လက်ဖက်ရည်သောက်ရင်း စာဖတ်ရင်း ငေးနေမိတော့ လက်ဖက်ရည်သာ ကုန်သွားတယ်၊ ဘာအရသာမှန်း မသိလိုက်ဘူး။ နောက်ဆုံး တစ်ငုံသောက်မယ်လို့ ခွက်ကိုကြည့်လိုက်တော့မှ နို့ဆီတွေ အောက်ခြေမှာ အဖတ်လိုက် ကျန်နေခဲ့တာကို တွေ့လိုက်ရတယ်။ မမွှေလိုက်မိဘူး။ စာအုပ်ကိုလည်း ဖတ်လို့သာဖတ်နေတာ အချိန်တော်တော် ကြာကြာအတွင်းကို ၁၀ မျက်နှာပြည့်အောင်တောင် မပြီးဘူး။ နောက်ပြီး ဝေေ၀ဝါးဝါး ဖြစ်ကျန်ခဲ့တာမို့ နောက်မှ အဲဒီ ၁၀ မျက်နှာလုံးလည်း ပြန်ဖတ်ရတော့မယ်လို့ သိလိုက်ပြီ။ အဘိုးအိုကတော့ အိပ်တောင်ပျော်နေပါပြီ။ ခေါင်းက ပုခုံးပေါ်တင်လျက် စောင်းစောင်းကြီး၊ သွားရည်တွေက အင်္ကျီအိပ်ကပ်ထဲကို တည့်တည့်ကျသွားတယ်။ ပါးစပ်ကလည်း ရွဲ့နေတော့ သွားရည်တွေဟာ အိတ်ထဲကို ကတော့ခံပြီး သေချာထည့်နေသလိုပဲ။
နာရီကို လှမ်းကြည့်လိုက်တော့ လက်ဖက်ရည်ဆိုင်ထိုင်နေတာ တစ်နာရီခွဲတောင် အချိန်ကြာသွားမှန်း သိလိုက်ရတယ်။ ပြန်ချင်ပြီဆိုပေမယ့် ပြန်လို့လည်း မဖြစ်သေးဘူး။ မိုးက တဖွဲဖွဲရွာနေတုန်းပဲ။ အိမ်ပြန်ရောက်တော့လည်း ဘာလုပ်ရမလဲ၊ အိပ်ရာထဲ လှဲပြီး ဒီစာအုပ်ကိုပဲ ဖတ်နေရမှာ။ စာအုပ်အသစ်လည်း မဝယ်နိုင်သေးဘူး။ ဒီစာအုပ်ကိုလည်း စိတ်က သိပ်မပါတော့တာ စာအုပ်တစ်ဝက်လောက် မရောက်ခင်ကတည်းကပဲ။ အလွန်နာမည်ကြီး သြဇာကြီးခဲ့တဲ့ စာအုပ်မို့လို့သာ ဖတ်နေရတယ်။ ဇာတ်လမ်းအပေါ်မှာတော့ ပျင်းလှပြီ။ တချို့ စိတ်အခြေအနေကို ဖော်ကျူးတာတွေ၊ ထပ်တလဲလဲ သဘောတရားဖြေရှင်းချက်တွေ၊ ပတ်ဝန်းကျင်ကို အလှဆင်နေတာတွေ၊ သဘာဝတရားအပေါ် ချီးမွမ်းခန်းဖွင့်နေတာတွေစတဲ့ အပိုဒ်တွေကိုတော့ ကျော်ချပစ်လိုက်တော့တာပဲ။
