ရခိုင်ပြည်နယ် မောင်တောမှာ သြဂုတ် ၂၅ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ ARSA ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက် သမားတွေရဲ့ အကြမ်းဖက် တိုက်ခိုက်ဖျက်ဆီးမှု ဖြစ်စဉ်အပြီး တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီတွေအကြား ဆက်ဆံရေး၊ အရောင်းအဝယ်၊ စီးပွားရေး၊ စိုးရိမ်မှု၊ မျှော်လင့်ချက် စတာတွေနဲ့ ပတ်သက်လို့ သိရှိနိုင်ဖို့ မောင်တောမြို့နယ် ပန်းတော်ပြင်ကျေးရွာမှ အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီတစ်ဦးနဲ့ The Daily Eleven သတင်းစာတို့ အဆိုပါရွာရှိ အာရဗီစာသင်ကျောင်းထဲမှာ သီးသန့်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ တွေ့ဆုံမေးမြန်းခဲ့တာတွေထဲက တချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
“လူကောင်းတွေ ရှိတယ်။ လူဆိုးတွေ ရှိတယ်။ ကျွန်တော်တို့ သူတို့ ပြဿနာကြောင့် ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ကို ပျက်စီးတယ်။ ကျွန်တော်တို့ အဲဒါတွေ မလိုလားပါဘူး”
မေး ■ သြဂုတ် ၂၅ ရက် ဖြစ်စဉ်ဖြစ်ပြီး နောက်ပိုင်းမှာ နေထိုင်စားသောက်ရတဲ့ အခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ ■ တော်တော်လေး ခက်ပါတယ်။ ဘာလို့ဆိုရင် ကျွန်တော်တို့မှာက သွားရေး၊ လာရေး အခက်အခဲ၊ လမ်းတွေ ပိတ်ထားတယ်ဆိုတော့ သွားဖို့ ကားမရှိဘူးဆိုတော့ ဒီမှာရှိတဲ့ လူတွေက အခက်အခဲရှိတယ် စားဝတ်နေရေးမှာ။
မေး ■ ဒီမှာ ဘာကို အဓိက အသက်မွေးဝမ်းကျောင်း ပြုကြတာလဲ။
ဖြေ ■ လယ်ယာလုပ်ကိုင်တဲ့သူတွေ များပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တချို့သူတွေက ဈေးမှာ ဆိုင်ဖွင့်၊ ဈေးရောင်းတာတွေလည်း ရှိတယ်။
မေး ■ ဒီလိုမျိုး ပြဿနာဖြစ်တဲ့ အခါမှာ ကိုယ့်ရဲ့ ရောင်းဝယ်ဖောက်ကားမှုတွေမှာ ရခိုင်တွေနဲ့လည်း အရောင်းအဝယ် လုပ်ရမှာပဲလေ။ ဆိုတော့ အခုလို ဖြစ်တဲ့အခါကျတော့ ရောင်းဝယ်ရေးတွေမှာ မအသွားဘူးလား။
ဖြေ ■ အရောင်းအဝယ်က မရှိတော့ဘူး အခု။
မေး ■ ဒါဆိုရင် စားဝတ်နေရေး အဆင်ပြေအောင် ဘယ်လိုလုပ်နေကြပါသလဲ။
ဖြေ ■ တော်တော်လေး အခက်အခဲရှိတယ်။ ကျွန်တော်တို့မှာ ရွာမှာ ဆန်တွေ သိုလှောင်ထားတာ ရှိတယ်။ လယ်လုပ်တယ် ဆိုတော့လည်း ထမင်းတော့ စားလို့ရတယ်လေ။ ဒါပေမဲ့ ဟင်းတွေ၊ ဘာတွေတော့ ခက်တယ်။ ငါးတွေ၊ ဘာတွေ မလာနိုင်ဘူး။
