ဒီမိုကရေစီ တစ်စစီ ပြိုကွဲနေပြီလော

ဒီမိုကရေစီ တစ်စစီ ပြိုကွဲနေပြီလော
Published 15 August 2018

Photo: You Tube

ဗိုလ်ချုပ်အောင်ဆန်းဟာ ကွန်မြူနစ်ကို သဘောကျပေမယ့် ဒီမိုကရေစီကို လက်ခံတယ်။ ဒီမိုကရေစီနိုင်ငံကို တည်ဆောက်ဖို့ ရည်ရွယ်တယ်။ သူ့မိန့်ခွန်းထဲမှာ အောက်ပါ အတိုင်းပါရှိတယ်။

“ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင် လုပ်ရမယ်။ အဲဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့ မြန်မာနိုင်ငံ တည်ထောင်နိုင်အောင် ကြိုးစားရမယ်။ ဒီမိုကရေစီဝါဒဟာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲဒါကြောင့် ဒီဝါဒကို ကျွန်တော်တို့ ရည်ရွယ်ရမယ်”

လီကွမ်ယူက ပြောတာကိုလည်း တင်ပြလိုသေးတယ်။ သူရဲ့စာအုပ်ထဲမှာ “ကျွန်တော် စင်ကာပူနိုင်ငံကို ဘယ်လိုတည်ဆောက်မလဲ ဆိုတာကို စဉ်းစားခဲ့တယ်။ ကွန်မြူနစ်စနစ်ဟာ ကောင်တာပေါ့။ လူတွေအားလုံး ညီမျှတာပဲ။ တစ်ယောက်ကိုတစ်ယောက် ဝေမျှတာဟာ အကောင်းဆုံးပဲ။ တန်းတူရည်တူ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ ကွန်မြူနစ်စနစ်မှာ ပြည်သူတွေ အားလုံး ညီညီမျှမျှ ဆင်းရဲနေတာကို သူ တွေ့ရသတဲ့။ (သူ့ခေတ်က တရုတ်တို့၊ ဗီယက်နမ်တို့ ဆင်းရဲနေတယ်။ ယနေ့တရုတ်ပြည်ကို မြင်ရင် လီကွမ်ယူ ဘာပြောမလဲပဲ) ဒါကြောင့် သူဟာ ဒီမိုကရေစီနိုင်ငံကို ရွေးချယ်လိုက်တာပါပဲ” တဲ့။

တကယ်တော့ ဒီမိုကရေစီနိုင်ငံတွေဆိုတာ အရင်းရှင်နိုင်ငံတွေပါ။ အရင်းရှင်လို့ဆိုတဲ့ ချမ်းသာတဲ့သူတွေကို အကာအကွယ်ပေးတာပါ။ ဒါပေမဲ့ ဆင်းရဲတဲ့သူတွေကို ဖိနှပ်တာ မဟုတ်ပါဘူး။ တရားမျှတအောင်လုပ်ပေးဖို့ ဥပဒေတွေ ထားရှိရတာဖြစ်တယ်။

ယနေ့ဒီမိုကရေစီနိုင်ငံတွေရဲ့ ဝါဒတွေ ပြောင်းလဲနေတာကို တွေ့ရတယ်။ အာဏာရှင်လမ်းကြောင်းပေါ် ရောက်လာနေတယ်လို့ ဆိုတာပေါ့။ ဒီအကြောင်းကို ကိုဘသစ်က လာရောက် ဆွေးနွေးထားတာကို တင်ပြပါမယ်။

“ဆရာညိုရေ၊ နိုင်ငံအများမှာ ဒီမိုကရေစီ ကျဆုံးနေတယ်လို့ဆိုတယ်”

“ဟုတ်ကဲ့၊ ဘယ်နိုင်ငံတွေလဲ”

“နိုင်ငံအများကြီးပါပဲ။ အီတလီ၊ ပိုလန်၊ ဟန်ဂေရီနဲ့ စပိန်တို့မှာပါ ဒီလို ဒီမိုကရေစီစနစ်ကနေ အာဏာရှင်ပုံစံတွေ ချိုးလာတာကို တွေ့နေရတယ်”

“ဆိုးတာပဲ”

