NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ချင်းမိုင်မြို့တွင် စတင်

NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ချင်းမိုင်မြို့တွင် စတင်
Published 9 September 2018

NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ချင်းမိုင်မြို့၌ ပြုလုပ်စဉ် (Photo: NCA-SEAO Office)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့မှ ထိပ်သီးခေါင်း ဆောင်များ၏ တတိယအကြိမ်မြောက်အစည်း အဝေးကို စက်တင်ဘာ ၈ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ စတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

စက်တင်ဘာ ၈ ရက်မှ ၁၁ ရက်အထိ ပြုလုပ်မည့် ယခုဆွေးနွေးပွဲသို့ NCA တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသေး သော “ဝ” အဖွဲ့ (UWSA) ဦးဆောင်သည့် မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ  (FPNCC) မှ ခေါင်းဆောင်များနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ ဘုံရည်မှန်းချက်သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည် ထောင်စုကိုတည်ဆောက်ရေးပင်ဖြစ်ပြီး ယင်း ရည်မှန်းချက်အောင်မြင်ရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သာလျှင် တစ်ခုတည်းသော လမ်းစဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က အစည်းအဝေး အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

“ဦးစွာပြောကြားလိုတာကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး ဘုံမျှော်မှန်းချက်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့ပဲ ဖြစ်ပါတယ်။ ဒီရည်မှန်းချက် အောင်မြင်ဖို့ကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သာလျှင် တစ်ခုတည်းသောလမ်းစဖြစ်ပါတယ်။ ဒီလမ်းစဟာ တိုင်းပြည်ရဲ့ လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ ထွက်ပေါက်လည်း ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

သို့ရာတွင် ဆယ်စုနှစ်များစွာ ဖြတ်သန်းခဲ့ရသော စနစ်အမျိုးမျိုး၏ ပုံဖော်မှုများကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှုမြင်သည့်နေရာတွင် တစ်ဖက်နှင့်တစ်ဖက်အကြား နက်ရှိုင်းသော ကွာဟမှုများရှိနေသည်ကို တွေ့မြင်ကြရမည်ဖြစ်ပြီး အဆိုပါကွာဟမှုကို ဖြေရှင်းနိုင်ရေးအတွက် သဘောထားကြီးမှု၊ အမြင်ကျယ်မှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံသော စိတ်ဓာတ်များ မွေးမြူရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောကြားသည်။

လက်ရှိတွင် NCA သည် ပဏာမသဘောဆောင်ပြီး Bilateral ကို အခြေခံသော တစ်နိုင်ငံလုံးကို လွှမ်းခြုံသော အပစ်အခတ်ရပ်စဲရေး စာချုပ်ဖြစ်သည့်အတွက် Bilateral အ ဆင့်မှ နိုင်ငံရေးရပ်ဝန်းဆိုင်ရာသဘောတူ ညီမှုရရှိရန် လိုအပ်နေပြီး ထိုသို့ နိုင်ငံရေးရပ်ဝန်းဆိုင်ရာသဘောတူညီမှု မရှိသောကြောင့် နိုင်ငံရေးဆွေးနွေးပွဲများ တုံ့ဆိုင်းနေကာ အ ခက်အခဲများ ကြုံတွေ့နေရခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ထောက်ပြပြောကြားသည်။

“ဒီကြုံတွေ့နေရတဲ့ အခက်အခဲကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက် ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတဲ့ ခေါင်းဆောင်များအကြားမှာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် ဘုံရည်မှန်းချက် နဲ့ ဘုံစံနှုန်းတွေ ညှိနှိုင်းရယူဖို့ လိုပါတယ်” ဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောကြားသည်။

NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေး ပြုလုပ်နေစဉ် (Photo: NCA-SEAO Office)

ထိုသို့ဘုံသဘောထားများကို တည်ဆောက်သည့်နေရာတွင်လည်း NCA စာချုပ်တွင် လက်မှတ်မထိုးရသေး သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများလည်း မရှိမဖြစ် ပါဝင်ရမည်ဖြစ်သည့်အတွက်ကြောင့် အဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအတွက် အလွတ်သဘောဆွေးနွေးပွဲများမှ စတင်ပါဝင်ခွင့်ရှိရမည်ဟု ၎င်းက ပြောကြားသည်။

“ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်သူ့ကိုမှ ချန်ထားလို့မရလို့ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အားလုံးအကြား  ယုံကြည်မှုတည်ဆောက်နေသည့်နေရာတွင် အထောက်အကူဖြစ်စေနိုင်မည့်ကိစ္စရပ်များကို ဦးစားပေးရွေးချယ်သွား ရမည်ဖြစ်သကဲ့သို့ ရေရှည်တည်တံ့ခိုင်မြဲ သော ငြိမ်းချမ်းရေးရရှိရေးအတွက် မည်သို့ အတူတကွ အကောင်အထည် ဖော်သွားကြမည်ဆိုသည်ကို ယခုဆွေးနွေးပွဲတွင် ဆွေးနွေးသွားကြရမည်ဟု ဗိုလ်ချုပ်ကြီးစောမူတူး စေးဖိုးက ပြောကြားခဲ့သည်။

Most Read

Most Recent