက်ရင် လျော်ကြေးပေးတယ်။ မြန်မာပြည်မှာ မီးပျက်ရင် မပြောရဲဘူး။ ပြောရင် နောက်နေ့ထပ်ဖျက်လို့။ အဲဒီတော့ အရှိကို အရှိအတိုင်းမြင်ကြပါ . . .” စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌနှင့် ရွှေလင်ပန်းစက်မှုဇုန်ဥက္ကဋ္ဌ ဦးအေးသောင်းနှင့် တွေ့ဆုံခြင်း
Published 8 October 2017

ရန်ကုန်မြို့တွင် စက်မှုဇုန် ၂၉ ဇုန်ရှိပြီး သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နေကြသည် ဆိုသော်လည်း အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသည်။ ထို့ပြင် အစိုးရသစ်လက်ထက် အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံမှုကြောင့် ရုန်းကန်နေရသည့် ပြည်တွင်းလုပ်ငန်းရှင်များအား စိန်ခေါ်မှုများစွာ ရှိလာသည့်အပေါ် ရွှေလင်ပန်းစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအေးသောင်းနှင့် တွေ့ဆုံမေးမြန်း ထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

မေး - ရန်ကုန်မြို့မှာ စက်မှုဇုန် ၂၉ ဇုန်ရှိတယ်လို့ သိရပါတယ်။ အဲဒီ စက်မှုဇုန်တွေရဲ့ ထုတ်လုပ်မှုအခြေအနေနဲ့ ဘယ်စက်မှုဇုန်က အဖွံ့ဖြိုးဆုံးလဲ ဆိုတာကစပြီး ပြောပြပေးပါ။

ဖြေ - လက်ရှိမှာ ဖွံ့ဖြိုးနေတာကတော့ ရန်ကုန်မြို့ရဲ့ လှိုင်သာယာဇုန် (၁) ကနေ (၆) အထိရှိတယ်။ ရွှေ လင်ပန်း၊ ရွှေသံလွင်၊ မြစိမ်းရောင်၊ အနော်ရထာ။ လှိုင်သာယာဘက် အခြမ်းကတော့ အဖွံ့ဖြိုးဆုံးနေရာလို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေးဇုန်ဖြစ်တဲ့ ဘုရင့်နောင်နဲ့နီးတဲ့ စက်မှုဇုန်တွေက ဖွံ့ဖြိုး လာတယ်။ စီးပွားရေး ဖွံ့ဖြိုးတဲ့နေရာနဲ့ အနီးဆုံးမှာရှိတဲ့ စက်မှုဇုန်တွေသည် စက်မှုလုပ်ငန်း ပိုဖွံ့ဖြိုးတယ်။ ဘာလို့လဲဆိုတော့ သယ်ယူပို့ဆောင်ရေးနီးတဲ့အခါ လူတွေက အဝေးကြီး သွားစရာမလိုဘဲ ဒီမှာစီးပွားရေး လုပ်တယ်။ ဒီစက်မှုဇုန်မှာ ထုတ်လုပ်ရေးတွေလုပ်တယ်။ ဒီစက်မှုဇုန်မှာ SemiProducts တွေ ထုတ်ပြီးတော့ နိုင်ငံခြားကို တင်ပို့တဲ့အခါကျတော့ ပိုမြန်တာပေါ့။ အဲဒါကြောင့် လှိုင်သာယာစက်မှုဇုန်က မြန်မာပြည်ရဲ့ ပြယုဂ်တစ်ခုလို ဖြစ်နေတယ်။ ရန် ကုန်မြို့ရဲ့ ပြယုဂ်ဖြစ်နေတယ်။ ကျန် တဲ့ဇုန်တွေ မစည်ဘူးမဟုတ်ဘူး။ စည်တယ်။ အချို့အပိုင်းတွေပေါ့။ ပြီးရင် ရွှေပြည်သာစည်တယ်။ ရွှေပြည်သာကိုအကြောင်းပြုပြီး သာဓု ကန်စည်လာတယ်။ သာဓုကန်ကနေ အခု ဝါးတစ်ရာနည်းနည်းပိုစည်လာ ပြီ။ ဒဂုံအရှေ့၊ တောင်ဒဂုံ၊ ဒဂုံဆိပ် ကမ်းတို့လည်း စည်ပါတယ်။ အစည်ဆုံးကတော့ တောင်ဥက္ကလာစက်မှုဇုန်၊ သာကေတစက်မှုဇုန်တွေလည်း စည်ပါတယ်။ သူတို့ကျတော့ မြို့ထဲရောက်သွားတာပေါ့။ သူတို့ ဇုန်တွေက ထုတ်လုပ်ရေးထက်စာရင် ဖြန့်ချိရေး ပေါ့။ ဂိုဒေါင်တွေလုပ်ပြီးတော့ ဖြန့် တဲ့အခါကျတော့ နီးသွားတာပေါ့။သူတို့ဆီမှာ ထုတ်လုပ်ရေးတွေ နည်း တယ်။ ရှိတော့ရှိတယ်။ အနည်း အကျဉ်းပဲ။ ထုတ်လုပ်ရေးနဲ့ ပတ် သက်ရင်လှိုင်သာယာမှာအများဆုံး ရှိပါတယ်။ ထုတ်လုပ်ရေးအတွက် အားအကောင်းဆုံးဇုန်က လှိုင်သာယာ၊ ဒုတိယလိုက်တာက ရွှေပြည်သာ၊ ကျန်တာကတော့ သူ့အဆင့်နဲ့သူပေါ့။ အလုပ်အကိုင်အခွင့်အလမ်း အပေးနိုင်ဆုံးကလည်း လှိုင်သာယာပဲ။ လှိုင်သာယာမြို့နယ်က ဧရာဝတီတိုင်းရဲ့ ဝင်ပေါက်လိုဖြစ်နေတယ်။ ဘေးမှာ ထန်းတပင်မြို့နယ် ရှိတယ်။ မြေလွတ်မြေရိုင်းတွေ အရမ်းများတဲ့ အခါကျတော့ ရွာတွေမှာ လူတွေက ပေါပေါလောလောနဲ့ နေနိုင်တဲ့အခါ ကျတော့နေရင်းနဲ့ လူသားအရင်းအမြစ်ကို အခြေခံတဲ့ လုပ်ငန်းတော်တော်များများ၊ ဥပမာ အထည်ချုပ်၊ ဖိနပ်ချုပ်စသဖြင့် လူနဲ့လုပ်ရတဲ့ အလုပ်တော်တော်များများ မှန်သမျှ လှိုင်သာယာမှာ ပိုပြီးဖွံ့ဖြိုးလာတယ်။ အဲဒါအပြင် စားသောက်ကုန်တွေ ထုတ်တဲ့လုပ်ငန်းတွေကလည်း လှိုင်သာယာမှာ ဖွံ့ဖြိုးတယ်။

