နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် ဆက်သွယ်မေးမြန်းခြင်း

နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် ဆက်သွယ်မေးမြန်းခြင်း
Published 11 September 2017

'လူမဆန်ဘူးလို့ ကျွန်မကတော့ ထင်တယ်။ လူလို့ဖြစ်လာပြီဆို လူသားစိတ်ဓာတ်တော့ ရှိရမယ်'

မြန်မာနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် မွေးကင်းစအရွယ်မှာ စွန့်ပစ်ခံနေရတဲ့ ကလေးသူငယ်တွေ ရှိသလို လူ့ဘဝကိုတောင် မရောက်ရှိလိုက်ဘဲနဲ့ ဖျက်ချခံလိုက်ရတဲ့ ကလေးသူငယ်တွေလည်း အများအပြား ရှိနေပါတယ်။ ဒီလိုစွန့်ပစ်ခံနေရတဲ့ ကလေးသူငယ်တွေနဲ့ ပတ်သက်လို့ လူမှုဝန်ထမ်းဦးစီးဌာနကနေ ကလေးပြုစုရေး ဌာနတွေကို ဖွင့်လှစ်ထားပြီး ပြုစုစောင့်ရှောက်မှုတွေ လုပ်ပေးနေပါတယ်။ ဒီလို စွန့်ပစ်ခံ ကလေးသူငယ်တွေကို လူမှုဝန်ထမ်း ဦးစီးဌာနအနေနဲ့ ဘယ်လိုပြုစု စောင့်ရှောက်မှု ပြုလုပ်နေတယ်ဆိုတာနဲ့ ပတ်သက်လို့ နေပြည်တော် လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနဲ့ ဆက်သွယ် မေးမြန်းခဲ့သမျှ ပြန်လည် ကောက်နုတ် ဖော်ပြ လိုက်ရပါတယ်။

 

မေး - ဆရာမတို့ လူမှုဝန်ထမ်း ဦးစီးဌာနကနေ မွေးကင်းစ စွန့်ပစ်ကလေးငယ်တွေအတွက် ဘယ်လိုပြုစု စောင့်ရှောက်မှုတွေ လုပ်ပေးနေတယ် ဆိုတာကို သိချင်ပါတယ်။

ဖြေ - စွန့်ပစ်ကလေးငယ်တွေအတွက် ကျွန်မတို့ လူမှုဝန်ထမ်းဦးစီးဌာနမှာ ကလေးပြုစုရေး ဌာနဆိုပြီး ဖွင့်ထားပါတယ်။ အဲဒီမှာစွန့်ပစ် ကလေးငယ်တွေအပြင် မိဘမဲ့သွားတဲ့ ကလေးတွေကိုပါ နိုင်ငံတော် ကလေးငယ်တွေအနေနဲ့ ပြောရရင် ကိုယ့်သားသမီးလိုမျိုး မွေးတာပါ။ လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ တစ်နိုင်ငံလုံးမှာ ကလေးပြုစုရေးဌာနကို ခုနစ်ခုပဲ ဖွင့်ထားနိုင်ပါတယ်။

 

မေး-တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖွင့်လှစ်ထားတဲ့ ကလေးပြုစုရေးဌာန ခုနစ်ခုမှာ စွန့်ပစ်ကလေးငယ်တွေကို ဘယ်လိုမျိုး ပြုစု စောင့်ရှောက်ထားတယ်ဆိုတာကိုလည်း သိချင်ပါတယ် ဆရာမ။