မေး ■ သြဂုတ် ၂၅ ရက်ဖြစ်စဉ် မတိုင်မီ ရွာမှာ လူဦးရေ ဘယ်လောက်ရှိလဲ။
ဖြေ ■ ကျွန်တော်တို့ ဒီရွာကလား။ ငါးထောင်နီးပါးလောက် ရှိတယ်။
မေး ■ အခုကရော။
ဖြေ ■ အခုကတော့ နှစ်ထောင်ကျော်လောက် ရှိမလား မသိဘူး။ ကျန်တာတွေက ထွက်ပြေးသွားကြတာ။
မေး ■ သူတို့က ဘာလို့ ထွက်ပြေးသွားတာလဲ။
ဖြေ ■ သူတို့ ဘာလို့ ထွက်ပြေးလဲဆိုတော့ ဒီမှာကတော့ ကျွန်တော်တု့ိ ပန်းတော်ပြင်ကျေးရွာ အုပ်စုမှာ လေးရွာရှိတယ်။ အနောက်၊ အလယ်၊ အရှေ့၊ ရွာသေး။ ရွာသေး မီးလောင်ခံရတယ်။ ရွာသေးကသူတွေက ထွက်ပြေးသွားတာဆိုတော့ သူတို့လည်း ကြောက်ပြီးတော့ ပြေးသွားတာရှိတယ်။
မေး ■ အဲဒီလိုမျိုး ကြောက်ပြီးပြေးသွားတယ်ဆိုတော့ ဘာကြောင့် ကြောက်ပြီး ပြေးသွားတယ်လို့ ထင်လဲ။
ဖြေ ■ သူတို့ ပန်းတော်ပြင်ရွာသေးက မီးလောင်ခံရတယ်ဆိုတော့ ကျွန်တော်တို့ရွာလည်း ခံရမလား မသိဘူး ဆိုပြီးတော့လေ။
မေး ■ မီးလောင်တယ်ဆိုတော့ ဘယ်လို မီးလောင်တာလဲ။ မီးရှို့တာကြောင့်လား။
ဖြေ ■ ဘယ်သူက ရှို့တာလဲဆိုတာကို ကျွန်တော်တို့လည်း အတိအကျ မမြင်ဘူး။ ကျွန်တော်တို့ အနောက်ရွာမှာဆိုတော့ ကျွန်တော်တို့ ဝေးတယ်လေ။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ အတိအကျတော့ မပြောနိုင်ဘူး။
မေး ■ ဒီရွာပတ်ပတ်လည်မှာရော ဘာရွာတွေရှိလဲ။ ရခိုင်တု့ိ တိုင်းရင်းသားရွာတွေ ရှိလား။ ဘင်္ဂါလီရွာပဲ ရှိတာလား။
ဖြေ ■ ကျွန်တော်တို့ အရှေ့မှာတော့ ရှိတယ်။ ရခိုင်ရွာတွေ ရှိတယ်။
မေး ■ ဘယ်လောက်ဝေးလဲ မသိဘူး။
ဖြေ ■ ဘယ်လောက်ဝေးတယ်ဆိုရင်တော့ ကျွန်တော်တို့ အခုမြင်ရတာက နီးနီးလေးပဲ။ တစ်ဖာလုံ၊ နှစ်ဖာလုံဆို ရွာကို ရောက်ပြီ။ နီးနီးလေးပဲ။
မေး ■ အရင်တုန်းက နေထိုင်စားသောက်တာ အဆင်ပြေတယ်လေ။ အခု ဖြစ်စဉ်ဖြစ်ပြီးတဲ့ အခါမှာ စားသောက်ရေးလည်း အဆင်မပြေတော့။ ARSA က တိုက်ခိုက်ပြီးတဲ့နောက်ပိုင်းမှာ နောက်ဆက်တွဲ အနေနဲ့ ဖြစ်လာတာလေ။ ဖြစ်လာတဲ့ အခါမှာ ဒီဖြစ်စဉ်အပေါ်မှာရော ဘင်္ဂါလီတစ်ယောက် အနေနဲ့ ဘယ်လိုများမြင်လဲ။
ဖြေ ■ ဟုတ်တယ် သူတို့ကနေပြီးတော့။ သူတို့ရဲ့လုပ်ဆောင်ချက်က ကျွန်တော်တို့ အပေါ်မှာ ဂယက်ရိုက်ခဲ့တာပေါ့လေ။ (ရယ်ပြီးပြော)။ နယ်မြေရှင်းလင်းရေးလုပ်တော့ ကျွန်တော်တို့ ခံရတယ်လေ။ သူတို့က လုပ်သွားတယ်။ မဟုတ်တဲ့သူတွေက ခံရတယ်လေ။ အဲဒီလိုလေ။ ကျွန်တော်တို့ အဲဒါတွေ မလိုလားပါဘူး။ ကျွန်တော်တို့ လူကောင်းတွေ ရှိတယ်၊ လူဆိုးတွေရှိတယ်။ ကျွန်တော်တို့ သူတို့ပြဿနာကြောင့် ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ကို ပျက်စီးတယ်။ ကျွန်တော်တို့ အဲဒါတွေ မလိုလားပါဘူး။ အေးအေးဆေးဆေးပဲ နေချင်လို့လေ။ ဒီလိုပဲ ဖြစ်ချင်ပါတယ်။