မေး - စက်မှုဇုန်မှာ လျှပ်စစ်မီးပုံမှန် မရတာ၊ ဆိပ်ကမ်းမှာ ကုန်တင်ကုန်ချ ခက်ခဲလာတာအပြင် တခြားဘာအ ခက်အခဲတွေများ ကြုံတွေ့နေရပါသလဲ။

ဖြေ - လုပ်ငန်းအများစုပေါ့။ ဥပမာ အထည်ချုပ်လုပ်ငန်းတွေဆိုရင် စက်ရုံတွေမှာ မီးမလာတာ၊ မီးစက်နဲ့ မောင်းရတဲ့ကိစ္စ၊ ပိတ်ရက်တွေများတဲ့ ကိစ္စတွေပေါ်မှာ မူတည်ပြီးတော့ အော်ဒါတွေက အလျင်စလိုတွေ ဖြစ်တယ်။ အခက်ခဲဆုံးက Transportation ကိစ္စ။ ဆိပ်ကမ်းမှာတင်ရတဲ့ကိစ္စ။ လူကြီးတွေက စေတနာနဲ့ မြန်အောင်ဆိုပြီး အွန်လိုင်းလုပ် လိုက်တယ်။ ကျွန်တော်တို့လည်း ပျော်တယ်။ တစ်ရက်၊ နှစ်ရက်တော့ အိုကေတယ်။ လေး၊ ငါးရက်လည်း ကြာရော အွန်လိုင်းပျက်တာနဲ့ လူနဲ့လုပ်တာထက် ပိုကြာသွားတယ်။ ပိုက်ဆံက ပိုကုန်တယ်။ ဒါတွေကလည်း ပြင်ဖို့လိုတယ်။ နိုင်ငံတကာမှာ ခလုတ်တစ်ချက်နှိပ်ရင် အဆင်ပြေနေတဲ့ ကိစ္စကို ကျွန်တော်တို့ မြန်မာပြည်မှာ ပိုခက်နေတဲ့ ကိစ္စတွေကလည်း ဒါဟာပြင်ရမယ်လို့ ကျွန်တော်မြင်ပါတယ်။ ဆိပ်ကမ်းရော၊ ကုန်သွယ်ရေးရော၊ အကောက်ခွန်ရော၊ စစ်ဆေးရေးအဖွဲ့တွေရော၊ သယ်ယူပို့ဆောင်ရေးရောပဲ။ ဘာလု့ိလဲဆိုရင် အာဆီယံ စံချိန်စံညွှန်းမီအောင်ဆိုပြီး ကျွန်တော်တို့ကို ကွန်တင်နာတွေ ကန့်သတ်လိုက်တယ်။ မကန့်သတ်နဲ့ မပြောပါဘူး။ ခေတ်မီတာ ကျွန်တော်တို့လည်း ကြိုက်ပါတယ်။ လူတိုင်းလည်းကြိုက်ပါတယ်။ ဒါပေမဲ့  ပြောင်းတဲ့လူရော လုပ်ပေးတဲ့လူရော ခေတ်မီပြီလား။ သူများနိုင်ငံလို ရော လမ်း၊ တံတားတွေကောင်းအောင် လုပ်ပေးပြီးပြီလား။ ဝန်ဆောင်မှု တွေရော ကောင်းပြီလား။ နှစ်ဖက် ကြည့်ဖို့တော့ လိုတာပေါ့။ တစ်ဖက်တည်းကြည့်ပြီး မင်းတို့ ဒါလုပ်ရမယ်ဆိုပြီး လုပ်တာကတော့ တစ်ခါတလေမှာ အခက်အခဲအရမ်းတွေ့ တယ်။ လုပ်ငန်းရှင် အတွက်ပေါ့။ အခုဆိုရင် ကွန်တိန်နာလာဖို့အ တွက် မနက် ၆ နာရီမှ ည ၇ နာရီကို နေ့ခင်းဘက် လုံးဝမထွက်ရဘူး။ ထွက်တာနဲ့ ဖမ်းတာပဲ။ ဆိုတဲ့အခါကျတော့ ဆိပ်ကမ်းမှာ ထုတ်ရင် ဆိပ်ကမ်းမှာ သန်းခေါင်ကျော် ထုတ်ရတယ်။ နေ့ခင်းထုတ်ထား၊ ရပ်ထား၊ ည ၇ နာရီမကျော်မချင်း ထွက်လို့ မရဘူး။ ဒါတွေရဲ့ သက်ရောက်မှုက အလုပ်ချိန် မနက် ၈ နာရီက နေ ညနေ ၄ နာရီ၊ ကျော်သွားတာနဲ့ အချိန်ပိုကြေးပေးရပြီ။ လိုအပ်လို့ လုပ်တာကိုတော့ ကျွန်တော်တို့ မဆိုလိုဘူး။ အဲဒါကြောင့်မို့ လွယ်ကူမြန်ဆန်အောင်၊ ဥပမာ လူတစ်ထောင်၊ နှစ်ထောင်ရှိတဲ့ စက်ရုံက တစ်ခါတင်ရင် ကွန်တင်နာ တစ်လုံးမတင်တော့ဘူး။ ၁၀ လုံး၊ ၁၅ လုံး တင်ရတယ်။ အထည်ချုပ်စက်ရုံကို Green Channel ပေးထားတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် Red Channel မဖြစ်မနေပြရမယ်ဆိုရင် ကျွန်တော်ပြောတာက ၁၅ လုံးတင်တယ်၊ ၁၄ လုံးကို တင်ခွင့်ပေးလိုက်ဗျာ၊ မဟုတ်ဘူး။ ၁၄ လုံးကို ထိုင်စောင့်၊ ဒီတစ်လုံး မပြီးမချင်း။ ဒါတွေကလည်း ဆိပ်ကမ်းမှာ မလိုလားအပ်ပဲ ကြန့်ကြာစေတယ်။