ဒီလိုနဲ့ စာအုပ်ကို ခဏဘေးချ မျက်နှာချင်းဆိုင် အဆောက်အအုံ သွပ်ပြားပေါ်ရေတွေ ပြေးလာတာ အောက်ကိုအတန်းလိုက် တန်းစီကျလာနေတာကိုပဲ ဘာရယ်မဟုတ် ငေးကြည့်နေမိတယ်။ အဲဒီအိမ် အဆောက်အအုံကို မှတ်မိသေးတယ်။ အရင်တုန်းက အကျိုးဆောင်လုပ်ငန်းတစ်ခု ဖွင့်ခဲ့တာ။ နယ်မြို့လေးတစ်မြို့မှာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က အကျိုးဆောင် လုပ်ငန်းလုပ်တယ်ဆိုတာ ကျွန်တော့်အတွက်တော့ အံ့သြစရာပဲ။ မြို့က ခပ်ကျဉ်းကျဉ်းလေး။ အလုပ်ဖြစ် မဖြစ်တော့ မသိဘူး။ အဲဒီအကျိုးဆောင်လုပ်ငန်း အိမ်တံခါးဟာ ပိတ်သွားလိုက်တာ တစ်လလောက်နေမှ ငွေသိန်း ၅၀၀ ကျော် ဘုန်းပြီးလစ်သွားကြတယ်ဆိုတာကို ကျွန်တော်ကြားသိလိုက်ရတယ်။ ၁၀ နှစ်လောက်တောင် ကြာသွားခဲ့ပါပြီ။
အဘိုးအိုကတော့ အိပ်နေဆဲပဲ။ ပိန်ပိန်ပါးပါးပဲဆိုပေမယ့် ဟောက်သံတောင် ထွက်နေတယ်။ ခဏနေတော့ အပြင်ကနေ ပြန်ရောက်လာတဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်က ကျွန်တော့်ဝိုင်း ဝင်ထိုင်ပြီး “ပျောက်လှချေလား၊ ဘယ်ရောက်နေတာလဲ” လို့ ပြုံးပြီးမေးတယ်။ “ဒီလိုပါပဲဗျာ” လို့ ကျွန်တော်လည်း ပြုံးပြီးဖြေရင်း ကိုယ်ကိုယ်တိုင်တောင်ဘယ်ကို ရောက်ခဲ့မှန်း မသိသလို ခေါင်းကုတ်နေလိုက်တာပေါ့။ ပြီးတော့ ဆိုင်ရှင်ဟာ တစ်ချိန်တုန်းက ကျွန်တော် ပါဝင်ပတ်သက်ခဲ့ဖူးတဲ့ မြို့နယ်အဖွဲ့အစည်းလေးတစ်ခုရဲ့ လုပ်ပုံမဟုတ်တာတွေကို ပြောပြနေတယ်။ သူ့မှာ ဘယ်လောက်တောင် ပြောချင်နေတယ်ရယ် မသိဘူး။ အကြောင်းအရာတစ်ခု မပြီးသေးဘူး။ နောက်တစ်ခုဆီ ရောက်ရောက်သွားလို့ “နေဦး ဒီအကြောင်းလည်း ပြောရဦးမယ်” ၊ “အဲဒါလည်း မင်းမသိသေးဘူး မဟုတ်လား။ ဒါပြီးရင် ပြောပြမယ်” စသဖြင့် ခဏခဏ ပြောနေရတယ်။ ကြာတော့လည်း ကျွန်တော်ပျင်းလာလို့ ဘယ်လို စကားလှီးလွှဲရပါ့မယ် စဉ်းစားနေမိတယ်။ ကျွန်တော့်မှာသူ့ကို မေးစရာတစ်ခု ရှိနေတော့ သူအရင် ပြောချင်တာ ပြောပါစေဆိုပြီးသည်းခံ စကားထောက်နေရတာ။ သူပြောချင်တာတွေက များလာတော့ လွှတ်ထားလိုက်ရင် ကျွန်တော့်အလှည့် လာတော့မှာမဟုတ်ဘဲ ဒီလူထသွားတော့မှာကို သိနေတယ်။