“တူရကီ၊ ဘရာဇီးနဲ့၊ ဖိလစ်ပိုင်တို့မှာလည်း ဒီမိုကရေစီ ပျက်သုဉ်းနေတာတွေ တွေ့နေရတယ်”

“ဟုတ်ပါတယ်။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ အစစ်အဆေး အမေးအမြန်းတွေ မလုပ်ဘဲ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့သူ ၄၀၀၀ ကျော်ကို သတ်ခဲ့တယ်လို့ဆိုတယ်”

“လမ်းပေါ်မှာ ပစ်သတ်တာတွေ အများကြီးပဲ”

“မှန်ပါတယ်။ ပြီးတော့ မှောင်ခိုဂိုဏ်းတွေရဲ့ တစ်စီးကို မြန်မာငွေ သိန်း ၁၀၀၀ လောက်တန်တဲ့ မော်တော်ကားတွေကို လမ်းကြိတ်စက်နဲ့ ဖျက်ဆီးပစ်တယ်”

“နိုင်ငံတွေကို ဒီမိုကရေစီနည်းနဲ့ တည်ဆောက်ရတာ အင်မတန်ခက်ခဲတာပဲ မဟုတ်လား။ လူထုအုံကြွ ဆန္ဒပြတာတွေဟာ ပြဿနာ အကြီးကြီးရှိတယ်”

“ဒီမိုကရေစီစနစ်ကို နှစ် ၂၀၀ ကျော် ကျင့်သုံးနေတဲ့ အမေရိကန်ပြည်ထောင်စုရော ဘာထူးလို့လဲ။ ရွှေ့ပြောင်းလာတဲ့ တရားမဝင်လူတွေကို နည်းအမျိုးမျိုးနဲ့ အရေးယူနေတယ်။ ကလေးတွေ ပါလာရင် ကလေးတွေနဲ့ မိဘတွေကို ခွဲထားတယ်။ တချို့နိုင်ငံတွေဆိုရင် ဗီဇာရနေပေမယ့် ပြည်ဝင်ခွင့်မပြုတာတွေရှိတယ်”

“အမေရိကန် ပထမ (American First) ဆိုတဲ့ ပေါ်လစီမဟုတ်လား”

“ဟုတ်တယ်။ ကြောက်ဖို့ကောင်းတယ်။ တကယ်တော့ ဒုတိယကမ္ဘာစစ်အပြီးမှာထားတဲ့ အမေရိကန်သဘောထားနဲ့ အင်မတန် ဆန့်ကျင်တယ်”

“ဘယ်လိုလဲ ပြောပြပါဦး”

“ဒုတိယကမ္ဘာစစ်အပြီးမှာ ကမ္ဘာ့နိုင်ငံတွေ အတော်ဒုက္ခရောက်ခဲ့တယ်။ လူသန်း ၅၀ ကျော် သေတယ်။ ဆုံးရှုံးတဲ့ ပစ္စည်းတန်ဖိုးတွေက ဘီလျံထောင်ချီတယ်။ ဒီတော့ လူတွေဟာ ပြာပုံက နိုးထဖို့ အခက်အခဲ အများကြီး ရှိခဲ့တယ်။ ဒါကို အမေရိကန်က ကူညီတယ်”

“သူက စစ်ဒဏ်မှ မခံရတာပဲ”

“ဟုတ်ပါတယ်။ သူ့လိုပဲ တောင်အမေရိကနိုင်ငံလည်း မခံရဘူး။ ကနေဒါလည်း မခံရပါဘူး။ ဒါပေမဲ့ အမေရိကန်က မာရှယ်စီမံကိန်း (Marshall Plan) ဆိုပြီး ကူညီခဲ့တယ်”

“အဓိက,က ကွန်မြူနစ်တွေ မဝင်လာဖို့ လုပ်တာပဲမဟုတ်လား”

“မှန်ပါတယ်။ စစ်ဘေးဒဏ်ကြောင့် ဆင်းရဲသွားမယ်ဆိုရင် ကွန်မြူနစ်စနစ်လွှမ်း မိုးသွားမှာပေါ့”

“ဂျာမနီနှစ်နိုင်ငံကွဲသွားခဲ့တာ ဒီသဘောပဲ မဟုတ်လား”

