ဗီယက်နမ်တွင် ရေကြီးမှု၊ မြေပြိုမှုတို့ကြောင့် လူ ၂၆ ဦးသေဆုံး

ဗီယက်နမ်တွင် ရေကြီးမှု၊ မြေပြိုမှုတို့ကြောင့် လူ ၂၆ ဦးသေဆုံး
Published 7 August 2017


နိုင်ငံမြောက်ပိုင်း Yen bai ပြည်နယ်တွင် ရေကြီးမှုကြောင့် ပျက်စီးသွားသည့်နေရာ၌ ရေစုပ်စက်တစ်လုံးနှင့်အတူ တွေ့ရသော စစ်သားများ (Photo: AFP)

ဗီယက်နမ်နိုင်ငံ၏ တောင်တန်းထူထပ်သော မြောက်ပိုင်းဒေသတွင် မိုးများသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေကြီးမှုနှင့် မြေပြိုမှုတို့ဖြစ်ပေါ်ပြီး လူ ၂၆ ဦးသေဆုံးကာ လူ ၁၅ ဦးပျောက်ဆုံးနေသည်ဟု အာဏာပိုင်တို့က သြဂုတ် ၇ ရက်တွင် ပြောကြားခဲ့သည်။

သြဂုတ်လဆန်းကတည်းက Dien Bien၊ Yen Bai၊ Son La၊ Cao Bang နှင့် Lai Chau ပြည်နယ်တို့တွင် ရေကြီးမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ရသည်ဟု ဟနွိုင်းအခြေစိုက် သဘာဝဘေးအန္တရာယ် ထိန်းချုပ်ရေးရုံးက ထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။ “သေဆုံးသူ ၂၆ ဦးရှိပြီး ၁၅ ဦးပျောက်ဆုံးကာ ၂၇ ဦးဒဏ်ရာရရှိထားပါတယ်” ဟု ထုတ်ပြန်မှုကဆိုသည်။ Yen bai ပြည်နယ်တွင် သြဂုတ် ၃ ညပိုင်းက ရေကြီးမှုကြောင့် ရွာများပျက်စီးခဲ့ရပြီး ထိုရေများသည် တောင်တန်းများပေါ်မှ ကျောက်တုံးကြီးများကိုလည်း သယ်ဆောင်လာကြသည်ဟု မျက်မြင်သက်သေများက ပြောခဲ့သည်။ “အချိန်တိုလေးအတွင်းမှာပဲ ကျွန်တော်တို့ရွာထဲက နေအိမ်ဒါဇင်ပေါင်းများစွာ ရေထဲမျောပါကုန်ကြပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံအနောက်မြောက်ပိုင်းဒေသ တစ်ခုလုံးတွင် နေအိမ်ပေါင်း ၆၅၀ ကျော်ပျက်စီးခဲ့ပြီး သီးနှံစိုက်ခင်း ဟက်တာပေါင်းများစွာ ဆုံးရှုံးကာ၊ လမ်းများလည်း ပျက်စီးခဲ့သည်ဟု အာဏာပိုင်များကဆိုသည်။

ဗီယက်နမ်တွင် ယမန်နှစ်က ရေကြီးမှုနှင့် ရာသီဥတုဆိုးရွားမှုကြောင့် သေဆုံးသူ ၂၃၅ ဦးရှိခဲ့ပြီး ဆုံးရှုံးမှုဒေါ်လာ ၁ ဒသမ ၇ ဘီလျံရှိသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

Writer : Ref: AFP

Most Read

Most Recent