ရခိုင်ပြည်နယ်ရှိ ဟိန္ဒူကူညီထောက်ပံ့ရေးအဖွဲ့တာဝန်ခံ ဦးရာဂူနေမြင့်နှင့် တွေ့ဆုံခြင်း

ရခိုင်ပြည်နယ်ရှိ ဟိန္ဒူကူညီထောက်ပံ့ရေးအဖွဲ့တာဝန်ခံ ဦးရာဂူနေမြင့်နှင့် တွေ့ဆုံခြင်း
Published 1 October 2017

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့် ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်များ၏ တိုက်ခိုက်မှုများကြောင့် ဒေသခံတိုင်းရင်းသားများနှင့် ဟိန္ဒူဘာသာဝင်များမှာ နေရပ်စွန့်ခွာ ထွက်ပြေးလျက်ရှိသည်။ ယင်းကဲ့သို့ ထွက်ပြေးခဲ့ရသည့် ဖြစ်စဉ်များအပြင် အချို့မှာ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရသည်။ ထိုသို့အသတ်ခံခဲ့ရသည့် ရုပ်အလောင်းများမှာ စက်တင်ဘာ ၂၄ ရက်တွင် ပေါ်ထွက်လာခဲ့သည်။ ယင်းကဲ့သို့ ဟိန္ဒူဘာသာဝင်များ အစုလိုက်အပြုံလိုက် အသတ်ခံရခြင်းမှာ မြန်မာ့သမိုင်းတွင် ပထမဆုံးဖြစ်ရပ်ဟု ဟိန္ဒူဘာသာရေးအဖွဲ့ခေါင်းဆောင်အချို့က ပြောကြားသည်။ ထိုသို့ ဖြစ်ရပ်များအပြင် ဟိန္ဒူဘာသာဝင်များ ထွက်ပြေးခဲ့ရမှု၊ အသတ်ခံရသည့်ဖြစ်စဉ်များ၊ လတ်တလောဖြစ်စဉ်များ၊ နိုင်ငံတကာမှ ထွက်ပေါ်လာသည့် အသံများကို စာဖတ်သူများ သိရှိနိုင်ရန် ရခိုင်ပြည်နယ်ရှိ ဟိန္ဒူကူညီထောက်ပံ့ရေးအဖွဲ့ တာဝန်ခံ ဦးရာဂူနေမြင့်နှင့် The Daily Eleven Media က တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ဦးရာဂူနေမြင့်မှာ ၁၉၉၆ ခုနှစ်၊ ၁၉၉၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ ဒုက္ခရောက်နေသည့် ဟိန္ဒူဘာသာဝင်များကို ကူညီမှုများ ဆောင်ရွက်လျက်ရှိသည်။

“ဟိန္ဒူတွေ အစုလိုက်အပြုံလိုက် အသတ်ခံရတယ်။ ရက်ရက်စက်စက် အသတ်ခံရတယ်။

အဲဒါနဲ့ပတ်သက်ပြီး လူ့အခွင့်အရေး အဖွဲ့အနည်းစုလောက်ပဲ အသံထွက်တယ်။ တော်တော်များများက ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသံသိပ်မထွက်တာကို တွေ့ရတယ် . . .”

■မေး - လက်ရှိမောင်တောမြို့မှာ နေရပ်စွန့်ခွာထွက်ပြေးနေတဲ့ ဟိန္ဒူဘာသာဝင်တွေ ဘယ်လောက်များ ရှိပါသလဲ။ သူတို့ကို ကူညီနေတဲ့ အခြေအနေလေးကို ပြောပြပေးပါခင်ဗျ။

