တစ်ချိန်ကတော့ ‘ဒီနေ့’ ကို သူမ မြင်ခွင့်ရမယ်လို့ မထင်ခဲ့မိပါ။ စိတ်ဖိစီးမှုတွေ များပြားလွန်းပြီး စိတ်ထွက်ပေါက်ကင်းမဲ့နေခဲ့တဲ့ ဆယ်ကျော်သက်ကာလက သူမရဲ့ ဒီအသက် ဒီအရွယ်မှာ ဒီအခြေအနေမျိုးနဲ့ ရှိနေလိမ့်မယ်လို့ သူမကိုယ်သူမ ဘယ်လိုမှ မြင်ယောင်ကြည့်လို့ မရခဲ့ပါ။ ယောက်ျားလေးတစ်ယောက်ဖြစ်ခဲ့ရင် သူမ အိမ်က ထွက်ပြေးမိလိမ့်မယ်လို့ မကြာခဏ တွေးဖြစ်ခဲ့ပါတယ်။ ယောက်ျားလေးတစ်ယောက် မဟုတ်ခဲ့သူမို့ ခေတ်ကာလ အခြေအနေအရ ရွေးချယ်စရာ နည်းပါးလွန်းတဲ့အထဲက ထိခိုက်မှု အနည်းပါးဆုံးလို့ မြင်မိတဲ့ တစ်စုံတစ်ရာကို သူမ ရွေးချယ်ခဲ့တာပဲလို့ အခုအချိန်မှာ သဘောပေါက်မိပါတယ်။ အိမ်က ထွက်ပြေးရာက အဲဒီလိုဖြစ်သွားခဲ့တာဆိုတဲ့ လိင်အလုပ်သမလေးတွေနဲ့ တွေ့ရတိုင်း ‘ခြေတစ်လှမ်းမှားခဲ့ရင် ဒါငါရောက်သွားနိုင်တဲ့ ဘဝပဲ’ လို့ တွေးရင်း အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖြစ်ခဲ့ပါတယ်။
စိတ်ကူးယဉ်အချစ်ဝတ္ထုတွေ၊ စုံထောက်ဝတ္ထုတွေ၊ ဟာသတွေကလွဲလို့ ဘာစာမှ မဖတ်နိုင်အောင် စိတ်ဖိစီးနေတဲ့ ကာလတစ်ခု၊ မတည်ငြိမ်တဲ့ နိုင်ငံရေး အခြေအနေကြောင့် တက္ကသိုလ် ဆက်တက်သင့်တဲ့အချိန်မှာ တက်ခွင့်မရတဲ့ ကာလတစ်ခုမှာ သူမရဲ့တစ်ခုတည်းသော စိတ်ထွက်ပေါက်က ခရိုးရှေးလို့ခေါ်တဲ့ တစ်ချောင်းထိုးထိုးခြင်းပါ။ ငြိမ်ငြိမ်သက်သက် ထိုင်ပြီး အကွက်ကလေးတွေကို ပုံဖော်ရင်း အရာရာကို မေ့လျော့မျောလွင့်နေတဲ့ဘဝကို သူမ အလွန်နှစ်ခြိုက်ပါတယ်။ သူမ လက်နဲ့ ဖန်တီးရင်း ဖြစ်သွားခဲ့တဲ့ အင်္ကျီ၊ တီဗွီအုပ်တဲ့ အစ၊ ဖန်ခွက်တင်တဲ့အစကလေးတွေက သူမ ဘဝကို အဓိပ္ပာယ်ရှိနေသလို ခံစားရစေခဲ့ပါတယ်။ သို့ပေမဲ့ အဲဒါက သူမရဲ့ အုပ်ထိန်းသူ တစ်ဦးအတွက် ဘာကြောင့်မှန်းမသိဘဲ အလွန်အမင်း မုန်းတီးစရာ ဖြစ်နေခဲ့ပါတယ်။ အဲဒီအစား အလားတူလို့ ယူဆရတဲ့ စက်ချုပ်သင်မှုကိုသာ လိုလားတဲ့အတွက် သူမ အိမ်ထဲကအိမ်ပြင်ထွက်ပြီး စက်ချုပ်သင်တန်း တက်ခဲ့ရပါတယ်။ အလွန်ကွာခြားတဲ့ ပညာရပ်တစ်ခုကို သူမ စိတ်ဝင်စားဖို့ ကြိုးစားပေမယ့် ဘယ်လိုမှ စိတ်ဝင်စားလို့ မရခဲ့ပါ။ ဆိုရှယ်မီဒီယာ၊ အင်တာနက်၊ ကွန်ပျူတာဂိမ်း စတာတွေ မရှိသေးတဲ့ခေတ်ကာလမှာ သူမနဲ့ ရွယ်တူယောက်ျားလေးအချို့ရဲ့ ဖျော်ဖြေမှုက မိန်းကလေးတွေရဲ့နောက်ကို တကောက်ကောက်လိုက်ပြီး နှောင့်ယှက်တာသာ ဖြစ်ခဲ့ပုံရပါတယ်။ အိမ်ထဲက အိမ်ပြင်ထွက်တိုင်း ဘယ်လမ်းကြောင်းက ဘယ်အမြန်နှုန်းနဲ့သွားရင် အဲဒီလူတွေကို လွတ်နိုင်မလဲလို့ ကြိုတင် တွက်ချက်ရင်း စိတ်ပင်ပန်းဖိစီးမှုတွေ မခံသာအောင် ပိုမိုများပြားလာခဲ့ပါတယ်။ ကာကွယ်စောင့်ရှောက်ပေးမယ့်သူ တစ်ယောက်ယောက်ရှိရင် သိပ်ကောင်းမှာပဲဆိုတာမျိုးတွေကိုလည်း တောင့်တတတ်လာခဲ့ပါတယ်။
အပြင်ထွက်ရင်း အပေါင်းအသင်းမှားရာက အမြင်တွေလည်း မှားယွင်းလာခဲ့ပါတယ်။ ဒီအတိုင်း ဆက်မနေနိုင်တော့ဘူးလို့ ခံစားနေရတဲ့ အခြေအနေထဲက ရုန်းထွက်ဖို့ သူမ ဆုံးဖြတ်ခဲ့မိပါတယ်။ သို့ပေမဲ့ ရုန်းထွက်ပြီး လေးလအကြာမှာတင် ပိုဆိုးတဲ့ ဘဝတစ်ခုထဲကို ခုန်ချခဲ့မိပြီဆိုတာကို သူမ သိလိုက်ပါတယ်။ အဲဒီအခြေအနေကနေ ဂုဏ်သိက္ခာ ရှိရှိ ပြန်လည်ရုန်းထွက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး၊ ဒီအတိုင်းလည်း ဘယ်လိုမှ ဆက်မနေနိုင်တော့ဘူးလို့ ခံစားရချိန်မှာ လောကကြီးထဲက အပြီးတိုင်ထွက်ခွာဖို့ သူမ ကြိုးစားဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၈ နှစ်က ‘ဒီနေ့’ မှာ။ သို့ပေမဲ့ သေခြင်းတရားက သူမကို လက်မခံခဲ့ပါ။ အခုအချိန်မှာတော့ အဲဒီ ၂၈ နှစ်တာ ကာလက သူမအတွက် အပိုဆုရခဲ့တဲ့၊ တန်ဖိုးမဖြတ်နိုင်တဲ့ ကာလတွေလို့ ခံစားရပါတယ်။
အခက်ခဲဆုံး အချိန်တွေကို တစ်ရက်ချင်း ကြိုးစားနေထိုင်ရင်း အချိန်ကာလများစွာကို ဖြတ်သန်းကျော်လွန်နိုင်ခဲ့ပါတယ်။ ဘဝက ခက်ခဲနေဆဲဆိုပေမယ့် သူမ လူ့လောကထဲက ထွက်ပြေးဖို့ ဆုံးဖြတ်ဖြစ်ခဲ့တဲ့ကာလ ကလောက် မခက်ခဲတော့ပါ။ အခြေအနေတွေက ပြောင်းလဲသွားတတ်ပါတယ်။ လူကလည်း ပြောင်းလဲသွားတတ်ပါတယ်။ အခြေအနေတွေက အနည်းငယ် ပိုမိုကောင်းမွန်လာတတ်သလို လူကလည်း အနည်းငယ် ခံနိုင်ရည် ပိုမိုမြင့်မားလာတတ်ပါတယ်။ ဘဝရဲ့ အဆုံးသတ်မှာတော့ အားလုံး သေဆုံးထွက်ခွာရမှာပါပဲ။ သို့ပေမဲ့ အချိန်မတိုင်မီမှာ အလျင်စလို ထွက်ခွာဖို့ မကြိုးစားသင့်ကြောင်းကို သူမ တစ်စထက်တစ်စ နားလည် သဘောပေါက်လာခဲ့ပါတယ်။