မေး - လျှပ်စစ်သာ အပြည့်အဝရခဲ့ရင် တိုင်းပြည်ထုတ်ကုန်တွေ ဘယ်လောက်အထိ ထုတ်လုပ်လာနိုင်မလဲ၊ စီးပွားရေးအတွက်ရော ဘယ်လောက် အထောက်အကူပြုလာ နိုင်ပါသလဲ။

ဖြေ - မော်လမြိုင်မှာ ဟိုတစ်နေ့က ကျွန်တော်တို့ ရောက်လာတယ်။ GE ကုမ္ပဏီ Gas နဲ့ လာလုပ်တယ်။ Gas Turbine ခြောက်လုံးလည်တယ်။ မြန်မာပြည်မှာ ထူးထူးခြားခြား မွန်ပြည်နယ်တစ်ခုတည်း မီးပိုနေတယ်။ သုံးမယ့်သူမရှိလို့ နှစ်လုံးပဲလည်တယ်။ လေးလုံး ရပ်ထားရတယ်။ ဒီဟာကြီးက ရန်ကုန်နားမှာရှိရင် ပျော်လိုက်မှာ။ ဒါပေမဲ့ အဲဒါကို ဒီကိုပို့ဖို့ကျတော့ ကြိုးမရှိဘူး။ ကျွန်တော်တို့ မြန်မာပြည်မှာ မီးထုတ်တာ အထက် မြန်မာပြည်၊ သုံးတာ အောက်မြန်မာပြည်၊ အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်ကို လင့်ချိတ်ပေးဖို့ အင်္ဂလိပ်ခေတ်က ကြိုးပဲရှိတယ်။ သူများနိုင်ငံမှာ ကြိုးကြီးတွေက အကြီးကြီးတွေသုံးတယ်။ ဒီကြိုးသုံးဖို့ ကုမ္ပဏီ ခြောက်ခုပေးပြီးပြီ။ သုံးနှစ်ကြာပြီ။ အခုထိ ဘယ်သူမှမလုပ်ဘူး။ ရေကတော့ ကန်ထဲမှာအပြည့်ပဲ။ သုံးမယ့်သူကလည်း အများကြီး၊ ဒါပေမဲ့ ရေပိုက်ကသေးသေးလေး ဖြစ်နေတော့ တစ်စက်တစ်စက် ကျနေတဲ့ သဘော ဖြစ်နေတယ်။ မြန်မာပြည်မှာ လျှပ်စစ်ရှားတာ မဟုတ်ဘူး။ ဒီစနစ်ကလေးတွေ မှားနေလို့သာ ရတော့ရ၏ သုံးလို့မရ ဖြစ်နေတာ။ လောပိတမှာ အများကြီးထွက်တယ်။ ရဲရွာ၊ ရွှေလီအများကြီးထွက်ပြီ လာ မယ့် ဟာတွေအများကြီးပဲ။ ဒါပေမဲ့ ကြားထဲမှာ ချိတ်ပေးဖို့ ရေပိုက်ကြီးကြီးလိုတယ်။ ရေကန်ကတော့ အကြီးကြီး ပြည့်နေတယ်။ အဲဒီရေကန်ထဲက ရေတွေ ဒီကလူတွေ ၀၀လင်လင် သုံးဖို့ ကြိုက်သလောက်သုံး၊ သုံးသလောက်ဆောင်ပေါ့။ စနစ်တွေက မှားနေတယ်။ ပြောင်းပြန်တွေ ဖြစ်နေတယ်။ အခုမော်လမြိုင်မှာ ရပ်ထားတယ်။ ရင်းနှီးမြှုပ်နှံတဲ့သူ စိတ်ညစ်တာပေါ့။ ရန်ကုန်မှာ လုပ်မယ်ဆိုတော့လည်း ခွင့်မပြုဘူး။ ရန်ကုန်လိုနေရာမျိုး ခွင့်ပြုရမှာလေ။ ရန်ကုန်မှာ ခွင့်ပြုပြီး စက်မှုဇုန်တွေ လုပ်ချင်တဲ့သူ လုပ်ပါစေ၊ နိုင်ငံတော်က Gas ရောင်းပေးမယ်။ မင်းတို့ ဒေါ်လာနဲ့ပေး။ မီတာခလည်း ဒေါ်လာနဲ့ပေး။ သူများနိုင်ငံတွေမှာ တာဝန်ယူမှု တာဝန်ခံမှုရှိတယ်။ မီးပျက်ရင် လျော်ကြေးပေးတယ်။ မြန်မာပြည်မှာ မီးပျက်ရင် မပြောရဲဘူး။ ပြောရင် နောက်နေ့ထပ်ဖျက်လို့။ အဲဒီတော့ အရှိကို အရှိအတိုင်း မြင်ကြပါ။ အခုလူကြီးတွေက ရပ်နေတာတို့ စီးပွားရေး မဖွံ့ဖြိုးတာတို့ပြောရင် မကြိုက်ဘူး။ ကျွန်တော်ပြောတာက အမှန်ကို ပြောကြပါ။ စာရင်းဇယားတွေ လိမ်ခဲ့တာလည်း နှစ်ပေါင်းများပြီ။ မရှိရင် မရှိဘူး။ ဘာဖြစ်လဲ။ ရှိအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာက အဖြေပဲ။ စာရင်းထဲမှာ တိုင်းပြည်တိုးတက်နေတာ အဖြေမဟုတ်ဘူး။ အဓိကလူတွေ လမ်းပေါ်မထွက်ဖို့က အရေးကြီးတယ်။ လမ်းပေါ်ထွက်တယ်ဆိုတာ နိုင်ငံရေးပယောဂတွေ ပါချင်ပါမယ်ပေါ့။ ကျွန်တော်တို့လူမျိုးက ပညာတတ် အားနည်းတော့ သူများအရောင်ဆိုးရင် ပါသွားရော ဒါတွေကလည်း ပြင်ရမယ်။