■ဖြေ - လက်ရှိမောင်တောမြို့ တစ်ခုတည်းမှာတင် ဟိန္ဒူဘာသာဝင်တွေက ၁၈၀၀ ကျော်လောက် ရှိပါတယ်။ ဒါက မြို့ပေါ်စခန်းတွေမှာရှိတဲ့ အရေအတွက်ပေါ့။ ဘူးသီးတောင်မှာကတော့ အိမ်ထောင်စု ၉၀ လောက်ရှိတယ်။ လူဦးရေကတော့ ၇၀၀ လောက်ပေါ့။ စစ်တွေမှာက ၁၁၀၀ လောက်ရှိမယ်။ မောင်တောကစာရင်းက ကျွန်တော်တို့ စခန်းတွေမှာ ကောက်လို့ရတဲ့ စာရင်းပေါ့။ အဲဒီထဲမှာ ရွာတွေထဲမှာ ပိတ်မိနေတဲ့ စာရင်းတွေ မပါဘူး။ ပိတ်မိတဲ့ ရွာတွေမှာကတော့ ဘယ်လောက်ရှိလဲဆိုတာ မသိရဘူး။ စဖြစ်တဲ့ အချိန်ကတည်းက ကျွန်တော်တို့ ဟိန္ဒူဗဟိုအဖွဲ့ကို နယ်မြေတွေက သတင်းလှမ်းပို့တယ်။ အဲဒီကတည်းက ကူညီဖို့ကိစ္စတွေ လုပ်နေတာပေါ့။ ကြားထဲမှာ အိန္ဒိယဝန်ကြီးချုပ်လာတဲ့ ခရီးစဉ်ကလည်းရှိနေတော့ လူကိုယ်တိုင်ဆင်းဖို့က နောက်မှလိုက်နိုင်တယ်။ အရင်ဆုံးတော့ လိုအပ်တဲ့ရိက္ခာတွေကို ပို့ထားပေးတယ်။ အခုထိလည်း ကျန်းမာရေးအတွက် ဆေးဝါးတွေကအစ ထောက်ပံ့ပေးထားတယ်။ အဲဒီမှာရှိတဲ့ အလိုတော်ပြည့်ဆရာတော်ရဲ့ ကူညီမှုတွေနဲ့ပေါ့။

■ မေး - အလောင်းတွေကို တွေ့ရှိခဲ့တာနဲ့ ပတ်သက်ပြီးတော့ရောဘာများ ပြောချင်ပါသလဲ။ အဖွဲ့အစည်း အနေနဲ့ပေါ့။ တွေ့ရှိခဲ့တဲ့ အနေအထားတွေကိုလည်း ပြောကြားပေးပါခင်ဗျ။

■ ဖြေ - အလောင်းတွေ တွေ့ခဲ့တာကတော့ ဟိုဘက်ကို ဖမ်းဆီးခေါ်ဆောင် ခံရတဲ့ ဟိန္ဒူအမျိုးသမီးက ဒီဘက်ကို ဖုန်းဆက်ပြီး လှမ်းအကြောင်းကြားတဲ့ ဖြစ်စဉ်ပဲ။ အဲဒီကမှတစ်ဆင့် တူးဖော်လို့ရတာပေါ့။ အခုအစ်ကိုတို့ ကြားနေရတဲ့အတိုင်းပဲ။ ဒေသခံတွေကလည်း အဲဒီလိုပဲ ပြောကြတယ်။ အစ်ကိုတို့ရောက်တဲ့ အချိန်မှာ ဟိန္ဒူ  ၉၀ လောက်ပျောက်နေတယ်။ အဲဒါကိုရှာဖွေပေးဖို့ကို ပြောကြတယ်။ အဲဒါတွေကို ရှာဖွေပေးဖို့ အစ်ကိုတို့ကလည်း အစိုးရကို တင်ပြတယ်။ ဒီလောက် ဒီလောက်တော့ ပျောက်နေတယ်ဆိုပြီး ပြောထားတယ်။ အဲဒီကမှတစ်ဆင့် ဖုန်းနဲ့လှမ်းပြောတာတွေ ဖြစ်လာပြီးတော့ ပြန်ရှာတွေ့တာပေါ့။

■မေး - မောင်တောမြို့မှာဆိုရင် ဟိန္ဒူဘာသာဝင်တွေက အရေအတွက် သိပ်မရှိဘူး။ ကျွန်တော်တို့သိသလောက်ဆို ရာခိုင်နှုန်းက အတော်နည်းတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာကတော့ အစိုးရက လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ လုပ်ဆောင်နေတယ်ဆိုပြီး ပြောနေကြတာတွေရှိတာပေါ့။ အဲဒီအပေါ်မှာရော ဘာများပြောချင်လဲ။