သူမ ထင်မှတ်မထားတဲ့ အရည်အချင်းတွေ၊ အရည်အသွေးတွေနဲ့ သတ္တိတွေကို တဖြည်းဖြည်းချင်း တည်ဆောက်ယူနိုင်ခဲ့ပါတယ်။ တန်ဖိုးရှိတဲ့စာတွေကို ပြန်လည် ဖတ်နိုင်လာခဲ့ပါတယ်။ ပျော်ရွှင်မှုဆိုတာကို အတိုင်းအတာတစ်ခုအထိ ပြန်လည် ခံစားနိုင်လာခဲ့ပါတယ်။ ကာလတစ်ခုကို ကျော်ဖြတ်ပြီးချိန်မှာ မျှော်လင့်မထားတဲ့ အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။ သူမ တစ်ချိန်က ရုန်းထွက်လို့ မရနိုင်တော့ဘူးလို့ ယူဆထားတဲ့ အခြေအနေက သူ့ဘာသာသူ ပြောင်းလဲပေါ်ထွက်လာပြီး ရုန်းထွက်ဖို့ကလွဲလို့ တခြားရွေးစရာ မရှိတော့ဘူးဆိုတဲ့ အနေအထားကို ရောက်လာခဲ့ပါတယ်။
လှောင်အိမ်ထဲမှာ နှစ်များစွာ ထည့်ထားခံရပြီး လှောင်အိမ်တံခါး ဖွင့်ပေးလိုက်ချိန်မှာ ပျံသန်းဖို့ မေ့လျော့နေတဲ့ ငှက်ငယ်လိုပါပဲ။ သူမ လိုလားတောင့်တခဲ့ဖူးတဲ့ လွတ်လပ်မှုတွေကို အမှန်တကယ် ရရှိချိန်မှာ နှစ်နှစ်ခြိုက်ခြိုက် မခံစားနိုင်ဘဲ ပူပင်သောကတွေထဲမှာ ပိတ်မိနေခဲ့ပါတယ်။ မိမိဘဝမှာ ဘယ်တော့မှ မလိုချင်ခဲ့တဲ့ အိမ်ထောင်ရေး အခြေအနေတစ်ခုကို မိမိဘာသာ လက်မခံနိုင်ခဲ့ပါ။ တစ်ခုလပ်ဆိုတဲ့ အခေါ်အဝေါ်က ဘယ်လောက်ဆိုးရွားသလဲဆိုတာ မိမိအတွက် ညွှန်းဆိုချိန်ကျမှသာ အတိအကျ နားလည်နိုင်ခဲ့တာပါ။ အများရှေ့မှာ အဆင်ပြေသလို ဟန်ဆောင်နေပေမဲ့ လူကွယ်ရာမှာ နေ့စဉ်နီးပါး မျက်ရည်ကျဖြစ်နေခဲ့တာ ငါးနှစ်ဝန်းကျင်။ တိုက်ဆိုင်မှုလား၊ အဲဒါကြောင့်လား မသေချာပါ။ မျက်လုံးတစ်ဖက်က အရည်အိတ်ကလေး ကျုံ့သွားပြီး အမြင်အာရုံကို ပုံဖော်ပေးတဲ့အရာဖြစ်တဲ့ Retina ကို ဆွဲဖြဲလိုက်တော့မှ သူမ မျက်ရည်ကျတာ လုံးဝရပ်သွားခဲ့ပါတယ်။ နောက်ထပ် ဆုံးရှုံးစရာ မကျန်တော့ဘူးလို့ ယူဆနေရာက နောက်ထပ်ဆုံးရှုံးစရာတွေ အများကြီး ကျန်နေသေးတယ်ဆိုတာကို စတင်သဘောပေါက်လာခဲ့ပါတယ်။ ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့တဲ့ အမြင်အာရုံတွေကို တန်ဖိုးထားရင်း မိမိမှာရှိတဲ့ တန်ဖိုးထားစရာတွေကို မြင်သထက် မြင်နိုင်လာခဲ့ပါတယ်။