ဒီတော့ သူ့စကားကို ကျွန်တော်က သူလည်း ကျေနပ်သွားရအောင် အနှစ်ချုပ်က လေးဝင်ပြောရင်း ဇာတ်သိမ်းဖို့ ကြိုးစားရတယ်။ “ဘယ်နေရာဖြစ်ဖြစ် လူတွေက ဒီလိုပါပဲဗျာ။ ကောင်းတာလည်း ရှိမကောင်းတာလည်း ရှိပေါ့” လိုရင်းက ဒါပဲ။ ဒါပေမဲ့ ကျွန်တော် ပြောရတာတော့ တော်တော် ရှည်ကြာတယ်။ ဒါမှ ကျွန်တော် စကားပြောနေတုန်း ဒီ့မတိုင်ခင်က သူ့စကားတွေကို သူ မေ့သွားမှာလေ။ အဲဒီတော့ သူငြိမ်သွားတယ်။ ဒီတော့မှ တစ်ဖက်ဝိုင်းက အိပ်စက်ခြင်းခရီးမှာ စည်းချက်မှန်မှန် ခုတ်မောင်းနေတဲ့ အဘိုးအိုကို လက်ညှိးထိုးရင်း “အဲဒီဘိုးတော်ရဲ့ ဇာတ်လမ်းက ဘာလဲဗျ။ ဒီဘိုးတော် အရင်တုန်းက ခင်ဗျားဆီထိုင်တာ မဟုတ်ပါဘူး။ ဟိုးရုံး လမ်းထိပ်က ဆိုင်မှာထိုင်တာပါ” လို့ မေးကြည့်တယ်။ ဒီတော့ ဆိုင်ရှင်က ပြုံးတယ်။ပြီးတော့ “မင်းတို့လို စာရေးတဲ့လူတွေကတော့ လူတွေကို အမြဲသတိထားကြည့်နေ တာပဲလားကွာ” လို့ ရယ်ရယ်မောမော ငေါ့သလိုလိုနဲ့ ပြောတယ်။ ကျွန်တော်လည်း သူပြောတာ မှန်တယ်ဆိုတဲ့ အပြုံးမျိုး ပြုံးပြလိုက်တယ်။ တကယ်တမ်းကတော့ ကျွန်တော့်အနေနဲ့ ဘယ်လူကိုမှ ဂရုတစိုက် သတိထားကြည့်နေတယ်ရယ်လို့ မရှိပါဘူး။
“ဟုတ်တယ် အဲဒီဆိုင်ပိုင်ရှင် လေးထွန်းလင်းနဲ့ ငယ်ကတည်းက ကျောင်းနေဖက်လေကွာ။ အချိုင့်ရပ်ကွက် လမ်းကြားထဲ နေတာလေကွာ။ ကော်ဖီဆိုင်ဘေးကလေ၊ သိတယ်မို့လား၊ အဲဒီအိမ်ကြီးက သူတစ်ယောက်တည်း ပိုင်ဗျ။ သူဌေး။ အဘိုးကြီးက နေ့တိုင်း လေးထွန်းလင်းဆီသွား လက်ဖက်ရည်သောက်ပြီးတော့ ပိုက်ဆံပါ တောင်းသေးတာတဲ့။ လေးထွန်းလင်းက ငါ့ပြောပြတာ။ အစကတော့ ပေးတာပေါ့ကွာ။ ငါးရာမျိုး တစ်ထောင်မျိုးပေါ့။ ကြာတော့လေးထွန်း လင်းမိန်းမကြီးက ဘယ်ကြည်တော့မလဲ။ ဒါနဲ့ နောက်ဘယ်တော့မှ မလာတော့နဲ့ သူငယ်ချင်းရာဆိုပြီး မောင်းလွှတ်လိုက်တာတဲ့။ အခုတော့ ငါ့ဆိုင်ပေါ့ကွာ။ အံမယ်၊ အစောပိုင်းက ငါ့ဆီ ပိုက်ဆံတောင်းသေးတယ်။ လက်ဖက်ရည်သောက်ချင် သောက်ပါပိုက်ဆံတော့ မရဘူးဗျာလို့ ပြောလိုက်မှ ငြိမ်သွားတာ” တဲ့၊ ကျယ်ကျယ်လောင်လောင် ကြီးအကြာကြီးပြောနေပါလေရော။ ကျွန်တော်က “ဟေ့လူ အဘိုးကြီး ကြားသွားပါဦးမယ်ဗျ။ သူ့အကြောင်းပြောနေတာ သူကြားလို့တော့ မကောင်းဘူးလေဗျာ” လို့ သတိပေးတော့ “အဲဒီဘိုးတော် နောက်တစ်နာရီ လောက်နေမှ နိုးမှာပူမနေနဲ့။ နေ့တိုင်း ငါ့ဆိုင်မှာ ဒီလိုပုံမှန်ထိုင်လာတာ ရှစ်လလောက်ရှိနေပြီ။ တစ်လလောက်တော့ ပိုက်ဆံရှင်းသေးတယ်။ နောက်မရှင်းတော့ဘူး။ ငါလည်း လက်ဖက်ရည်တစ်ခွက်နဲ့တော့ဘာမှ မဖြစ်ပါဘူးဆိုပြီး လွှတ်ထားတာပဲ။ လူကျတဲ့နေ့တွေတော့ နှိုးပြီးပြန်ခိုင်းရတာ ပေါ့ကွာ။ ထမင်းတော့ ဘယ်လို စားနေတယ်ရယ် မသိဘူး” တဲ့။ လူနည်းနည်းရှုပ်လာတော့ ဆိုင်ရှင်လည်းထသွားတယ်။ ကျွန်တော်လည်း ပျင်းလာတော့ မြန်မြန်ဖတ်ပြီးချင်လှ ပြီဖြစ်တဲ့ စာအုပ်ကြီးကို ပြန်ဖွင့်လိုက်တယ်။
ဖတ်ပြီးပေမယ့် ဝိုးတဝါးနိုင်လိုက်တဲ့ ၁၀ မျက်နှာနီးနီးလောက်ကို ပြန်လှန် ဈာန်ဝင်စားဖို့လုပ်ရင်း စာလုံးတွေကို လိုက်ကြည့်နေမိတယ်။ တကယ်တော့ ဒီစာအုပ်ကို ကျွန်တော့်အနေနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက် ကတည်းက ဖတ်ပြီးခဲ့ရမှာ။ အဲဒီတုန်းကဆိုရင်တော့ ကျွန်တော်ဟာ စိတ်အားထက်သန်စွာ ဖတ်မိမှာပဲ။ စာအုပ်ထဲက တချို့ဝါကျ ကလေးတွေကိုတောင် မျဉ်းနီတားမှတ်သားမိလိမ့်ဦးမယ်ထင်တယ်။ အခုကျတော့ ဒီစာအုပ်သာ မဖတ်ဖူးခဲ့ရင်လည်း ငါ့အနေနဲ့ ဒီစာအုပ်အပေါ်လည်း မတရားရာ ရောက်မယ်။ ဒီစာအုပ်ကို ရေးသားခဲ့သူ မဟာစာရေး ဆရာကြီးကိုလည်း အားနာဖို့ ကောင်းတယ်။ နောက်ပြီးဝယ်ခဲ့ပြီးမှ စာအုပ်စင်ပေါ် မဖတ်ဘဲနဲ့ ပစ်ထားတယ်ဆိုတာလည်း ထုတ်ဝေသူတွေ လက်ခမောင်းခတ်မယ့် အလုပ်သက်သက်ပဲမို့ ကျွန်တော့်ရဲ့ သိမှုဘဏ္ဍာတိုက်ထဲထည့်ဖို့ ဖတ်နိုင်ဖို့ ကြိုးစားနေရတယ်။ ဒီလို စိတ်ကူးနဲ့ အားထည့်စိတ်ဝင်စားဖို့ လုပ်နေတုန်း ဆတ်ခနဲပဲ အဘိုးအို လန့်နိုးလာတယ်။ ခေါင်းကို