■ဖြေ - အစ်ကိုအဲဒီဟာကို ခဏခဏ ပြောတယ်။ မောင်တောကိုရောက်တုန်းက ပြောကြတာက ရခိုင်တိုင်းရင်းသားနဲ့ ကျန်တဲ့ ဟိန္ဒူတွေက နှစ်ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ဒါက မောင်တောဒေသတစ်ခုလုံးမှာပေါ့။ မောင်တောနဲ့ ဘူးသီးတောင် နှစ်ခုပေါင်းမှ ငါးရာခိုင်နှုန်း လောက်ပဲရှိတယ်။ ကျန်တဲ့မောင်တောမြို့ လူဦးရေရဲ့ ၉၈ ရာခိုင်နှုန်းလောက်က ဘင်္ဂါလီတွေလို့ သိရတယ်။ အဲဒီနှစ်ရာခိုင်နှုန်းလောက်ထဲကမှ အစ်ကိုတို့ ဟိန္ဒူတွေနဲ့ မြိုတိုင်းရင်းသားတွေက ရာခိုင်နှုန်းအနည်းဆုံးပဲ။ ပြောရမယ်ဆို လူနည်းစုကို ပြပါဆိုရင် မြိုနဲ့ ဟိန္ဒူပဲရှိတယ်။ ခုနက ဘင်္ဂါလီတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတယ်ဆိုပြီး ပြောတာတွေက ဒါကသူတို့အမြင်ပဲ။ သူတို့အရေအတွက်က မြန်မာတစ်နိုင်ငံလုံးအနေနဲ့ ကြည့်မယ်ဆိုရင်တော့ လူနည်းစုပေါ့။ ဒါပေမဲ့ ပြဿနာဖြစ်တဲ့ မောင်တောဒေသ တစ်ခုအနေနဲ့ ကြည့်မယ်ဆိုရင် လူများစုပဲ။ အခုဆို အလောင်းတွေလည်း တွေ့နေရတော့ ဘယ်သူတွေက လူမျိုးသုဉ်းသတ်ဖြတ်ခံရလဲဆိုတာ သိတာပဲ။

■မေး  - အယ်ဂျားဇီးယား သတင်းဌာနက ရိုဟင်ဂျာဟိန္ဒူဆိုပြီး သုံးနှုန်းထားတာတွေ တွေ့ရတယ်။ အဲဒီအတွက်ကရော အစ်ကိုတို့အနေနဲ့ ဘာများပြောချင်ပါသလဲ။ မြန်မာနိုင်ငံမှာ အမည်နာမနဲ့ ပတ်သက်ပြီး အကဲဆတ်နေတဲ့အချိန်မှာ ဆိုတော့လေ။

■ဖြေ  - အဲဒီအသုံးအနှုန်းနဲ့ ပတ်သက်ပြီးတော့ အစ်ကိုတို့ ပြင်းပြင်းထန်ထန်လည်း ကန့်ကွက်တယ်။ အဓိက အမည်နာမပေါ့။ အစ်ကိုတို့ ရခိုင်ပြည်နယ်မှာ ဟိန္ဒူဆိုပြီး ဘယ်သူနဲ့မှလည်း ပြဿနာမဖြစ်ဘဲနဲ့ အေးအေး ချမ်းချမ်းနေကြတာ။ ဒါတောင်မှ အကြမ်းဖက်ခံရပြီး အသတ်ခံရတယ်။ အဲဒါကြောင့် နောင်တစ်ချိန်မှာဆိုရင် ဒီအမည်နာမနဲ့ တွဲပြီးသွားမယ်ဆိုရင် ရလဒ်တွေက ဆိုးလာမှာကို စိုးရိမ်တယ်။ အဲဒါကြောင့် ဟိန္ဒူအဖွဲ့ချုပ်ကရော၊ အစ်ကိုတို့ ဟိန္ဒူမိသားစုတွေ အကုန်လုံးကရော အဲဒီလို ပြောဆိုသုံးနှုန်းတာကို လက်မခံဘူး။ နောက်ပြီးတော့ သမိုင်းအကြောင်းအရာကိုပဲ ကြည့်ကြည့် မြန်မာနိုင်ငံမှာ ဟိန္ဒူ ၁၀ စုရှိတယ်။ အဲဒီဟာတွေကိုလည်း ဟိန္ဒူဘာသာရေး အဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံထဲမှာကို ကပါထားပြီးသား။ အခုသူတို့သုံးနှုန်းတဲ့ ရိုဟင်ဂျာဟိန္ဒူဆိုတာက အရင်ကလည်း မရှိခဲ့ဘူး။ နောင်လည်း ရှိမှာမဟုတ်ဘူး။ အဲဒါကြောင့် အစ်ကိုတို့ ကန့်ကွက်တယ်။ မီဒီယာတွေကတစ်ဆင့် ပြောနိုင်ဖို့ လုပ်တယ်။