မေး  - အောက်တိုဘာ ၁ ရက်ကစပြီး အခွန်တွေ တိုးကောက်မယ်ဆိုတဲ့ အပေါ်ကိုလည်း သုံးသပ်ပေးပါ။

ဖြေ  - အရင်ဆိုရင် စားသောက်ကုန် စတာတွေကို မရှိမဖြစ်လိုအပ်လို့ဆိုပြီး သုညရာခိုင်နှုန်းပေးထားတာ။ ဒီလ ၁ ရက်နေ့ကနေစပြီး နှစ်ရာခိုင်နှုန်း၊ သုံးရာခိုင်နှုန်း၊ လေးရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းအထိ ပစ္စည်းအမျိုးအစားပေါ် မူတည်ပြီး တိုးကောက်ကြတယ်။ နောက်ဆုံး နိုင်ငံတော်ကတော့ အခွန်ရတာပေါ့။ အဲဒီတော့ စာရင်းတစ်ခုတည်း ရှိတဲ့လူတွေ နှစ်ခုဖြစ်အောင် လုပ်ခိုင်းသလို ဖြစ်သွား ပြီ။ လိမ်ရတော့မလို ဖြစ်နေပြီ။ ဘာလို့လဲဆိုရင် နိုင်ငံတကာနဲ့ မယှဉ်နိုင်တော့ဘူး။

မေး  - အခွန်တွေ တိုးကောက်ထားလို့ ပြည်တွင်းလုပ်ငန်းတွေအပေါ် ဘယ်လောက် သက်ရောက်လာနိုင်သလဲ၊ ပစ္စည်းတွေ တင်သွင်းတဲ့နေရာမှာလည်း တရားဝင်လမ်းကြောင်းက မသွင်းတော့ဘဲ နယ်စပ်က ခိုးကြောင် ခိုးဝှက် တင်သွင်းလာနိုင်သလား။

ဖြေ  - ဒါကတော့ မြန်မာပြည်က နယ်စပ်ဒေသတွေက ဖွံ့ဖြိုးလာတဲ့အခါကျတော့ အပေါက်တွေက အများကြီးပေါ့။ ဒါတွေကို သေချာပိတ်ပေး ပါ။ ဒီလိုအခွန်တိုးကောက်လိုက်တဲ့ အခါကျတော့ တကယ်ကို တရားဝင် လုပ်စားနေတဲ့သူတွေ ဒုက္ခရောက် ပြီ။ အရင် သုညရာခိုင်နှုန်းကနေ ငါးရာခိုင်နှုန်းလောက် အခွန်ဆောင်လာရပြီ။ အဲဒီတော့ သူရှုံးမှာကြောက်တော့ စားသုံးသူပဲ နစ်နာတာ။ မကောက်နဲ့ မပြောပါဘူး။ ဒါပေမဲ့ ကောက်ဖို့ နည်းနည်းအချိန်စောပါ သေးတယ်။  Insentive လေး ထပ်ပေးဖို့ ကျွန်တော်ကတော့ တောင်းဆိုချင်တယ်။ ကျွန်တော်တို့ဆီမှာ ထုတ်တဲ့ပစ္စည်း မှန်သမျှ ဥပမာ Good Morning လုပ်တယ်။ ဂျုံလောက်ပဲဒီမှာ ရှိတယ်။ တစ်ခါတစ်ခါ ဂျုံတောင် နိုင်ငံခြားက သွင်းရတယ်။ အများစု က ပြည်ပကပဲ သွင်းနေရတာ။ ပြည် ပကသွင်းပြီး ဒီမှာ လုပ်သော်ငြား လည်း ဒီအခွန်ပေါင်းလိုက်ရင် ပစ္စည်းက ထုတ်လုပ်မှုစရိတ်တက် သွားမယ်။ ထုတ်လုပ်မှုစရိတ်တက် ရင် စားသုံးသူကပဲ ပေါင်းပေးရတာ။အဲဒါကြောင့်မို့  အခွန်ကို ဒီနေရာက ပဲ ရဖို့လိုသလား။ ဒီပြင့်နေရာရှာရင် ရောမရဘူးလား။ အဓိကကလူတွေ ပြဿနာ တက်နေတာ စားဝတ်နေ ရေးအတွက်။ အခွန်အတွက် ပြဿ နာတက်တာမဟုတ်ဘူး။ စားဝတ်နေ ရေးအဆင်မပြေလို့ လူတွေပြဿနာ တက်နေကြရတာ။ အေးအေးချမ်း ချမ်းနဲ့ ရှာတဲ့ပိုက်ဆံနဲ့လောက်ပြီ ဟေ့ဆိုရင် ဒါတွေဖြစ်စရာ မရှိဘူး။ အဲဒီအချိန်အထိ မစောင့်နိုင်တော့ဘူးလား။ အချိန်တစ်ခုတော့ စောင့်ပေးဖို့ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။