ဖြေ - ကလေးပြုစုရေးဌာနရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ အကြောင်းအမျိုးမျိုးကြောင့် လူမှုရေး ချို့တဲ့နေတဲ့ ကလေးတွေနဲ့ စောင့်ရှောက်သူမဲ့ ကလေးငယ်တွေကို မွေးစကနေ ကလေးပြုစုရေး ဌာနမှာ ၁၀ နှစ်ပြည့်တဲ့အထိ ဘက်စုံဖွံ့ဖြိုးရေးနဲ့ မူလတန်းအရွယ်ပြီးမြောက်တဲ့အထိ ပြုစုစောင့်ရှောက်ပေးဖို့ဆိုတဲ့အတိုင်း လုပ်ဆောင်နေပါတယ်။ မူလတန်းပြီးရင် ကလေးတွေကို ကျွန်မတို့က မပြုစုမစောင့်ရှောက်တော့တာ မဟုတ်ပါဘူး။ ကလေးတွေက အရွယ်လည်း နည်းနည်းရောက်လာတော့ ယောကျ်ားလေးနဲ့ မိန်းကလေးကို ခွဲထားရပါတယ်။ မိန်းကလေးတွေကိုတော့ အမျိုးသမီးကလေးများ သင်တန်းကျောင်း၊ ယောကျ်ားလေးတွေကျတော့ လူငယ်သင်တန်းကျောင်းတွေမှာ ဆက်ပြီး ပျိုးထောင်ပေးပါတယ်။ အဲဒီကနေ ဘွဲ့ရပြီး သူတို့ဆန္ဒရှိတယ်ဆိုရင် ကျွန်မတို့ လူမှုဝန်ထမ်းဌာနမှာပဲ ဝန်ထမ်းအဖြစ် ပြန်ခန့်ပါတယ်။ လက်ရှိမှာတော့ ရွှေဂုံတိုင် ကလေးပြုစုရေးဌာနမှာ ၆၉ ဦး၊ မန္တလေး ကလေးပြုစုရေး ဌာနမှာ ၃၄ ဦး၊ မကွေး ကလေး ပြုစုရေးဌာနမှာ ၂၄ ဦး၊ မော်လမြိုင် ကလေး ပြုစုရေးဌာနမှာ ၃၂ ဦး၊ ကျိုင်းတုံကလေးပြုစုရေး ဌာနမှာ  ၅၀၊ ပုသိမ် ကလေးပြုစုရေးဌာန မှာ ၃၀ နဲ့ စစ်တွေ ကလေးပြုစုရေးဌာနမှာ ၂၂ ယောက်တို့ကို ပြုစုစောင့်ရှောက် နေပါတယ်။

 

မေး - မွေးကင်းစ ကလေးတွေကို စွန့်ပစ်နေတဲ့ အပေါ်မှာ ဆရာမအနေနဲ့ ဘယ်လိုမျိုး မှတ်ချက် ပေးချင်ပါသလဲ။

ဖြေ - လူမဆန်ဘူးလို့ ကျွန်မကတော့ ထင်တယ်။ လူလို့ဖြစ်လာပြီဆို လူသားစိတ်ဓာတ်တော့ ရှိရမယ်။ စွန့်ပစ်တဲ့သူတွေမှာလည်း အကြောင်းအမျိုးမျိုးတော့ ရှိမှာပေါ့။ ဒါမျိုးတွေကို ကျွန်မကတော့ မဖြစ်စေချင်ဘူး။ အကြောင်းအမျိုးမျိုးကြောင့် မွေးဖို့မဖြစ်နိုင်ဘူး ဆိုလို့ရှိရင်  ကျွန်မတို့ဆီမှာ လာအပ်ပါ။ တစ်နှစ်ကြာလို့ နှစ်နှစ်ကြာလို့ အပ်ထားတဲ့မိဘက လာပြန်ခေါ်ရင် ကျွန်မတို့က ပြန်ထည့်ပေးမှာပါ။ ကလေးသူငယ်တွေ မိသားစုနဲ့ကြီးပြင်းဖို့က ကျွန်မတို့ရဲ့ အန္တိမ ရည်မှန်းချက်ပဲ။ အဲဒီရည်မှန်းချက်ပြည့်ဖို့ဆိုရင် ကျွန်မတို့က လုပ်ပေးဖို့  ဝန်မလေးပါဘူး။ ကလေးသူငယ်တွေကို ဒီအတိုင်း မစွန့်ပစ်ကြပါနဲ့လို့ ကျွန်မက စွန့်ပစ်ကြမယ့်သူတွေကို ပြောချင်ပါတယ်။

 

မေး - လူမှုဝန်ထမ်း ဦးစီးဌာနအနေနဲ့ မွေးကင်းစ ကလေးသူငယ်တွေ မစွန့်ပစ်ဖို့အတွက် ပြည်သူတွေကို ဘယ်လိုမျိုး ပညာပေးမှုတွေ လုပ်နေပါသလဲ။

