ဆမ်ဆောင်းဥက္ကဋ္ဌ ဆက်ခံမည့်သူကို ထောင်ဒဏ် ၁၂ နှစ်ချမှတ်ရန် အစိုးရရှေ့နေများ တောင်းဆို

ဆမ်ဆောင်းဥက္ကဋ္ဌ ဆက်ခံမည့်သူကို ထောင်ဒဏ် ၁၂ နှစ်ချမှတ်ရန် အစိုးရရှေ့နေများ တောင်းဆို
Published 7 August 2017


သြဂုတ် ၇ ရက်က ဆမ်ဆောင်း ဒုတိယဥက္ကဋ္ဌဖြစ်သူ လီဂျေယောင်းက ကြားနာစစ်ဆေးမှုခံယူရန် တရားရုံးသို့ ရောက်လာသည်ကို တွေ့ရစဉ် (Photo: AFP)

တောင်ကိုရီးယား၏ ပထမဆုံးအမျိုးသမီးသမ္မတ ပက်ကွမ်ဟီးအား ရာထူးမှပြုတ်ကျစေခဲ့သော အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်မှုဖြင့် ဆမ်ဆောင်း၏ ဥက္ကဋ္ဌနေရာ ဆက်ခံမည့်သူအား ထောင်ဒဏ် ၁၂ နှစ်ချမှတ်ရန် အစိုးရရှေ့နေများက သြဂုတ် ၇ ရက်တွင် တောင်းဆိုခဲ့ကြသည်။ ဆမ်ဆောင်း အီလက်ထရွန်နစ်၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ လီဂျေယောင်းအား နောက်ဆုံးကြားနာစစ်ဆေးမှုတွင် လီသည် ယင်းအရှုပ်တော်ပုံ၌ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများ၌ နောက်ဆုံးအကျိုးခံစားခွင့်ရခဲ့သူဖြစ်ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။

လီအား စီရင်ချက်ချရန်နှင့် အစိုးရရှေ့နေများ၏ အဆိုပြုပြစ်ဒဏ်အား ချမှတ်ရန် တရားသူကြီးများကသာ အတည်ပြုခဲ့ပါက အာရှ၏ စတုတ္ထအင်အားအကြီးဆုံး စီးပွားရေးဖြစ်သော တောင်ကိုရီးယားတွင် လွှမ်းမိုးထားသည့် မိသားစုလုပ်ငန်းကြီး Chaebol မှ ထိပ်တန်းအမှုဆောင်တစ်ဦးကို အပြင်းထန်ဆုံး ပြစ်ဒဏ်ချမှတ်မှု ဖြစ်လာမည်ဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူနှင့် တောင်ကိုရီးယား၏ အကြီးဆုံးကုမ္ပဏီဖြစ်သော ဆမ်ဆောင်းမှ အခြားအမှုဆောင်လေးဦးသည်လည်း သမ္မတထံမှ မျက်နှာသာပေးမှုရရှိရန်နှင့် ၂၀၁၅ ခုနှစ်တွင် လုပ်ငန်းခွဲနှစ်ခု ပေါင်းစပ်ရေးအတွက် အငြင်းပွားဖွယ် သဘောတူညီချက်ရရှိနိုင်ရန် သမ္မတဟောင်းပက်၏ အနီးကပ်လူယုံထံ ဒေါ်လာသန်းချီ လာဘ်ထိုးခဲ့သည်ဟု စွပ်စွဲခံထားရသည်။

အလွဲသုံးစားပြုမှုနှင့် ပြည်ပ၌ပိုင်ဆိုင်မှုများအား လျှို့ဝှက်ထားမှု စသည့်စွဲချက်များလည်း ရင်ဆိုင်ထားရသော လီ၊ ၄၉ နှစ်အား ထောင်ဒဏ် ၁၂ နှစ်၊ ပူးတွဲစွပ်စွဲခံထားရသူ အမှုဆောင်လေးဦးအနက် သုံးဦးအား ထောင်ဒဏ် ၁၀ နှစ်စီ၊ နောက်ဆုံးတစ်ဦးအား ခုနစ်နှစ်ချမှတ်ရန် အစိုးရရှေ့နေများက တောင်းဆိုခဲ့သည်။ စီရင်ချက်များကို သြဂုတ် ၂၅ ရက်၌ ချမှတ်မည်ဖြစ်သည်။

ပြီးခဲ့သော ခြောက်လအတွင်း စစ်ဆေးမေးမြန်းရန်အတွက် ထိန်းသိမ်းခံထားရသော လီက မည်သည့်အမှားအယွင်းမျှ မကျူးလွန်ခဲ့ကြောင်း ငြင်းဆိုထားသည်။ တရားရုံးတွင် နောက်ဆုံးကြေညာချက် ထုတ်ပြန်ရာ၌ လီက ကြီးမားသော စိတ်အနှောင့်အယှက် ဖြစ်စေခဲ့မှုအတွက် အလွန်အမင်းစိတ်မကောင်းဖြစ်ပြီး တောင်းပန်သည်ဟု ထပ်မံပြောကြားလိုကြောင်း ဆိုခဲ့သည်။ ပြီးခဲ့သောသီတင်းပတ်က ခုခံထွက်ဆိုမှု၌ လီက ကျယ်ပြန့်သော ဆမ်ဆောင်းအုပ်စုတွင် ဆုံးဖြတ်ချက်ချမှတ်သည့်ကဏ္ဍ၌ မည်သည့်အခါမျှမပါဝင်ခဲ့ဘဲ အများအားဖြင့် အခြားအမှုဆောင်များ၏ အကြံပြုမှုများကိုသာ နားထောင်ခဲ့ကြောင်းဆိုခဲ့သည်။ လီအပေါ် စွဲဆိုထားသော စွပ်စွဲချက်များသည် တရားနည်းလမ်းမကျဘဲ စွပ်စွဲခံခဲ့ရသူများသည် ၎င်းတို့လှူဒါန်းခဲ့မှုများအတွက် မည်သည့်တစ်စုံတစ်ရာမျှ ပြန်လည်တောင်းခံခဲ့ခြင်းမရှိကြောင်း ၎င်းတို့၏ရှေ့နေများက ပြောကြားခဲ့သည်။

Writer - Ref: AFP

Most Read

Most Recent