မေး  - အဲဒီတော့ ဘာဆက်ဖြစ်လာနိုင်တယ်လို့ ထင်ပါသလဲ။

ဖြေ  - အခုက ရက်ပိုင်းလေး ဖြစ်သေးတော့ Effect တော့ မလာသေးဘူး။ သီတင်းကျွတ်ပိတ်ရက်လည်း ခံနေတယ်။ အခုလာမယ့် ရှေ့အပတ်တွေတော့ ကြည့်ရမယ်ပေါ့။ ဘာတွေဖြစ်လာမလဲ။ ဒါပေမဲ့ ကဏ္ဍစုံက ရပ်နေတယ်။ ဆောက်လုပ်ရေး လုံးဝလုပ်လို့ မရဘူး။ အလုပ်သမားခတွေ ဈေးတက်တယ်။ အခုဆောက်လုပ်ရေး ပစ္စည်းတွေ ဈေးတက်လာတယ်။ ဘယ်သူဆောက်ရဲမလဲ။ ဆောက်ထားတဲ့ဟာတောင် ရောင်းမရဘူး။ အခြေခံလူတန်းစားကရော ဆောက်တဲ့ဟာတွေ ဝယ်ပြီးပြီလား။ ဝယ်နိုင်ပြီလား။ မဝယ်နိုင်သေးဘူး။ ဘာကြောင့်မဝယ်နိုင်တာလဲ။ ဒါတွေ ဒါတွေအပေါ်မှာ စရိတ်တွေပေါင်းတဲ့အခါ အခန်းခတွေက ဈေးကြီးနေတယ်။

မေး  - စက်မှုဇုန်တွေမှာ မြေကွက်တွေကို အရင်က မလုပ်ဘဲထားတဲ့ ဟာတွေကို ပြန်သိမ်းမယ်ဆိုတဲ့ ကိစ္စတွေ ဘာလို့မသိမ်းတာလဲ။ တကယ်သိမ်းတာရောရှိလား။

ဖြေ  - စက်မှုဇုန်မြေကွက်တွေကို ပြန်သိမ်းမယ်ဆိုတာ စက်မှုဇုန်တွေစပြီးတည်းက လွန်ခဲ့တဲ့အနှစ် ၃၀ လောက် ကတည်းက ဥပဒေရှိပြီးသား။ သုံးလအတွင်း ခြံစည်းရိုးခတ်ရမယ်။ တစ်နှစ်အတွင်း စက်ရုံဆောက်ရမယ်။ စက်ရုံလည်ဖို့ မပြောဘူး။ ဆောက်ဖို့ပဲပြောတာ။ ဒီဥပဒေက အခုထိရှိပြီးသား။ ဒါပေမဲ့ စက်မှုဇုန်တွေသာ ချသွားတယ်။ လုပ်ငန်းရှင်တွေလက်ထဲ တိုက်ရိုက်ရောက်တဲ့ စက်မှုဇုန်ဆိုတာ မရှိသလောက်ပဲ။ ဘာကြောင့် လဲဆို ပတ်သက်ရာ ပတ်သက်ကြောင်းတွေပဲ ရသွားတာ။ ရကြရင်းနဲ့မှ ပတ်သက်ရာ ပတ်သက်ကြောင်းတွေက ကိုင်ထားရင်းနဲ့မှ ရောင်းစားကြရင်းနဲ့ ဒါကပျောက်သွားတာ။ အခုစက်မှုဇုန်တွေမှာ ရှိနေတဲ့ မြေကွက်လပ်တွေသွားကြည့်၊ လုပ်ငန်းရှင်လက်ထဲမှာ မရှိဘူး။ ပတ်သက်တဲ့လူတွေချည်းပဲ။ ကျွန်တော်တို့ စက်မှုဇုန်မှာဆို လေးခုပဲရှိတော့တယ်။ အဲဒါတွေကလည်း ဟိုးထိပ်ဆုံးက လူတွေရဲ့ သားသမီးတွေချည်းပဲ။ စာရင်းတောင် လာမသွင်းဘူး။ မေးတော့လည်း သူ့ဟာ ဟုတ်သလိုလို မဟုတ်သလိုလိုနဲ့ လှည့်ပတ်နေတယ်။ စာရင်းကတော့ သူ့နာမည်နဲ့ ထွက်နေတယ်။ အဲဒီလိုလူမျိုးတွေတော့ ရှိတာပေါ့။

မေး  - စက်မှုဇုန်တွေနဲ့ အနီးတစ်ဝိုက်ပေါ့။ အဲဒီလိုနေရာတွေမှာ ရာဇဝတ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သတင်းတွေကြားရပါတယ်။ အဲဒီအပေါ်လည်း ပြောပြပေးပါ။

ဖြေ - တချို့အပိုင်းတွေမှာ ဥပဒေမဲ့နေတာတွေကို နိုင်ငံတော်က ကာကွယ်ပေးဖို့လိုတယ်။ လုံခြုံရေးအတွက်၊ သူဌေးကတော့ ကိစ္စမရှိဘူး။ ကားရှိတယ်၊ သွားလို့ရတယ်။ ဝန်ထမ်းတွေအတွက် ဖယ်ရီနဲ့သွားတဲ့လူအတွက် ကိစ္စမရှိဘူး။ အိမ်နီးလို့ စက်ဘီးစီးသွားတဲ့သူတွေ လမ်းလျှောက်သွားတဲ့သူတွေ ဆိုင်ကယ်နဲ့ သွားတဲ့သူတွေ အတွက် ဒီရက်ပိုင်းတွေမှာ လုယက်မှုတွေ များလာတယ်။ ဒါကိုတော့ ကျွန်တော် အထူးစိုးရိမ်တယ်။ စက်ရုံထဲမှာ ဖြစ်တဲ့ကိစ္စကတော့ စက်ရုံသူဌေးက တာဝန်ယူလို့ရပေမယ့် စက်ရုံပြင်ပ ဖြစ်သွားတဲ့ အခါကျတော့ ကျွန်တော်တို့က တာဝန်ယူလို့မရဘူး။ လူအများကြီး ဖြစ်တဲ့အခါ အိမ်အထိ တာဝန်ယူလို့ မရတဲ့အခါ ဒီလူတွေအတွက် စိုးရိမ်တာပါ၊ ဒါတွေကို နိုင်ငံတော်က အမြန်ဆုံးလုပ်ပေးဖို့လိုတယ်။ လှိုင်သာယာဆိုတာ ရန်ကုန်မြို့မှာ လူဦးရေ အင်မတန်ထူထပ်တဲ့နေရာ။ ကျယ်လည်းကျယ်ပြန့်တယ်။ စက်ရုံအလုပ်ရုံလည်း အရမ်းများတဲ့ အခါကျတော့ ကျူးကျော်ကလည်း အရမ်းများတော့ ဒုစရိုက်မှုတွေ ခိုအောင်းလို့ရတဲ့နေရာ ဖြစ်လာတယ်။