ဖြေ - ဒီကိစ္စကို တီဗွီမှာ ကြော်ငြာ၊ ရေဒီယိုကနေ အသံလွှင့်ဖို့က ပြဿနာရဲ့ အတိမ်အနက်က အဲဒီလောက်ကြီးကြီး နေလားဆိုတော့လည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆို မကြီးဘူးပေါ့။ ဒါပေမဲ့ ကလေး တစ်ဦးချင်းအတွက် ကျွန်တော့် ကျွန်မတို့ မခံနိုင်ဘူး။ အဲဒီတော့ ကျွန်မတို့က လုပ်ရတာ နည်းနည်းခက်နေတယ်။ ကလေးကိုဆေးရုံမှ စွန့်ပစ်သွားတာပဲ ဖြစ်ဖြစ်၊ ကြုံတဲ့နေရာမှာ စွန့်ပစ်သွားတာပဲ ဖြစ်ဖြစ် အနီးစပ်ဆုံး ကျွန်မတို့ လူမှုဝန်ထမ်း ဦးစီးဌာနကို ပို့ပေးဖို့ ပြည်သူတွေကို ပြောချင်ပါတယ်။ ပို့လည်း ပို့ပေးစေချင်တယ်။ နောက်ပြီး တစ်ဖက်က စွန့်ပစ်သူတွေရှိသလို တစ်ဖက်ကလည်း ပရဟိတသမားတွေ ရှိနေတယ်။ ဒါကြောင့် ကလေးငယ်အတွက် ရှင်သန်ပိုင်ခွင့်ဆိုတဲ့ အခွင့်အရေးကို အပြည့်အ၀ လုပ်ပေးနိုင်တယ် ပိုကောင်းတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ ပရဟိတ သမားတွေအတွက် အနိမ့်ဆုံး ကလေးငယ်တွေကို လုပ်ပေးရမယ်ဆိုတဲ့ ဥစ္စာကိုလည်း ရေးဆွဲနေတာ ပြီးပါတော့မယ်။ အဲဒါရေးဆွဲပြီးရင်တော့ ပရဟိတသမားတွေကို ကျွန်မတို့က စည်းရုံးဆွဲဆောင်ယူရမယ်။ ဘာလုပ်ရမယ်ဆိုပြီးတော့ မပြောပါဘူး။ ဒါပေမဲ့ ကလေးသူငယ် အခွင့်အရေးတွေက ဒီလိုရှိတဲ့အတွက် ပြည့်မီအောင်လုပ်ပေးပါ ဆိုပြီး ကျွန်မတို့က မေတ္တာရပ်ခံပါ့မယ်။ ကလေးတွေကို မစွန့်ပစ်အောင် ကျွန်မတို့က လုပ်ရမယ်။ အဲဒီအတွက် ကလေးသူငယ်စွန့်ပစ်မှု ကာကွယ်ရေးဆိုပြီး ပြီးခဲ့တဲ့လကစလို့ အစည်းအဝေး နှစ်ကြိမ်၊ သုံးကြိမ် ထိုင်ပါတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ ကလေးတွေကို ဆေးရုံမှာ စွန့်ပစ်တာပဲ ဖြစ်ဖြစ်၊ ပြည်သူလူထုအ တွင်းမှာ အကြောင်းအမျိုးမျိုးနဲ့ စွန့်ပစ်တာပဲ ဖြစ်ဖြစ် အဲဒီလိုဖြစ်စဉ်တွေက မလိုလားအပ်တဲ့ ကိုယ်ဝန်ဆောင်ရတာနဲ့လည်း သွားပတ်သက်နေတာကို တွေ့ရတယ်။ ဒါပေမဲ့ ဒီတစ်ခုတည်းတော့ မဟုတ်ဘူးပေါ့။ စီးပွားရေးပြဿနာ၊ လူမှုရေးပြဿနာတွေလည်း ပါနိုင်ပါတယ်။ အဲဒီလိုကိစ္စတွေမှာ လူငယ်တွေကို ကျွန်မတို့က အဓိကထားပြီး အသိပညာပေး ဆရာဖြစ်သင်တန်းတွေ ပေးမယ်ဆိုရင် အဲဒီ လူငယ်တွေကနေတစ်ဆင့် လူငယ်အချင်းချင်း အသိပညာပျံ့နှံ့ဖို့ ဆိုတဲ့သဘောနဲ့ ကျွန်မတို့ ဆောင်ရွက်နေပါတယ်။ ပထမအကြိမ် ဆရာဖြစ် သင်တန်းကတော့ ပြီးသွားပါပြီ။

