
သြဂုတ် ၆ ရက်က အာချေးပြည်နယ်တွင် တရားမဝင်စိုက်ပျိုးထားသော ဆီအုန်းပင်များကို ခုတ်လှဲနေသည့် အလုပ်သမားများ (Photo: AFP)
ရုရှားအစိုးရအား နိုင်ငံတကာက ပိတ်ဆို့မှုများ ချမှတ်ထားသည့်အပေါ် အမြတ်ထုတ်လိုပြီး ရုရှား၏တိုက်လေယာဉ်များကို ၎င်းတို့၏အုန်းဆီ၊ ကော်ဖီ၊ လက်ဖက်ထုတ်ကုန်တို့နှင့် လဲလှယ်သွားမည်ဟု အင်ဒိုနီးရှားက သြဂုတ် ၇ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့သည် အင်ဒိုနီးရှားသို့ လာရောက်မည့် အချိန်တွင် အင်ဒိုနီးရှားအစိုးရက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အင်ဒိုနီးရှားနှင့် ရုရှားတို့သည် ရုရှားလုပ် Sukhoi တိုက်လေယာဉ် ၁၁ စင်းနှင့် အဓိကကုန်ပစ္စည်းများလဲလှယ်မည့် သဘောတူစာချုပ် မူကြမ်းအား ပြီးခဲ့သည့် သီတင်းပတ်က မော်စကိုတွင် လက်မှတ်ရေးထိုးခဲ့သည်ဟု အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။ “ဒီအကြံအစည်ဟာ ပြီးခဲ့တဲ့နှစ်က ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားဟာ နိုင်ငံရဲ့ အဓိကထွက်ကုန်တွေနဲ့ ဂျက်လေယာဉ်တွေ ကို လဲလှယ်သင့်တယ်လို့ လူတစ်ချို့က အကြံပြုခဲ့ပါတယ်” ဟု ပြောခွင့်ရပုဂ္ဂိုလ် မာရိုလော နိုင်ဂိုလန်က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်မှု၊ ယူကရိန်းနိုင်ငံ၏ ခရိုင်းမီးယားဒေသကို သိမ်းပိုက်မှုတို့အတွက် ဥရောပသမဂ္ဂနှင့် အမေရိကန်တို့သည် ရုရှားကို ပစ်မှတ်ထား၍ အရေးယူ ပိတ်ဆို့မှုများ လုပ်ဆောင်နေသည်။ ထိုပိတ်ဆို့မှုများကြောင့် ရုရှားသည် သွင်းကုန်များအတွက် ဈေးကွက်သစ်ကို ရှာဖွေရန် ဖိအားဖြစ်စေခဲ့သည်။
မည်သို့ပင်ဖြစ်စေ ထိုပိတ်ဆို့မှုများသည် အင်ဒိုနီးရှားအစိုးရအတွက် သတင်းကောင်းဖြစ်သည်ဟု အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး အန်ဂါနီစတိုလူကီတာက ပြောကြားခဲ့သည်။ “ဒါဟာ လက်မလွှတ်သင့်တဲ့ အခွင့်အရေးကောင်းတစ်ခုပါပဲ” ဟု ၎င်းက ပြီးခဲ့သည့် သီတင်းပတ်က မော်စကို၌ရှိနေစဉ် ပြောကြားခဲ့သည်။
ယခုသဘောတူညီချက်ကို ရုရှား၏ Rostec လုပ်ငန်းနှင့် အင်ဒိုနီးရှား၏ PT Perusahaan Perdagangan တို့ကြားတွင် ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ယင်းသဘောတူညီချက်သည် စွမ်းအင်နှင့် လေကြောင်းကဏ္ဍအထိ တိုးချဲ့ပြီး အနာဂတ်တွင် နှစ်ဖက်သဘောတူ ကုန်သွယ်ရေးများလုပ်ဆောင်သွားရန် အစ ဖြစ်နိုင်သည်လည်း ဝန်ကြီးလူကီတာက ပြောကြားခဲ့သည်။
သို့သော် မည်သည့်အချိန်တွင် လဲလှယ်ကြမည်နှင့် လဲလှယ်မှုတန်ဖိုးများကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့သည် အရှေ့တောင်အာရှ၏ စီးပွားရေးအင်အားအကြီးဆုံး အင်ဒိုနီးရှားသို့ သြဂုတ် ၈ ရက်နှောင်းပိုင်း၌ လာရောက်သည့်အချိန်တွင် ကုန်ဖလှယ်မှု ၏ အသေးစိတ်အကြောင်းအရာများ ထွက်ပေါ်လာနိုင်ခြေရှိသည်။