အခုခေတ်လူငယ်တွေ လက်ရဲဇက်ရဲဖြစ်လာတာ အတုမြင် အတတ်သင်ကြောင့်။ ဖုန်းလေးပြောသွားတယ်။ ဖုန်းလေးလုတယ်။ ထမင်းချိုင့်ပါလုတဲ့ ကိစ္စကတော့ မကောင်းတော့ဘူး။ ဆိုင်ကယ်လောက်လုတာကို ကျွန်တော်မဆိုလိုဘူး။ ရောင်းစားရင် တန်ဖိုးရှိတာကိုး။ တန်ဖိုးမရှိတာကိုပါ လုလာပြီဟေ့ဆိုရင် မိန်းကလေးအတွက် လုံခြုံမှု။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ စက်ရုံအလုပ်ရုံ အများစုက မိန်းကလေးတွေများတယ်။ ဆိုတဲ့ အခါကျတော့ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်လာတာကတော့ မကောင်းဘူး။ ဒါကိုတော့ ဥပဒေနဲ့ အမြန်ဆုံးအကာအကွယ်ပေးဖို့လိုတယ်။ စက်မှုဇုန်တွေတည်တဲ့အခါ ရဲစခန်းပါလာတယ်။ ဒါပေမဲ့ တဲသာသာပဲရှိတယ်။ ရဲဝန်ထမ်း နှစ်ယောက်ပဲချပေးတယ်။ ဒီဝန်ထမ်းတွေကို ကျွန်တော်တို့ ခန့်ပါရစေ။ ကျွန်တော်တို့ အရင် လူ ၂၀ ခန့်ထားတယ်။ ခန့်ပေးလို့ မရဘူးတဲ့။ ကိုယ့်လုံခြုံရေး ကိုယ်ယူရတဲ့ အခါကျတော့ မခန့်လို့မရဘူး။ ဒီလူတွေရှိနေတယ်၊ ယူနီဖောင်းဝတ်ထားတယ်ဆိုတဲ့  အခါကျတော့ လူတွေက ဟုတ်သော်ရှိ မဟုတ်သော်ရှိ  ရှိန်တယ်။ ဖြစ်ရင် ချက်ချင်းသွားတဲ့အခါ သေးသေးလေးက ပျောက်သွားတယ်။ ကြီးတာက သေးသွားတယ်။ အခုတော့ ဒါတွေလည်း ခန့်လို့မရဘူးဆိုတဲ့ အခါကျတော့ ရဲနှစ်ယောက် ယူနီဖောင်းတောင် သူတို့မဝတ်ရဲဘူး။ ရဲစခန်းသွားကြည့်တော့ တဲသာသာပဲရှိတယ်။ ဒါတွေကို ကျွန်တော်တု့ိက ဆောက်ပေးချင်တယ်။ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ လုံခြုံရေးပြောတယ်။ ဖွဲ့စည်းပုံ မကျလို့တဲ့။ မြို့နယ်တစ်ခုမှာ ရဲစခန်း နှစ်ခုပဲ ရှိသင့်တယ်တဲ့။ လှိုင်သာယာလို မြို့နယ်မျိုးကျတော့ အထူးအနေနဲ့ နှစ်ခုမကလို့ ၁၀ ခုဖွင့်တော့ရော ဘာဖြစ်လဲ။ အမှုဆိုတာ လူကလုပ်တာပဲ။

မေး - မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုပေါ့။ နောက်ကျကျန်ခဲ့ပြီလို့ ပြောတာတွေရှိတယ်။ ဘာ့ကြောင့်လို့ ထင်ပါသလဲဆိုတာ သုံးသပ်ပေးပါ ဦး။