အချိန်မရွေး ဆုံးရှုံးနိုင်တယ်လို့ သိလိုက်ရချိန်မှာ အရာရာဟာ အပိုဆုတွေချည်းပါပဲ။ သူမမှာရှိတယ်လို့ ယူဆထားတဲ့ အရည်အချင်းတွေနဲ့ လူ့လောကထဲကို ထည့်ဝင်ဆောင်ရွက်ဖို့ ကြိုးစားရင်း မှန်လိုက်၊ မှားလိုက် ဘဝတွေကို ဖြတ်သန်းရင်း၊ ကိုယ့်ခြေထောက်ပေါ်မှာကိုယ် လုံးလုံးလျားလျား ရပ်တည်ခဲ့တာ ‘ဒီနေ့’ မှာ ၁၁ နှစ်ကျော်ခဲ့ပါပြီ။ အဲဒီ ၁၁ နှစ်ကျော် ကာလထဲမှာ အလွန်ကောင်းမွန်တဲ့ ၁၀ နှစ်တာ ရှိခဲ့တာကို ဖြတ်သန်းနေစဉ်မှာ သူမ မမြင်နိုင်ခဲ့ပါ။ အကောင်းဆုံး အသုံးမချဖြစ်ခဲ့တဲ့ အဲဒီအချိန်တွေကို သူမ ပြန်မရနိုင်တော့ပေမဲ့ နောင်တရနေမယ့်အစား အသိအမှတ်ပြု၊ သင်ခန်းစာယူပြီး ရှေ့ဆက်ရမှာပါပဲ။ နောင်တရပြီး နောက်ကိုပြန်ကြည့်နေရင် လက်ရှိအချိန်တွေကိုပဲ ထပ်မံဆုံးရှုံးရမှာပါ။
ဘဝက တစ်သမတ်တည်း မနေပါဘူး။ အဆိုးဆုံးအချိန်တွေကနေ အကောင်းဆုံး အချိန်တွေကို ရောက်သွားတတ်သလို အကောင်းဆုံးအချိန်တွေကနေလည်း အဆိုးဆုံး အချိန်တွေကို ပြန်လည်ရောက်ရှိသွားတတ်ပါတယ်။ သို့ပေမဲ့ ဆိုးတာချင်းတူရင်တောင် ခံနိုင်ရည်တွေက မတူညီတော့ပါ။ အရည်အချင်းတွေနဲ့ အတွေးအခေါ်တွေ ကွာဟလာတတ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ အခြေအနေတွေနဲ့ အမြင်တွေကလည်း ကွာဟသွားတတ်ပါတယ်။
အခုအချိန်မှာ အသက် ၅၀ ကျော်နေပေမယ့် မိမိဘဝအတွက် မိမိ ဘာတစ်ခုမှ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့် မရှိသေးဘူးဆိုတဲ့ အိမ်ထောင်မပြုခဲ့ဖူးသူ အမျိုးသမီးတစ်ဦးနဲ့ ဆုံတွေ့ရချိန်မှာ သူမကိုယ်သူမ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ပါတယ်။ သူမရဲ့ အလွန်မှားခဲ့တယ်လို့ထင်တဲ့ လုပ်ရပ်တွေထဲမှာ မှန်ကန်မှုတစ်စုံတစ်ရာ ရှိနေသလားလို့ စဉ်းစားဖြစ်လာခဲ့ပါတယ်။ ပြည်တွင်းက သုတေသနတစ်ခုမှာ သူမတို့ နိုင်ငံက အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိခြင်း၊ မရှိခြင်းက အိမ်ထောင်ကျခြင်း၊ မကျခြင်းနဲ့ ဆက်စပ်နေလို့ တွေ့ခဲ့ရပါသတဲ့။ ပိုမိုငယ်ရွယ်တဲ့ မျိုးဆက်တွေမှာတော့ ရွေးချယ်စရာတွေ များပြားကောင်း