ဟိုဘက်ဒီဘက်လှည့်ပြီး ဇက်လေ့ကျင့်ခန်း လုပ်တယ်။ ပြီးတော့ သွားရည်တွေကို လက်ခုံနဲ့ သုတ်လိုက်ပြီး လက်ခုံကို ပုဆိုးနဲ့ ထပ်သုတ်လိုက်တယ်။ အဘိုးအိုဟာ ရှင်ပြန်ထမြောက်လာတယ်ပေါ့။ ဒါပေမဲ့ ဒါတွေကို ကျွန်တော်က စာအုပ်ကြီး မျက်နှာအပ်မျက်လုံးကို တော်တော်များများစောင်းပြီး ကြည့်နေတာ။ အဘိုးအိုကတော့ အေးဆေးပဲ။ ရေနွေးတစ်ခွက် ကောက်ငှဲ့တယ်။ အေးစက်ပြီး မည်းသည်းနေတဲ့ ရေနွေးကြမ်းကို ဂွတ်ဂွတ်နဲ့မော့ပြီး ခွက်ကို ပြန်အချမှာ ကျွန်တော့်ကို ကြည့်လိုက်လို့ ကျွန်တော်ခိုးကြည့်နေတာကို မြင်သွားတယ်။ ဘာမှတော့ မတုံ့ပြန်ဘူး။ မတ်တတ်ထ ဂျင်းအင်္ကျီအစုတ်ကြီးကို ခါးကနေဆွဲချပြီး ပုဆိုးပြင်ဝတ်တယ်။ ပြီးတော့ ခါးလေ့ကျင့်ခန်း ဆက်လုပ်တယ်။ ကျွန်တော်ကတော့ အဘိုးအို အိမ်ပြန်တော့ မယ်မှတ်နေတာ။ ကျွန်တော့်ဝိုင်းကို ဝင်ထိုင်ပါ လေရော။ ဟာ ခက်ပြီပေါ့။
အနည်းငယ်အံ့သြသွားပေမယ့် ကျွန်တော်လည်း ဘယ့်နှယ့်မှ မနေတဲ့သဘောနဲ့ မျက်လုံးတစ်ချက်ပင့်ကြည့်ပြီး စာအုပ်ပဲ ပြန်ဖတ်နေလိုက်တယ်။ အဘိုးအိုကတော့ တစ်ခုခု ခိုးတော့မယ့် သူခိုးတစ်ယောက် ပတ်ဝန်းကျင်ကို အကဲခတ်နေသလို ဟိုဝိုင်းဒီဝိုင်း လျှောက်ကြည့်နေရင်း “မင်းငါ့အကြောင်း ဘာတွေ မေးနေတာလဲ” တဲ့။ ကျွန်တော့်ကို ဘုတောတဲ့အသံနဲ့ မေးပါလေရော။ ဒီဘိုးတော် အိပ်နေတာ မဟုတ်ဘူးလားပေါ့။ စဉ်းစားစရာပဲ။ ကျွန်တော်လည်း စာအုပ်ကို ပိတ်၊ စားပွဲပေါ် စွေ့ခနဲချလိုက်တယ်။ ဒီအဘိုးအို လာထိုင်လို့ ဘယ့်နှယ်မှ မနေဘူးဆိုတာကို အမူအရာနဲ့ ဖော်ပြလိုက်တာပါ။ အဘိုးအိုကတော့ သိ မသိ မပြောတတ်ဘူး။ ကျွန်တော့်ကို လူမိုက်တွေ ပြဿနာလုပ်တော့မယ့်အတိုင်း စိုက်ကြည့်နေလေရဲ့။ “ဒီလိုပါပဲ ဦးလေးရာ၊ ဘာမှ မဟုတ်ပါဘူး။ လက်ဖက်ရည်ဆိုင်ထဲ အိပ်နေတာမြင်လို့ မေးတာပဲ ဘာဖြစ်လို့လဲ” ဆိုတော့ “မင်း တင်မောင့်သားလား” တဲ့။ “မဟုတ်ဘူး” ပေါ့။ “လှအောင်ကို