ဖြေ - ကျွန်တော်တို့တိုင်းပြည်က နောက်ကျနေပြီ။ ကျွန်တော်တို့ထက် ဗီယက်နမ် ကျော်သွားပြီ။ ကမ္ဘောဒီးယား ကျော်ပြီ။ လာအို လိုက်နေတယ်။ မကြာခင်မှာ ကျော်သွားတော့မှာ။ ကျွန်တော်တို့ မြန်မာတွေ မညံ့ဘူး။  ဒါပေမဲ့ လုပ်လို့မရဘူး။ ဥပမာ-အရင်တစ်ချိန်က နိုင်ငံခြား သားတွေ ရင်းနှီးမြှုပ်နှံတယ်။ နိုင်ငံခြားသား လုပ်လို့မရတဲ့ ကန့်သတ်ထားတဲ့ အခါကျတော့ နိုင်ငံခြား သားလုပ်ငန်းရှင်က ပြည်တွင်းနဲ့ပူးပေါင်းတယ်။ စပ်တူလုပ်တယ်။ တစ်ခါတလေကျတော့နာမည်ခံခိုင်း ပြီးလုပ်တယ်။ အခု နိုင်ငံခြားသားတွေကို ဖွင့်ပေးလိုက်တဲ့အခါ နိုင်ငံခြားသားလာပြီ။ ဒေါ်လာပါလာပြီ။ ဒီဒေါ်လာ ဖြူသလား၊ မည်းသလား မမေးဘူး။ အားလုံးအခွင့်အရေး ရသွားတယ်။ ကျွန်တော်တို့ မြန်မာပြည်ကလူတွေ ရင်းနှီးမြှုပ်နှံတယ်။ ဒီပိုက်ဆံ ဖြူသလား၊ မည်းသလား အရင်စမေးပြီ။ သွားလို့ကို မရတော့ ဘူး။ ပြီးရင် နိုင်ငံခြားသား လာတယ်။ သူ့နောက်မှာ ဘဏ်က ပါလာတယ်။ ဒီလူတွေက လာဝယ်တာ မဟုတ်ဘူး။ ဝယ်လို့လည်းမရဘူး။ ငှားတယ်၊ စက်ရုံတစ်ရုံငှားမယ် ၁၀ နှစ်။ အဲဒီ ချုပ်ပြီးသားစာချုပ်ကို ဘဏ်ကိုပေး လိုက်။ ဘဏ်က ဒေါ်လာငါးသန်း ယူမလား၊ ၁၀ သန်းယူမလား ချပေး တယ်။ အတိုးက တစ်နှစ်လုံးကိုမှ သုံးရာခိုင်နှုန်း၊ လေးရာခိုင်နှုန်း အများဆုံးပဲ။ အပေါင်ပစ္စည်းလည်း ပေးစရာမလိုဘူး။ ဒီလူတွေကိုချေးဖို့ အတွက် မြန်မာပြည်မှာ ဘဏ် ၃၀ ကျော် လာဖွင့်ထားပြီ။ နိုင်ငံခြား သားအတွက် သီးသန့်၊ ဖက်စပ် အတွက်သီးသန့်နော်။ ကျွန်တော်တို့ ပြည်တွင်းကလူတွေ သွားချေး မရဘူး။ ဒါတွေကလည်း ပြင်သင့်တယ်။ ကျွန်တော်တို့ ပြည်တွင်းမှာ ချေးမယ်ဆို ၁၃ ရာခိုင်နှုန်းပေးရတယ်။ အပေါင်ပစ္စည်းလည်း ပေးရတယ်။ သိန်းတစ်သောင်းတန်ပစ္စည်းမှ သိန်း ၅၀၀၀၊ ၆၀၀၀ အများဆုံးပဲရတယ်။ ခေတ်ကာလပေါက်ဈေးကို တန်ဖိုးဖြတ်သေးတယ်။ ဆိုတော့ သူတို့က သုံးရာခိုင်နှုန်း၊ ကျွန်တော်တို့က ၁၃ ရာခိုင်နှုန်း ၁၀ ကွာနေပြီ။ သူတို့က အပေါင်ထားစရာ မလိုဘူး။ ကျွန်တော်တို့က အပေါင်ထားရသေးတယ်။ အပေါင်ထားပြန်တော့လည်း အပေါင်ပစ္စည်းရဲ့ ကာလတန်ကြေးပေးတာ မဟုတ်ဘူးနော်။ တစ်ဝက်လောက်ပေးတာ။ တစ်ခါတလေ သုံးပုံတစ်ပုံလောက်ပေးတာ။ ဆိုတော့ လုပ်ငန်းရှင်တွေအတွက် အခက်အခဲဖြစ်တယ်။ အလုပ်တစ်ခု လုပ်ဖို့အတွက်သုံးရင်း လိုသလိုဖြစ်နေတယ်။ စက်ရုံလည်ပတ်ဖို့က တစ်ရင်း၊ အပေါင်ပစ္စည်းထားဖို့က တစ်ရင်း၊ ဒီလည်ပတ်မှုအတွက် တစ်ရင်း၊ သုံးရင်းရင်းမှ တစ်ပတ် ပြည့်လည်တယ်။ ဆိုတော့ တော်ရုံ တန်ရုံလူက မခံနိုင်ဘူး။ အဲဒီတော့ ကျွန်တော် ပြောချင်တာက ကျွန် တော်တို့ကရော ဒီလူတွေနဲ့ ဘာ ကွာနေလို့လဲ။ ဒီနိုင်ငံခြားကုမ္ပဏီ တွေက ကျွန်တော်တို့ကို ချေးချင် တယ်။ ဥပဒေအရ ကန့်သတ်ထား တယ်။ ဘဏ်တွေကျတော့ ချေးခွင့် ရတယ်။ ကျွန်တော်တို့လုပ်ငန်းရှင် ကျ ချေးခွင့်မရဘူး။ နိုင်ငံခြားသားတော့ ချေးခွင့်ရတယ်။ ဒါတွေက လည်း ပြင်ဖို့လိုတယ်။ ရေရှည်မှာ ပြိုင်တယ်ဆိုတာ ပန်းတိုင်မှာ တန်းစီပြီး အတူတူပြိုင်မှပြိုင်ပွဲလို့ ပြောမှာ  လေ။ ကျွန်တော်တို့ကိုတော့ ကြိုးနဲ့ ချည်ထား၊ တုပ်ထားတယ်။ ဟိုဟာ မလုပ်ရဘူး၊ ဒီဟာမလုပ်ရဘူးဆိုပြီး ကန့်သတ်ထားတယ်။ ဆိုတော့ ကျွန် တော်တို့ ဘယ်လိုပြေးမလဲ။ ဒါတွေ မှားနေတယ်။ မြန်မာပြည် မတိုးတက်တာ ဒါတွေကြောင့်ပဲ။

မေး - နောက်ဆုံးမေးခွန်းအနေနဲ့ ယှဉ်ပြိုင်မှု ပြင်းထန်လာတော့မယ့် ဈေးကွက်မှာ ပြည်တွင်းလုပ်ငန်းရှင် တွေအပေါ် ဘယ်လောက် အတိုင်းအတာအထိ သက်ရောက်လာနိုင်ပါသလဲ။ တိုင်းပြည်စီးပွားရေး တိုးတက်ဖို့ လုပ်ငန်းရှင် တစ်ယောက်အနေနဲ့ ဘာများအကြံပြုချင်ပါသလဲ။