များပြားနေပါလိမ့်မယ်။ ယဉ်ကျေးမှုတွေ၊ ထင်မြင်ယူဆချက်တွေ၊ ကျား-မ ရေးရာတွေက တစ်သမတ်တည်း ရှိမနေပါ။ အချိန်နဲ့ အခြေအနေတွေပေါ်မှာ မူတည်ပြီး လှုပ်ရှားပြောင်းလဲနေပါတယ်။ လွန်ခဲ့တဲ့ ၁၁ နှစ်ဝန်းကျင်က သူမရဲ့ အိမ်ထောင်ရေး အခြေအနေအပေါ်မှာ ခွဲခြားဆက်ဆံမှုတွေကြောင့် အသက်ရှူလို့တောင် မရဘူးလို့ ခံစားခဲ့ရဖူးပါတယ်။ အခုအချိန်မှာ ခွဲခြားဆက်ဆံမှု လုံး၀ မကင်းစင်ပေမဲ့ အသက်၀၀ရှူနိုင်တဲ့ အနေအထားမှာတော့ ရှိနေခဲ့ပါပြီ။
စိတ်ဒဏ်ရာနဲ့ ပတ်သက်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲလေးတစ်ခုကို တက်မိအပြီးမှာ သူမရဲ့ အမြင်တွေ ပိုမိုကျယ်ပြန့်သွားခဲ့ပါတယ်။ သုံးရက်တာ တက်ခဲ့ရတဲ့ အလုပ်ရုံဆွေးနွေးပွဲပြီးဆုံးပြီး နောက်ရက်မှာ သူမရဲ့ ပခုံးတွေပေါ်မှာ အလွန်လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဖယ်ရှားပစ်လိုက်သလို ပေါ့ပါးပြီး နိုးထလာခဲ့ပါတယ်။ သူမမှာ ရှိလို့ရှိနေမှန်း မသိခဲ့တဲ့ ဝန်ထုပ်ဝန်ပိုးတွေ။ အဲဒီလို ပေါ့ပါးမှုမျိုးကို သူမ ဘယ်တုန်းကမှ မခံစားခဲ့ဖူးပါ။ ငယ်စဉ်ကရခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ အရွယ်ရောက်ပြီးမှ ရခဲ့တဲ့စိတ်ဒဏ်ရာတွေ၊ အများနဲ့အတူတူ ရခဲ့တဲ့ စိတ်ဒဏ်ရာတွေ။ လည်ပင်းတွေ၊ ခြေထောက်တွေမှာ လေးလံတဲ့ခဲတွေဆွဲပြီး လျှောက်နေရသလို ခြေတစ်လှမ်းလှမ်းနိုင်ဖို့ နှစ်ဆ၊ သုံးဆ ပိုအားထုတ်နေရတဲ့ မိမိအဖြစ်ကို စတင် သဘောပေါက်လာခဲ့ပါတယ်။ သို့ပေမဲ့ သူမ ‘ဒီနေ့’ အထိ ခရီးရောက်လာခဲ့ပြီပဲ။ ကျန်နေသေးတဲ့ လေးလံတဲ့ခဲတွေကို ဖြုတ်ချဖို့ သူမ တတ်စွမ်းသလောက် ဆက်လက် ကြိုးစားနေပါတယ်။ စိတ်ပညာလေ့ကျင့်ခန်းတွေ၊ သတိကပ်မှုတွေ၊ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေ၊ ဖတ်ရှုလေ့လာမှုတွေအားလုံးက အဲဒီခဲတွေကို ဖြုတ်ချပစ်နိုင်မယ့် ကိရိယာတွေချည်းပါပဲ။
အခုအချိန်မှာလည်း ရှေ့မှာ ဘာတွေဆက်ဖြစ်မယ်ဆိုတာ သူမအတွက် မသေချာပါ။ သို့ပေမဲ့ ‘ဒီနေ့’ တွေတိုင်းကို နောက်ဆုံးအချိန်အထိ သူမ ဆက်လက်တန်ဖိုးထားဖြစ်နေမှာကတော့ အလွန်ကို သေချာလွန်းလှပါတယ်။