“တကယ်တော့ ဒီနိုင်ငံကွဲသွားတာမျိုးဟာ ကမ္ဘာအနှံ့ဖြစ်ခဲ့တယ်။ အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီ၊ တောင်ဗီယက်နမ်နဲ့ မြောက်ဗီယက်နမ်၊ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ကို ကျွန်တော် သတိထားမိပါတယ်”

“အရှေ့နဲ့ အနောက်ဂျာမနီကတော့ ပြန်ပေါင်းသွားပြီး ဒီမိုကရေစီနိုင်ငံဖြစ်လာတယ်။ တောင်ဗီယက်နမ်နဲ့ မြောက်ဗီယက်နမ်တို့ကတော့ ပေါင်းစပ်သွားပြီး ကွန်မြူနစ်နိုင်ငံ ဖြစ်သွားတယ်”

“မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့ကတော့ မပေါင်းကြသေးဘူး။ မြောက်ကိုရီးယားက ကွန်မြူနစ်ဖြစ်ပြီး တောင်ကိုရီးယားက ဒီမိုကရေစီနိုင်ငံဖြစ်တယ်”

“ဒါဆိုရင် ဒီလိုနိုင်ငံတွေဟာ ဘာသာရေးတွေ၊ လူမျိုးရေးတွေကြောင့် ကွဲတာမဟုတ်ဘဲ ဝါဒရေးရာ အမြင်တွေကျ ကွဲသွားတာလို့ သဘောပေါက်နိုင်တာပေါ့”

“ဟုတ်ပါတယ်။ ကျွန်တော် ပြောချင်တာက သူတို့ဟာ နိုင်ငံရေးကြောင့် ကွဲကြတာပဲ။ ဒီနေရာမှာ ပြန်သုံးသပ်စရာတွေ အများကြီး ရှိတယ်။ ဒီမိုကရေစီနဲ့ ကွန်မြူနစ်ပေါ့လေ။ ဒီဝါဒတွေ စွဲကိုင်ထားတဲ့ တိုင်းပြည်တွေဆိုရင် ဒီမိုကရေစီစနစ်ကို ကျင့်သုံးရင် ချမ်းသာတယ်။ ကွန်မြူနစ်စနစ်ကို လိုက်နာရင် ဆင်းရဲတယ်လို့ဆိုတယ်”

“မှန်ပါတယ်၊ ဂျာမနီနှစ်နိုင်ငံ ကွဲနေစဉ်က ကွန်မြူနစ်စနစ်ကို ကျင့်သုံးတဲ့ အရှေ့ဂျာမနီဟာ ဆင်းရဲပါတယ်။ ဒီအတိုင်းပဲ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားဆိုရင်လည်း ကွန်မြူနစ်စနစ်ကိုကျင့်သုံးတဲ့ မြောက်ကိုရီးယားဟာ ဆင်းရဲတယ် “

“လူတွေ ကွန်မြူနစ်စနစ်ဟာ ဆင်းရဲစေတယ်လို့ ကောက်ချက်ချတာပေါ့။ လီကွမ်ယူလည်း ဒီလိုပြောတာပဲ မဟုတ်လား”

“ဒါပေမဲ့ ယနေ့မှာတော့ ကွန်မြူနစ်ဝါဒကို ကျင့်သုံးတဲ့ တရုတ်ဟာ ကမ္ဘာ့အချမ်းသာဆုံး စာရင်းထဲမှာ နံပါတ် (၂) မှာ ရှိတယ်။ မကြာမီ နံပါတ် (၁) နေရာကို ရယူတော့မယ်။ ဒီအတိုင်းပဲ ဗီယက်နမ်လည်း ချမ်းသာလာပြီ ဖြစ်တယ်”

“ဒီမိုကရေစီနီုင်ငံတွေက ဆင်းရဲနေတာပေါ့ဟုတ်လား”

