ပါရီတွင် ကားဝင်တိုက်ခံရမှုကြောင့် ပြင်သစ်စစ်သားခြောက်ဦး ဒဏ်ရာရရှိ

ပါရီတွင် ကားဝင်တိုက်ခံရမှုကြောင့် ပြင်သစ်စစ်သားခြောက်ဦး ဒဏ်ရာရရှိ
Published 9 August 2017

သြဂုတ် ၉ ရက်က ပါရီအပြင်ဘက်ရှိ Levallois - Perret တွင် ကင်းလှည့်စစ်သားများအား ကားဖြင့်ဝင်တိုက်ခဲ့သည့် နေရာအနီး စုဝေးနေသော တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးများ

ပါရီအနောက်ဘက် Levallois - Perret တွင် ကင်းလှည့်နေသော စစ်သားများကို ကားတစ်စီးဝင်တိုက်ခဲ့သောကြောင့် စစ်သားခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါရီရဲတပ်ဖွဲ့က သြဂုတ် ၉ ရက်တွင် ပြောကြားခဲ့သည်။

ဒေသစံတော်ချိန် နံနက် ၈ နာရီခန့်တွင် ကားတိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ယင်းကားက ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ကားတိုက်မှုဖြစ်ပွားခဲ့သည့် နယ်မြေအတွင်း လုံခြုံရေးစစ်ဆင်မှုဆောင်ရွက်နေကြောင်း ယာဉ်ကိုရှာဖွေနေဆဲဖြစ်ကြောင်း ပါရီရဲတပ်ဖွဲ့က Twitter တွင် ရေးသားခဲ့သည်။

ကားတိုက်မှုသည် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သည့် လုပ်ရပ်ဖြစ်ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ဖော်ပြခဲ့ပြီး ဒဏ်ရာရသူ ခြောက်ဦးအနက် နှစ်ဦးသည် ဒဏ်ရာပြင်းထန်ကြောင်း ပြောကြားခဲ့သည်။

ပြင်သစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်မှတ်ထားတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာမှစပြီး ပြင်သစ်သည် အရေးပေါ်အခြေအနေအောက်တွင် ရှိနေဆဲဖြစ်သည်။ ပြီးခဲ့သည့် သြဂုတ် ၅ ရက်ကလည်း အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဓားဖြင့်လိုက်ထိုးခဲ့ပြီး “အလ္လာဟူ အက္ကဘာ” ဟု အော်ဟစ်ခဲ့ပြီးနောက် အီဖယ်မျှော်စင်အနီးတွင် ဖမ်းဆီးခံခဲ့ရသည်။

စစ်သားတစ်ဦးအား သတ်လိုကြောင်း စုံစမ်းစစ်ဆေးသူများကို ၎င်းက ပြောကြားခဲ့သည်ဟု အမှုနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလကလည်း ပါရီ၏ လုဗ်ပြတိုက်အနီးတွင် ဓားကိုင်ထားသော အမျိုးသားတစ်ဦးက ကင်းလှည့်နေသော စစ်သားလေးဦးကို တိုက်ခိုက်ခဲ့သည်။ ဧပြီလတွင် ရှောင်အလစ်ဇေးရိပ်သာတွင် အစွန်းရောက်တစ်ဦးက ရဲတစ်ဦးကို ပစ်သတ်ခဲ့သည်။

IS တို့ကို သစ္စာခံထားသည်ဟု ပြောကြားသည့် အသက် ၄၀ အရွယ် အယ်ဂျီးရီးယား ပါရဂူကျောင်းသားတစ်ဦးသည် ဇွန်လက နော်တာဒိမ်းဘုရားကျောင်း အပြင်ဘက်တွင် ရဲတစ်ဦးကို တူဖြင့်တိုက်ခိုက်ခဲ့သည်။

ပြင်သစ်ကို ပစ်မှတ်ထားတိုက်ခိုက်မှုများအနက် အဆိုးရွားဆုံးသော တိုက်ခိုက်မှုဖြစ်သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက် တိုက်ခိုက်မှုတွင် ဗုံးခွဲမှုများနှင့် ပစ်ခတ်မှုများကြောင့် လူ ၁၃၀ ခန့်သေဆုံးခဲ့သည်။ ယင်းတိုက်ခိုက်မှုကို ၎င်းတို့လက်ချက်ဟု IS တို့က ပြောကြားခဲ့သည်။

ပြင်သစ်သည် အမေရိကန်ဦးဆောင်သော IS နှိမ်နင်းရေးအပြည်ပြည်ဆိုင်ရာ ညွှန့်ပေါင်းအဖွဲ့တွင် ပါဝင်နေပြီး ဆီးရီးယားတွင် IS တို့ကို လေကြောင်းတိုက်ခိုက်မှုများ ဆောင်ရွက်နေသည်။ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပြင်သစ်သို့ ကမ္ဘာလှည့်ခရီးသွားလာရောက်မှု ဆိုးဆိုးရွားရွားကျဆင်းခဲ့ပြီး အကြမ်းဖက်မှုများကြောင့်သေဆုံးမှု လျော့ကျလာသောကြောင့် ပြင်သစ်ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာနေသည်။

ယခုနှစ်တွင် ပြင်သစ်သို့ ကမ္ဘာလှည့်ခရီးသွားလာရောက်မှုသည် ငါးရာခိုင်နှုန်းမှ ခြောက်ရာခိုင်နှုန်းတိုးတက်ပြီး ခရီးသွား ၈၉ သန်းအထိ စံချိန်တင်လာရောက်မည်ဟု ပြင်သစ်ခရီးသွားလုပ်ငန်းက မျှော်မှန်းထားသည်။

ပါရီတွင် စားသောက်ဆိုင်များ၊ ကပွဲခန်းမတစ်ခုနှင့် အမျိုးသားအားကစားရုံတို့တွင် IS တို့၏ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး နောက် ၂၀၁၆ ခုနှစ် မတ်လကုန်တွင် ပါရီသို့ ခရီးသွားလာရောက်မှု အနိမ့်ဆုံးဖြစ်ခဲ့သည်။

Ref ; AFP

Most Read

Most Recent