မေး ■ အစိုးရက NVC ကတ်ဆိုပြီးတော့လေ။ National Verification Card နိုင်ငံသား စိစစ်ခံရမယ့်သူကတ် ဆိုပြီးတော့ လုပ်မယ့်အပေါ်မှာရော အမြင်သဘောထားက ဘယ်လိုရှိပါသလဲ။
ဖြေ ■ လူတွေက သိပ်လက်မခံဘူး။ အဲဒါကို။ သိပ်လက်မခံချင်ကြဘူး။
မေး ■ ဒါဆိုရင် ဘာကြောင့်လဲ။ ကိုယ့်ကိုယ်ကိုယ် ဘင်္ဂါလီလို့ သတ်မှတ်လား။ ရိုဟင်ဂျာလို့ သတ်မှတ်လား။ တချို့ကျတော့ ရိုဟင်ဂျာလို့ ဆိုလို့လေ။
ဖြေ ■ ဒီလိုလေ ကျွန်တော်က တချို့ပြောမယ်ဆိုရင် ကျွန်တော် နိုင်ငံသားက ဥပမာ အစ္စလာမ် လူမျိုးပေါ့။ အခွင့်အရေး ရမယ်ဆိုရင် ကျွန်တော်တို့က အေးအေးဆေးဆေးပဲ နေချင်တယ်။ ဘာမှပြဿနာတော့ မလုပ်ချင်ဘူးပေါ့။ ဒါပေမဲ့ ခွဲခြားတယ်ဆိုတာက ကျွန်တော်တို့မှာက NVC ကတ်လိုပဲ ကျွန်တော်တို့က သိပ်မလိုချင်ဘူးပေ့ါလေ။ ကျွန်တော်တို့ နိုင်ငံသား ဖြစ်ချင်တာပေါ့။ တန်းတူအခွင့်အရေး ရမယ်ဆိုရင် ကျွန်တော်တို့က လုံး၀ ဘာမှ မလိုလားပါဘူး။ အဲဒီလိုပါပဲ။
မေး ■ အခုလည်း ဒီရွာကို ဖုန်းဆက်တာတွေ ဘာတွေ ရှိလား။ ခြိမ်းခြောက်တာတို့ ဘာတို့လေ။ ဒီရွာကနေပြီးတော့ ထွက်ပြေးဖို့တို့ ဘာတို့။
ဖြေ ■ မရှိပါဘူး။ ကျန်တဲ့သုံးရွာမှာ အေးအေးဆေးဆေးပါ။
မေး ■ ပန်းတော်ပြင်ရွာသေးက တစ်ရွာလုံးက ထွက်ပြေးသွားတာပေါ့။
ဖြေ ■ ဟုတ်ပါတယ်။ တစ်ရွာတည်းပဲ။ ကျွန် တော်တို့က ဘယ်သွားမလဲ။ ကျွန်တော်တို့က ဟိုဘက်ကို သွားရင် ဒုက္ခရောက်မယ်။ ဟုတ်တယ် မဟုတ်လား။ ကိုယ့်နိုင်ငံ၊ ကိုယ့်မြေကို စွန့်လွှတ်ပြီးတော့ ဘယ်ကိုသွားမှာလဲ။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ မသွားရဲဘူးလေ။
မေး ■ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။
ဖြေ ■ ကျွန်တော်တို့မှာက ဒီလိုပေ့ါဗျာ။ ကျွန်တော်တို့ လူမျိုးကို နေပြီးတော့ တန်းတူအခွင့်အရေး ရမယ်ဆိုရင် ကျွန်တော်တို့က အေးအေးဆေးဆေးပဲ။ ဒီလောက်ပဲ လိုချင်တယ်။ အခွင့်အရေးရမယ်ဆိုရင်လည်း သွားရေး၊ လာရေး၊ ပညာရေး၊ ကျန်းမာရေးတို့ ဘာတို့ပေါ့။ အခွင့်အရေးဆိုတာ ကျွန်တော်တို့က နိုင်ငံသား အခွင့်အရေးပေါ့။ အခွင့်အရေးဆို အားလုံးရသွားပြီလေ။