 

မေး - ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေက  ဘယ်အခြေအနေအထိ ရောက်ရှိနေပြီ ဆိုတာကို သိချင်ပါတယ်။

ဖြေ - ကလေးသူငယ်တွေရဲ့ အခွင့်အရေး ပိုရစေချင်လို့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေဆိုပြီး ကျွန်မတို့ ပြင်နေပါတယ်။ နောက် လွှတ်တော်ပြန်စရင် ဒီဥပဒေကို အတည်ပြုပေးလိမ့်မယ်ထင်တယ်။ အဲဒီဥပဒေက လွှတ်တော်ကို ရောက်နေပါပြီ။

 

မေး - ကလေးပြုစုရေးဌာနက ကလေးတွေကို မွေးစားချင်တယ်ဆိုရင် မွေးစားလို့ရမလား ဆရာမ။

ဖြေ - ကလေးပြုစုရေးဌာနကို အလှူရှင်တွေက လာကြတယ်။ အဲဒီလိုလာတဲ့အခါမှာ တချို့ မွေးစားသွားတာတွေရှိတယ်။ အဲဒီလို မွေးစားမယ်ဆိုရင် ကျွန်မတို့ဘက်က စည်းကမ်းချက်တွေ ချမှတ်ထားတာ ရှိပါတယ်။ မွေးစားပြီး ပြီဆိုရင်လည်း ကျွန်မတို့က နှစ်ပတ်ကို စမ်းသပ်ကာလ ထားပါတယ်။

 

မေး - သြဂုတ်လတုန်းက အရေးပေါ်သန္ဓေတားဆေး ဝယ်ယူတာတွေနဲ့ ပတ်သက်လို့ ဆရာဝန်ထောက်ခံစာပါမှ ဆေးဆိုင်တွေက ရောင်းပေးဖို့ဆိုပြီး ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။ ဒီလို လုပ်လိုက်တဲ့ အတွက်ကြောင့် မလိုလားအပ်ဘဲ ကိုယ်ဝန်ဆောင်မှုတွေ ဖြစ်လာပြီး စွန့်ပစ် ကလေးငယ်တွေ တိုးလာနိုင်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေတဲ့အပေါ်မှာ ဆရာမအနေနဲ့ ဘာများပြောချင်ပါသလဲ။

ဖြေ  ကျန်းမာရေးဝန်ကြီးဌာနကလည်း သူတို့မှာ ပေါ်လစီ မရှိဘဲနဲ့တော့ မလုပ်ပါဘူး။ ကျွန်မမြင်တာကတော့ ကျန်းမာရေးဝန်ကြီးဌာနကလည်း လူငယ်တွေအနေနဲ့  ဆရာဝန်ကို သွားတိုင်ပင်လိုက်ရင် အသိပညာ ပေးနိုင်မယ်ဆိုပြီး ထင်တဲ့အတွက် အနည်းဆုံးတော့ အသိပညာတော့ရမယ်လို့ ကျွန်မကတော့ ယူဆတယ်။ လိုက်နာတာ မလိုက်နာတာကတော့ သွားမေးတဲ့သူရဲ့ အပိုင်းပေါ့။ အဲဒီလိုမျိုးကိုမှ မလာတဲ့သူကတော့ မှားတယ်လို့ ပြောချင်တယ်။

 

မေး - ဒီလို စွန့်ပစ်ကလေးငယ်တွေရဲ့ကိစ္စလျော့ကျ သွားဖို့ဆိုရင် ဆရာမအနေနဲ့ ဘာများ အကြံပေးချင်ပါသလဲ။

ဖြေ - အဓိက,ကတော့ ဝန်ကြီးဌာနတွေ အားလုံးပေါင်းပြီး ဝိုင်းလုပ်မှ ရမယ်။

Most Read

Most Recent