သိလား” တဲ့ “ဟင့်အင်း မသိဘူး” ။ “ဒါဆိုကျော်တင့် လွှတ်လိုက်တာလား” ၊ “ဘယ်က ကျော်တင့် တုန်းဗျ” လို့ ကျွန်တော်လည်း ပြန်ဖြေတယ်။ “ဒါဆို မင်းလက်ပံလှကလာတာ မဟုတ်ဘူးပေါ့” ။ မေးခွန်းတွေက တရစပ်ပဲ။ မျက်နှာကြီးကလည်း အနီးကပ်မြင်ရတော့ ခုနက အိပ်နေတုန်းကထက်ကို အရုပ်ဆိုး ကြည့်ရဆိုးသေးတယ်။ သူက ကျွန်တော့်ကို စိုက်ကြည့်နေတုန်းပဲ။ နွားသတ်သမားလိုလို လက်မှတ်စစ်လိုလို အကြည့်ပဲ။
အဲဒီလိုကြီး ကြည့်နေတာ။ ကျွန်တော့်မှာ ဘာထင်ရမယ်မှန်းတောင် မစဉ်းစားတတ်ဘူး။ မိနစ်ဝက်လောက်နေမှ “ဟားဟား ဟားဟား” နဲ့ ရယ်နေပါလေရော။ ရယ်နေရင်း သီးတောင် သီးတယ်။ သီးသွားလို့ ကျွန်တော် ငှဲ့ထားတဲ့ ရေနွေးခွက်ကိုတောင် ယူသောက်ရင်း ဆက်ရယ်နေသေးတယ်။ ခုနက မသာတစ်ကောင်လို အေးစက်တောင့် တင်းနေတဲ့ မျက်နှာကြီးက ခုတော့ လူသေလို ရယ်နေလိုက်တာ။ ဘယ်နေရာ ရယ်စရာပါလို့တုန်းလို့ စဉ်းစားနေမိတယ်။ တစ်ယောက်တည်း အားကိုးရာမဲ့သလိုတောင် ဖြစ်လာလို့ ဆိုင်ရှင်များ ရှိသေးလားလို့ ဘေးဘီဝေ့ကြည့် နေမိသေးတယ်။ မတွေ့ပါဘူး။ ပုံစံကြည့်ရတာ ဒီဘိုးတော် သူ့ကို တစ်ယောက်ယောက်က လိုက်နေတယ်လို့ စိတ်ရောဂါခံစားနေရတဲ့ အရူးမျိုးလားမသိဘူးလို့ စိတ်ထဲက တွေးနေမိတယ်။ ဘိုးတော်ကတော့ ရယ်နေတုန်းပဲ။ ပြီးတော့ “မင်း ငါမေးတာတွေ တစ်ခုမှ မသိဘူးမို့လား” တဲ့။ ကျွန်တော်လည်း မသိဘူးလို့ ပြန်ဖြေတယ်။ “အေး ငါလည်း မသိဘူးကွ၊ ဟား ဟား ဟား မင်းကို စတာပါကွာ” တဲ့။ အဲဒီတော့မှ ကျွန်တော်လည်း သြော်ဒီလိုမှန်းသိ သူရယ်တုန်းက ကျွန်တော်ပါ လိုက်ရယ်ပါတယ်လို့ တွေးမိပြီး ပျော်သလိုတောင် ဖြစ်သွားတယ်။ တကယ်ရယ်စရာ ကောင်းတာကိုး။ ဒါပေမဲ့ ခုကျတော့ ရယ်စရာက လွန်သွားပြီမို့ ပြုံးရုံပဲ ပြုံးလို့ရ တော့တယ်။ သူလည်း ခပ်ပြုံးပြုံးပါပဲ။ ဒါပေမဲ့ ရုတ်တရက် တည်သွားတယ်။ “ငါ့တူရာ ပိုက်ဆံလေး တစ်ထောင်လောက်ပါရင် ပေးခဲ့စမ်းပါ” တဲ့။