တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များကို အပစ်အခတ်ရပ်စဲရေး ချက်ချင်းကြေညာရန် တောင်းဆို

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များကို အပစ်အခတ်ရပ်စဲရေး ချက်ချင်းကြေညာရန် တောင်းဆို
Published 20 May 2018

မူဆယ်မြို့အတွင်း လုံခြုံရေးရယူနေသည့် ပြည်သူ့စစ်အဖွဲ့ဝင်များကို မေ ၁၂ ရက် နံနက်က တွေ့ရစဉ် (ဓာတ်ပုံ-ကရုဏာလူမှုကူညီရေးအသင်း)

တရုတ်နိုင်ငံက မြန်မာနိုင်ငံမြောက်ပိုင်းရှိ လက်နက်ကိုင်အဖွဲ့များအား ချုပ်တည်းမှုကို ပြသရန်နှင့် အပစ်အခတ်ရပ်စဲရေး ချက်ချင်းကြေညာရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ အဆိုပါဒေသအတွင်းတွင် ဖြစ်ပွားသော တိုက်ခိုက်မှုများကြောင့် တရုတ်နိုင်ငံသားသုံးဦး သေဆုံးခဲ့ပြီးနောက် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုများကြောင့် ဒုံးကျည်သုံးစင်းနှင့် လမ်းလွဲလာသော ကျည်ဆန်အချို့သည်လည်း တရုတ်နိုင်ငံပိုင်နက်အတွင်း ကျရောက်ခဲ့သည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက မေ ၁၈ ရက် အနှောင်းပိုင်းတွင် Weibo လူမှုမီဒီယာရှိ ၎င်းတို့၏ တရားဝင်အကောင့်၌ ထုတ်ပြန်ထားသော ကြေညာချက်မှတစ်ဆင့် ပြောကြားခဲ့သည်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့သည် ယင်းကိစ္စကို အနီးကပ်အာရုံစိုက်နေကြောင်းနှင့် တရုတ်-မြန်မာ နယ်စပ်တစ်လျှောက် ကင်းလှည့်ခြင်းများနှင့် လုံခြုံရေးဆောင်ရွက်မှုများကို အင်အားတိုးမြှင့်ထားကြောင်း ပြောကြားခဲ့သည်။

“တရုတ်တပ်မတော်ဟာ နယ်စပ်ထိန်းချုပ်မှုကို အားကောင်းအောင်လုပ်ဖို့နဲ့ နိုင်ငံတော် အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ နယ်စပ်တည်ငြိမ်မှုနဲ့ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ဘေးကင်းလုံခြုံမှုတွေကို ခိုင်ခိုင်မာမာ ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်သမျှနည်းလမ်းတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မြန်မာနိုင်ငံမြောက်ပိုင်းတွင် တင်းမာမှုများသည် လွန်ခဲ့သည့်လအတွင်း မြင့်တက်၍လာခဲ့သည်။

မြန်မာနိုင်ငံအတွက် အရေးကြီးသည့် ပြည်ပကုန်သွယ်ရေး အချက်အချာကျရာနေရာဖြစ်သော မူဆယ်မြို့သို့ တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) က ဝင်ရောက်ပစ်ခတ်မှုကြောင့် ဒေသခံအရပ်သား အမျိုးသား ၁၃ ဦး၊ အမျိုးသမီးနှစ်ဦး၊ ရဲအရာရှိတစ်ဦး၊ ပြည်သူ့စစ်သုံးဦး စုစုပေါင်း ၁၉ ဦး သေဆုံးခဲ့ပြီး အရပ်သားအမျိုးသား ၁၇ ဦး၊ အမျိုးသမီးတစ်ဦး၊ ရဲတပ်ဖွဲ့ဝင်သုံးဦး၊ ပြည်သူ့စစ်ခြောက်ဦး စုစုပေါင်း ၂၇ ဦး ဒဏ်ရာရရှိခဲ့ပြီး နောက်ပိုင်းတွင် ဒဏ်ရာရရှိသူများထဲမှ သေဆုံးသူ အချို့ရှိသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေ ၁၂ ရက်က သတင်းထုတ်ပြန်ခဲ့ရာတွင် TNLA အဖွဲ့သာမက ကချင်လက်နက်ကိုင်အဖွဲ့ (KIA) လည်း ပစ်ခတ်တိုက်ခိုက်မှုတွင် ပါဝင်ကြောင်း ဖော်ပြထားသည်။

မူဆယ်မြို့သို့ ဝင်ရောက်တိုက်ခိုက်ခြင်းသည် တောတွင်း၌ တပ်မတော်မှ အင်အားအဆမတန် ဖြည့်တင်းလာခြင်းနှင့် မဟာမိတ် KIA နှင့် တိုက်ပွဲပြင်းထန်မှုကြောင့် အသေးစားစစ်ဆင်ရေး ပြုလုပ်ခြင်းဖြစ်ကြောင်း TNLA က ကနဦးထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် TNLA က ရှင်းလင်းချက်ထုတ်ပြန်ရာတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းအပါအဝင် အခြားလုပ်ငန်းများ ဆောင်ရွက်နေသည့် ပန်ဆေးပြည်သူ့စစ်ပိုင် လောင်းကစားရုံအား ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုသို့ တိုက်ခိုက်မှုများအပြီးတွင် TNLA က အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (Federal Political Negotiation and Consultative Committee-FPNCC) နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်တို့ မေ ၁၈ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲအား မစ္စတာဆွန်ကော့ရှန်က ဖိတ်ကြားခြင်းဖြစ်ပြီး FPNCC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်ခေါင်းဆောင်များ တက်ရောက်ခဲ့ကာ FPNCC အဖွဲ့ဝင်များအနေဖြင့် တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ လက်ရှိဖြစ်ပျက်နေသော နိုင်ငံရေး၊ ဒေသတည်ငြိမ်ရေး ပြဿနာများကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းဘဲ တွေ့ဆုံဆွေးနွေး အဖြေရှာသွားကြရန် တိုက်တွန်းအကြံပြုချက်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း FPNCC က ကြေညာချက်ထုတ်ပြန်သည်။

ထို့ပြင်တွေ့ဆုံမှု၌ မစ္စတာဆွန်ကော့ရှန်က လာမည့် (၂၁) ရာစု တတိယအကြိမ် ပင်လုံအစည်းအဝေးသို့ FPNCC အဖွဲ့ဝင်များအား တက်ရောက်ရန် ဖိတ်ကြားလာပါက တက်ရောက်ကြရန် တိုက်တွန်းအကြံပြုခဲ့ကြောင်းနှင့် လက်ရှိဖြစ်ပျက်နေသော နိုင်ငံရေး၊ စစ်ရေးပြဿနာများ၊ နယ်စပ်ဒေသ တည်ငြိမ်ရေးကိစ္စများကို တွေ့ဆုံဆွေးနွေးအဖြေရှာရန် FPNCC အဖွဲ့ဝင်များအနေဖြင့် အဆင်သင့်ရှိသည်ကို ဆွေးနွေးခဲ့ကြကြောင်း FPNCC ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။