■မေး - ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်နေတဲ့ ဟိန္ဒူဘာသာဝင်တွေက ဘယ်လောက်များရှိလဲ။ သူတို့ကို ပြန်ခေါ်နိုင်အောင် ဘာတွေများ ဆောင်ရွက်နေပါသလဲ။

■ဖြေ - လောလောဆယ်အစ်ကိုတို့ သိရသလောက်ကတော့ ဟိုဘက်ကို ရောက်နေတဲ့ ဟိန္ဒူဘာသာဝင် ၅၁၅ ယောက်လောက်ရှိတယ်။ အဲဒီထဲက တချို့ဆို အန္တရာယ်တွေကြားထဲ ရောက်နေတယ်လို့ သိရတယ်။ ကြောက်လန့်ပြီး နေနေရတယ်။ အဲဒီလူတွေအားလုံးကို အစိုးရက ၁၉၉၃ သဘောတူညီချက်နဲ့ ပြန်ခေါ်မယ်ဆိုပြီး ပြောထားတာ ရှိတယ်။ အဲဒီလို ပြန်ခေါ်မယ်ဆိုရင် ဟိန္ဒူလူမျိုးတွေကို အစိုးရနဲ့ ပူးပေါင်းပြီး နေရပ်ဒေသပြန်ရောက် အောင်ဆောင်ရွက်ပေးမယ်။ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ထောက်ပံ့ကူညီသွားမယ်။

■ မေး - အခုဟိန္ဒူဘာသာဝင်တွေ အစုလိုက်အသတ်ခံရတဲ့ ဖြစ်စဉ်အပေါ်မှာကို နိုင်ငံတကာအဖွဲ့တွေကို ဘာပြောချင်လဲ။

■ဖြေ  - အခုဖြစ်စဉ်ကို ဇောင်းပေးပြောတာ နည်းနေတယ်။ နိုင်ငံတကာ အဖွဲ့တွေ၊ လူ့အခွင့်အရေးအဖွဲ့ တွေဆိုတာက လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် ထောက်ပြမယ်၊ ဝေဖန်မယ်ပြောဆိုမယ်။ အဲဒါသူ တို့အလုပ်။ ဒါကကောင်းပါတယ်။ ကျွန်တော်တို့လည်း လူ့အခွင့်အရေး လှုပ်ရှားတဲ့သူတွေကို တန်ဖိုးထားပါတယ်။ မြတ်နိုးပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် ဘယ်သူပဲချိုးဖောက်ခံရခံရ မျှမျှတတလေး ဖော်ပြပေးစေချင်တယ်။ အခုလောလာဆယ်တော့ ဟိန္ဒူတွေ အစုလိုက်အပြုံလိုက် အသတ်ခံရတယ်။ ရက်ရက်စက်စက် အသတ်ခံရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့ အနည်းစုလောက်ပဲ အသံထွက်တယ်။ တော်တော်များများက ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသံသိပ်မထွက်တာကို တွေ့ရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သေသေချာချာဇောင်းပေးပြီး ဖော်ပြတာကို မတွေ့ရဘူး။ အဲဒါကြောင့် ပြောချင်တာကတော့ လူ့အခွင့်အရေး အသိုင်းအဝိုင်းကရော၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရော လာကြည့်ပါ။ လေ့လာပါ။ အဖြစ်မှန်အတိုင်း ပြောကြပါ။ မြင်တာကို မြင်တဲ့အတိုင်း ထုတ်ပြန်ပေးစေချင်တယ်။ အခုလိုဖြစ်တဲ့ကိစ္စကိုလည်း ကမ္ဘာကသိအောင် ထုတ်ပြန်ပေးစေချင်တယ်။ တစ်ခုတည်းကိုပဲကြည့်ပြီး မပြောစေချင်ဘူး။ ဖြစ်တဲ့ဟာမှန်သမျှကို လူ့အခွင့်အရေး ရှုထောင့်ကနေ ပြောပေးစေချင်တယ်။

■ မေး - ရခိုင်အရေးနဲ့ ပတ်သက်ပြီး အစိုးရရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ ဘာများပြောချင်လဲ။