“ဒီလိုလည်း မဟုတ်ဘူး။ ဒီမိုကရေစနစ်မှာ အာဏာရှင်ပုံစံတွေ ဝင်လာပြီး အဆင်ပြေနေတာကို တွေ့ရမှာပါ။ ဥပမာ စင်ကာပူဆိုရင် အာဏာရှင်ဆန်ဆန် ကျင့်သုံးတာတွေ အများကြီးပါပဲ။ ၁၉၇၀ ပြည့်နှစ်နောက်ပိုင်းမှာ တရုတ်လိုထုတ်တဲ့ သတင်းစာနှစ်စောင်က တာဝန်ရှိသူတွေ ဖမ်းတယ်။ ဒါဟာ တရုတ်ပြည်မကြီးကို ဝါဒဖြန့်တဲ့ ကွန်မြူနစ်သတင်းစာဆိုပြီး စွပ်စွဲလို့ သတင်းစာကိုပိတ်ပြီး တာဝန်ရှိသူတွေကို ထောင်နှစ်နှစ်ချခဲ့တယ်။ တစ်ချိန်တည်းမှာလည်း Herald ဆိုတဲ့ အင်္ဂလိပ်လိုထုတ်တဲ့ သတင်းစာကိုလည်း နိုင်ငံခြား ထောက်ပံ့မှုတွေနဲ့ ထုတ်တယ်ဆိုပြီး ပိတ်တယ်”

“သူက ဘက်မလိုက်တဲ့ သဘောပြတာပဲပေါ့”

“သူက စင်ကာပူကို တိုးတက်အောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ပဲ။ အဲဒီအချိန်က စင်ကာပူလေကြောင်းက သပိတ်မှောက်တယ်။ စင်ကာပူဟာ လေကြောင်းက အဓိကဝင်လို့ရတဲ့ ကျွန်းနိုင်ငံလေးပါ။ ဒီလို လေကြောင်းလိုင်း ဆန္ဒပြမှုဟာ စင်ကာပူကို နစ်နာစေတယ်။ ဒီတော့ လီကွမ်ယူက ပြောတယ်။ ငါဟာ စင်ကာပူကို အခုလို အခြေရောက်အောင် တည်ဆောက်လာတာ မင်းတို့ အသိပဲ။ မင်းတို့ ဆန္ဒပြနေရင် စင်ကာပူ စီးပွားရေးကျသွားမယ်။ တခြားနိုင်ငံကလည်း ယုံကြည်ကြတော့မှာ မဟုတ်ဘူး။ မင်းတို့ နောက်နေ့အထိ ဆန္ဒပြနေရင်တော့ အားလုံးကို အလုပ်က ထုတ်ပစ်မယ်လို့ ကြိမ်းတယ်။ လီကွမ်ယူဟာ တကယ်လက်တွေ့လုပ်သူပါ။ အားလုံးကြောက်ပြီး အလုပ်ထဲ ဝင်တယ်”

“ဒါက လက်တွေ့ကျကျ ဆောင်ရွက်တာပဲ မဟုတ်လား”

“ဟုတ်ပါတယ်။ ဒါပေမဲ့ ဒါတွေဟာ ဒီမိုကရေစီစံနဲ့ လွဲနေတာပေါ့”

“အင်း ခင်ဗျားပြောတာ အခုမှပဲ ရှင်းတော့တယ်။ လူ့အခွင့်အရေးတွေ၊ ဒီမိုကရေစီစံတွေဆိုတာ နိုင်ငံတော် တည်ဆောက်နေတဲ့အခါတွေမှာ အဆင်မပြေတာမျိုး ရှိတတ်တာပေါ့။ ဟုတ်လား”

“ခေါင်းဆောင်တွေကတော့ ဒီလိုပဲမြင်တယ်။ ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ်က မတ်လက လွှင့်ထုတ်ခဲ့တဲ့ မိန့်ခွန်းမှာ ဖျက်လိုဖျက်ဆီးလုပ်တဲ့ လူမှန်သမျှကိုတော့ အာဏာကုန် နှိမ်နင်းပစ်မယ်လို့ ဆိုတားတယ်”

“အတိအကျ ပြောပြပါဦး”

“ဒီမှာ စာအုပ်ထဲက ဖတ်ပြမယ်။ ရွေးကောက်ပွဲဖျက်တဲ့လူတွေကိုတော့ ကျုပ်တို့ အစိုးရက ဒီအတိုင်း ကြည့်နေမှာမဟုတ်ဘူး။ အပြင်းအထန် နှိပ်ကွပ်ရမှာပဲ။ ရွေးကောက်ပွဲမှာ လွတ်လပ်စွာ ယှဉ်ပြိုင်တဲ့သူကိုတော့ ဘယ်သူ့ကိုမှ ကျုပ်တို့အစိုးရက နှောက်ယှက်မှာ မဟုတ်ဘူး။ သို့သော် ဖျက်လိုဖျက်ဆီးလုပ်တဲ့လူ မှန်သမျှကိုတော့ အာဏာကုန် နှိမ်နင်းပစ်မှာပဲဆိုတာကို ရှင်းရှင်းကြီး သတိပေးထားပါရစေတဲ့”