ဖြေ - ယှဉ်ပြိုင်မှုကို အများကြီးသက်ရောက်တာပေါ့။ ကြီးတဲ့သူအတွက် ရာခိုင်နှုန်း လေး၊ ငါး ဆိုတာ ပြဿနာ မရှိပေမယ့် ငယ်တဲ့သူတွေအတွက် အရမ်းထိခိုက်တယ်။ အာဆီယံ ၁၀ နိုင်ငံက ရှေ့လျှောက်ဖွင့်ပေးတော့ မယ်။ ဒီမှာထုတ်တဲ့ပစ္စည်းက ဈေးကြီးပြီး ဟိုကထုတ်တဲ့ပစ္စည်း ပေါရင် ဒီမှာမထုတ်တော့ဘူး။ ဟိုကပဲ သွင်းတော့မှာ။ ဒါတွေကိုလည်း အရှည်ကို ကြည့်ကြပါဦး။ ကိုယ့်လူတွေ အင်အားတောင့်မှ ပြိုင်လို့ရမှာလေ။ ကိုယ့်လူတွေ ရှိတာကုန်မှ ပြိုင်ရင် အလုပ်သမားဖြစ်သွားမှာပေါ့။ ကျွန် တော်ကတော့ အဲဒီလိုရိုးရိုးလေးမြင်တယ်။ အဲဒါကြောင့် မလုပ်နဲ့မပြောပါဘူး။ လုပ်ပါ။ ဒါပေမဲ့ စောသေးတယ်။ အချိန်အကန့်အသတ်လေး တစ်ခုနဲ့ လုပ်လို့ရအောင် ကိုယ့်လူတွေ အင်အားနည်းနည်း တောင့်အောင်တော့ လုပ်ပေးပါဦး။ ကျွန်တော်ဆိုလိုတာက နိုင်ငံတော် ဝင်ပါဖို့လိုပြီ။ ဌာနဆိုင်ရာတွေ ပူးပေါင်းဖို့လိုပြီ။ ဒါမှ အခြေခံလူတန်းစားတွေ စားလောက်မယ်။ စားလောက်ရင် ဒီပြဿနာတွေ မရှိတော့ဘူး။ ပြဿနာမရှိရင် လုပ်ငန်းခွင်သာယာမယ်။ လုပ်ငန်းခွင်သာယာရင် ကုန်ထုတ်လုပ်မှုတွေ တိုးတက်မယ်။ ကုန်ထုတ်လုပ်မှု တိုးတက်ရင် မြန်မာပြည်က ထုတ်ကုန်တွေ များပြီဟေ့ဆိုရင် သွင်းကုန်တွေ လျော့သွားမယ်။ အဲဒီအချိန်ကျတော့ နိုင်ငံတော်က ကောက်ပေါ့။ အဲဒီအချိန်လေး ရောက်အောင်တော့ စောင့်ပေးပါ။ လယ်ယာထွက်ကုန်ပစ္စည်း တရုတ်ကလည်း မဝယ်ဘူး။ ကုလားကလည်း မဝယ်ဘူး။ ဒုက္ခရောက်ပြီ။ အဲဒီတော့ လူကြီးတွေ သိအောင်လုပ်ပါ။ နိုင်ငံရေးဆိုတာ စီးပွားရေးနဲ့ နွှယ်နေတယ်။ စီးပွားရေးကိုလည်း သိအောင်လုပ်ပါ။ နိုင်ငံရေးတစ်ခုတည်း ကျွမ်းကျင်နေလို့ မရဘူး။ တိုင်းပြည်အုပ်ချုပ်တာက။ စီးပွားရေး အဓိကလိုဖြစ်နေတာ။ တရုတ်ပြည် သွားကြည့်။ စနစ်ကတစ်ခုတည်း ကွန်မြူနစ်။ စီးပွားရေး ဖွံ့ဖြိုးတဲ့အခါ တိုင်းပြည်တိုးတက်လာတယ်။ ဒါတွေက ကျွန်တော်တို့အတွက် အတုယူစရာ အလေ့အကျင့်ကောင်းပဲ။

ကိုယ့်လူတွေချမ်းသာရင် ကိုယ့်တိုင်းပြည်ချမ်းသာတာနဲ့ မတူဘူးလား။ ကိုယ့်အလုပ်သမားတွေ ချမ်းသာရင် တိုင်းပြည်ချမ်းသာတာနဲ့ မတူဘူးလား။ ကျွန်တော်ကတော့ မေးခွန်းထုတ်တယ်။ နိုင်ငံရေးသမားတွေ ချမ်းသာဖို့ ကျွန်တော်မဆိုလိုဘူး။ ပြည်သူပြည်သားတွေ ချမ်းသာဖို့ လိုတယ်။ အခြေခံ လူတန်းစားနဲ့ နိုင်သမျှနဲ့သွားဖို့ လူလတ်တန်းစား ဖြစ်လာဖို့လိုတယ်။ အခုက ချမ်းသာတဲ့လူက အရမ်းချမ်းသာသွားတယ်။ ဆင်းရဲတဲ့သူက ကုန်းကောက်စရာကို မရှိဘူး။ စားစရာမရှိအောင် ဖြစ်နေတဲ့အခါကျတော့ ဒါဟာတိုင်းပြည်အတွက် ရှေ့အလားအလာ မကောင်းဘူး။ အဲဒါကြောင့်မို့ နိုင်ငံတော်သည် ဥပဒေကို ထိန်းညှိပေးရမယ်။ လုံခြုံရေး ပေးရမယ်။ ကာကွယ်ပေးရမယ်။ လုပ်သားပြည်သူတွေ သွားရေးလာရေး စားဝတ်နေရေး အဆင်ပြေအောင် လုပ်ပေးရမယ်။ လုပ်ငန်းရှင်တွေ လုပ်သာကိုင်သာရှိအောင် လုပ်ပေးနိုင်တဲ့ ရည်ရွယ်ချက်က မပျောက်အောင် လုပ်ပေးရင် တိုင်းပြည်မတိုးတက်စရာ မရှိပါဘူး။

 

Most Read

Most Recent