■ ဖြေ  - အစိုးရရဲ့လုပ်ဆောင်ချက်အပေါ်မှာတော့ ကန့်လန့်တိုက်စရာ သိပ်မရှိဘူး။ သူ့မှာကလည်း နိုင်ငံတကာဖိအား၊ အကျပ်အတည်းတွေနဲ့ အလုပ်လုပ်နေရတဲ့အပေါ်မှာ သူ့ရဲ့အခက်အခဲ ဘာတွေရှိတယ်ဆိုတာ တချို့အရာတွေကို အစ်ကိုတို့ သိရပေမယ့် တချို့အရာတွေကျတော့ အစ်ကိုတို့မသိရတာတွေ ရှိတယ်။ သူတို့အခက်အခဲတွေ အကျပ်အတည်းတွေ ရှိနေတဲ့အပေါ်မှာ အစ်ကိုတို့ ကန့်လန့်တိုက်စရာ မလိုဘူး။ တတ်နိုင်သလောက် အားပေးတယ်။ ပါဝင်ပူးပေါင်းဆောင်ရွက်ရမယ့် အရာဆိုရင်လည်း ပူးပေါင်းဆောင်ရွက်မယ်။ အခုအချိန်ထိတော့ အစ်ကိုတို့ တောင်းဆိုခဲ့တဲ့အရာတွေ အားလုံးနီးပါးလောက်ကို ဆောင်ရွက်ပေးတယ်။ ပူးပေါင်းလုပ်ဆောင်ပေးတယ်။

■ မေး - အစ်ကိုတို့အနေနဲ့ နိုင်ငံတကာက အဖွဲ့အစည်းတွေကို ဘာများပြောကြားချင်ပါသလဲ။ ရခိုင်အရေးနဲ့ ပတ်သက်ပြီးတော့။

■ ဖြေ - ရခိုင်ကို သွားပြီးကူညီဆောင်ရွက်ပေးတဲ့ သူအနေနဲ့ နိုင်ငံတကာ မီဒီယာတွေ၊ အဖွဲ့အစည်းတွေကို ပြောချင်တာကတော့ ရခိုင်ဖြစ်စဉ်မှာ ဟိန္ဒူတင်မကဘူး။ ရခိုင်တိုင်းရင်းသားတွေရော အတိဒုက္ခရောက်နေတာတွေ၊ သေကြေပျက်စီးတာတွေ အများကြီးရှိနေတယ်ဆိုတာကို သိစေချင်တယ်။ သိအောင်လည်း လေ့လာစေချင်တယ်။ သိမြင်တဲ့ဟာကိုလည်း အများသိအောင် ပွင့်ပွင့်လင်းလင်း ဖော်ပြပေးစေချင်တယ်။ အခုလို မြန်မာနိုင်ငံမှာ ဟိန္ဒူတွေ အစုလိုက်အပြုံလိုက် အသတ်ခံရတယ်ဆိုတာ ရှိလည်း မရှိခဲ့သလို ကြားလည်းမကြားခဲ့ဖူးဘူး။ အိန္ဒိယမှာဆို ဟိန္ဒူက မျိုးနွယ်စုတစ်ထောင် ကျော်လောက်ရှိတယ်။ အဲဒီလူတွေအားလုံး Unity and Diversity ပေါ့။ နေတတ်တဲ့ အကျင့်ရှိတယ်။ ဒီမှာလည်း မျိုးနွယ် ၁၀ ခုလောက် ရှိတယ်။ ဘာပြဿနာမှ မရှိဘူး။ အခုဖြစ်စဉ်ကတော့ မြန်မာနိုင်ငံမှာ ပထမဆုံးဖြစ်မယ်လို့တော့ အစ်ကိုထင်တယ်။ ဒီနှစ်ဆို အစ်ကိုတို့ ဟိန္ဒူတွေရဲ့ ဘာသာရေးပွဲဖြစ်တဲ့ ဒီပါဝလီပွဲကို ခမ်းခမ်းနားနား မလုပ်တော့ဘူး။ သေဆုံးသွားတဲ့သူတွေနဲ့ ထပ်တူပူဆွေးပါတယ်ဆိုတာကို ပြချင်တယ်။ ရိုးရာထုံးတမ်း အစဉ်အလာအရ ဘုရားရှိခိုးတာတို့ဘာတို့ တော့ရှိမယ်။ အဝတ်သစ်အစားသစ်တွေ ဝတ်ပြီး အလှူပေးတာတို့ ဘာတို့တော့ ရှိမှာမဟုတ်ဘူးလောက်ဘူး။ ပျော်ပွဲရွှင်ပွဲတွေ အကုန်မလုပ်တော့ဘူး။

Most Read

Most Recent