“တိုင်းပြည် တည်ဆောက်တဲ့အခါ အာဏာတွေကို အပြင်းအထန် သုံးရတာတွေ ရှိတာပဲ။ တရုတ်ပြည်ဆိုရင်လည်း အခုအခြေထိရောက်အောင် လူအသက်ပေါင်းများစွာကို စတေးခဲ့သလို ဖိလစ်ပိုင်သမ္မတ ဒူတာတေးကလည်း အသက်များစွာ စတေးတယ်လို့ ယူဆနိုင်တာပဲ”

“ဒီအကြောင်းကို ရေးပါလား”

“ကျွန်တော် မရေးရဲပါဘူး”

“ဘာဖြစ်လို့လဲ”

“လူတွေ ဝေဖန်မယ်။ ပြီးတော့ အရေးယူတာ ခံရနိုင်တယ်”

“လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ်ဆို”

“စောစောက ခင်ဗျားပဲပြောတယ်။ ဒီမိုကရေစီ ကျဆုံးနေပြီဆိုတာ”

ကိုဘသစ် ကျွန်တော့်ကို ကြည့်နေပါတယ်။

“ကြည့်မနေနဲ့ ကိုဘသစ်ရေ။ ကျွန်တော်တို့ဆီ အခုထက်ထိ ပြည်သူပိုင်သိမ်းထားတဲ့ သတင်းစာဆိုတာတွေကို အစိုးရထုတ်နေတာတွေ ရှိနေသေးတယ်။ ပြီးတော့ ကျောင်းသားသမဂ္ဂဆိုလည်း ဖွဲ့လို့မရသေးဘူး”

“ဖွဲ့နေကြတာပဲ မဟုတ်လား”

“တရာဝင်ခွင့်ပြုတာ မဟုတ်သေးဘူးလေ”

“ဒါပေမဲ့ ဆန္ဒပြလို့ရနေတာပဲ”

“ဆန္ဒပြတာတွေ၊ ကျူးကျော်တဲတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေ လန်ထွက်ကုန်တယ် မဟုတ်လား”

“ခင်ဗျားပြောသလိုဆို လီကွမ်ယူသာဆို အရေးယူမှာပဲ”

“ဗိုလ်ချုပ်အောင်ဆန်းဆိုရင်ကော”

“ဗိုလ်ချုပ်က ပိုပြီးပြတ်ပြတ်သားသား လုပ်မယ်ထင်တယ်။ အကျင့်ပျက်ခြစားသူတွေကို အပြတ်နှိမ်နင်းမယ်ထင်တယ်။ ဗိုလ်ချုပ်ပြောထားတာ တစ်ခုရှိတယ်။ လူမိုက်လုပ်မယ့် ရန်သူတွေကို လူမိုက်နည်းနဲ့ပဲ တုံ့ပြန်ရမယ်။ လူလိမ္မာ လုပ်ပြီး လိမ်မယ့်ရန်သူတွေကို လိမ္မာတဲ့နည်းတွေနဲ့ပဲ ပြန်တိုက်ရမယ်။ နိုင်ငံရေးက နိုင်ငံရေးပဲ။ နိဗ္ဗာန်ရောက်အောင် လုပ်နေတာ မဟုတ်ဘူးတဲ့”

“နိုင်ငံအများမှာ ဒီမိုကရေစီစံတွေကနေ ရွေ့နေတာဟာ တကယ်တော့ ကိုယ့်နိုင်ငံကို ကိုယ်ကောင်းအောင်လုပ်ချင်တဲ့ ဆန္ဒတွေကြောင့်ပဲ မဟုတ်လား”

“ဒါပေါ့။ ဒါပေမဲ့ နိုင်ငံရေးဆိုတာ အင်မတန်ကျယ်ပြန့်တယ်။ တိုင်တိုင်ပင်ပင်တော့ လုပ်ဖို့လိုတယ်”

“လေးစားပါတယ် ကိုဘသစ်”

Most Read

Most Recent