အတိဇာတသား

အတိဇာတသား
Published 7 February 2018

စာရေးသူ၏တပည့်ဖြစ်သူ ကိုညီညီမောင်

တစ်နေ့က ညီလေးဥက္ကာက ကိုယ့်အကြောင်းကို သူမြင်သလို ရေးထားတာကို ဖတ်မိပြီးနောက်မှာ သူ့စာထဲက စာသားတစ်ခုကိုယူပြီး ‘မှတ်တိုင်’ လို့ ခေါင်းစဉ်တပ်ရေးလိုက်တာကို စာဖတ်သူတချို့က ဆောင်းပါးကောင်းတစ်ပုဒ်ဖြစ်တယ်ဆိုပြီး ပြောလာတော့ ကိုယ့်ဘာသာကိုယ်တောင် ပြန်စဉ်းစားနေမိတယ်။ ငါဆောင်းပါးများ ရေးလိုက်မိသလား။ ဟုတ်ရဲ့လားပေါ့။

ဒီလိုသူများပြောတာတွေက စိတ်ထဲကမထွက်ဘဲဖြစ်နေစဉ်မှာ ဒီနေ့ဟာ လွန်ခဲ့တဲ့ ၂၂ နှစ်ကျော်က တော်ခဲ့ဖူးတဲ့တပည့်တစ်ယောက်ရဲ့မွေးနေ့ ဒီနေ့ဖြစ်တယ်ဆိုပြီး ကိုရွှေ Facebook က မက်ဆေ့ချ်ပေးနေပြန်တော့ သူနဲ့ကိုယ်နဲ့ ပတ်သက်ခဲ့ပုံတွေကို ပြန်သတိရရင်း အဲဒီတပည့်ရဲ့ ပြောပြချက်ကို စာတစ်ပုဒ်ရေးဖို့ စိတ်က နှိုးဆွလာပြန်တယ်။ ကိုယ့်တပည့်ရဲ့ ထူးခြားချက်တစ်ခုကိုဆွဲထုတ်ပြီး စာတိုကလေးရေးတာမို့ ကိုယ့်ငါးချဉ်ကိုယ်ချဉ်တာလို့ ပြောချင်သူများကိုလည်း စိတ်မဆိုးပါဘူး။

၁၉၉၅ ခုနှစ်မှာ ကိုယ်ဟာ ဒဂုံတက္ကသိုလ်ရဲ့ မြန်မာစာဌာနမှာ အချိန်ပိုင်းနည်းပြလုပ်တုန်းက ဒီမွေးနေ့ရှင်တပည့်နဲ့ ဆုံခဲ့တာပါ။ အဲဒီတုန်းက သူကပထမနှစ် (မြန်မာစာအထူးပြု) ကျောင်းသားလေးပေါ့။ သူနဲ့တွေ့ပုံက ကိုယ်ကကျောင်းဖယ်ရီ ကားမမီလိုက်လို့ ကျောင်းပရဝဏ်အပြင်ဘက်ထွက်ပြီး သွားမလို့လမ်းလျှောက်နေတုန်း “ဆရာပြန်မလို့လား။ ကျွန်တော့်ကားနဲ့လိုက်ခဲ့ပါ” ဆိုပြီး Mark 2 ကားပေါ်ကလှမ်းပြီးဖိတ်ခေါ်ရာကစပြီး နောက်ပိုင်း သူ့ကိုပါစာတွေသင်ပေးရင်းနဲ့ တအားရင်းနှီးခင်မင်တဲ့ ဆရာတပည့်ဖြစ်ခဲ့ဖူးပါတယ်။ သူ့နာမည်က ညီညီမောင်။ ဖိုးလမင်းရေခဲမုန့်နို့အေးချောင်းပိုင်ရှင်ရဲ့ အငယ်ဆုံးသားပေါ့။

ဆရာနဲ့တပည့်တွေရဲ့ ဆုံတွေ့မှုဆိုတာ တိုတောင်းတဲ့ကာလတစ်ခုစာဆိုတော့ ထုံးစံအတိုင်း ကွဲကွာသွားကြစမြဲပေ့ါ။ ကိုယ်လည်း ကိုယ့်ဘဝပင်လယ်မှာ စုန်ဆန်မျောနေတာမို့လို့ ဒီတပည့်နဲ့ ပြန်ဆုံတွေ့ရမယ်လို့ မထင်မိတော့ပါဘူး။ ကိုယ်ကိုယ်တိုင်ရဲ့ဘဝမှာလည်း ကိုယ့်ရဲ့ကျေးဇူးရှင် ဆရာ ဆရာမတွေနဲ့ ပြန်ဆုံနိုင်တာမှ မဟုတ်တော့တာ မဟုတ်လား။

ဒါပေမဲ့ ဒီခေတ်မှာ လူအတော်များများရဲ့ ဘဝထဲကိုစိုးမိုးနေတဲ့ Facebook ကျေးဇူးကြောင့် ဆရာတပည့် ပြန်ပြီးဆက်သွယ်မိတယ်။ သူ့ဝေါလ်ကိုလိုက်ဖတ်ကြည့်တော့ သူဟာ မိဘကိုအင်မတန်အလေးထားတဲ့စာတွေ ဖတ်ရတယ်။ မိခင်ကြီးကလည်း Facebook သုံးကာ မိဘမေတ္တာကို ပြန်လည်ပေးနေတာကို သိနေရတယ်။ ဒါနဲ့ပတ်သက်လို့ ကိုယ်က “မင်းအကောင့်မှာ ငါဖတ်ကြည့်မိတာထဲက ပုံမှန် မြန်မာပြည်သား မိဘတတ်နိုင်တဲ့ သားသမီးတွေနဲ့ မင်းနဲ့မတူတာတစ်ခုကို ငါသတိပြုမိတယ်”

“ဟုတ်ဆရာ။ မိဘတွေကိုတော့ မသေခင်မှာ စိတ်ချမ်းသာအောင် ထားပါတယ်ဆရာ။ သေသွားမှဆို ကျွန်တော်နောင်တမရချင်လို့ပါဆရာ”

“ငါထင်တာ အခု မင်းက မိဘလက်ငုတ်အလုပ်ကို ပိုမိုကျယ်ပြန့်အောင် ဦးစီးနေပြီလို့ပေါ့”

“ဟုတ် လုပ်ငန်းက မိဘလက်ထက်ကထက် နည်းနည်းတော့ ပိုကြီးလာပါပြီဆရာ”

သူက သို့ကလိုပြောနေပေမယ့် သူ့မိဘလက်ထက်က ခေတ်စနစ်အခြေအနေအရ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ရင်တောင်မှ လုပ်မရတဲ့ခေတ်လေ။ ခုကာလမှာတော့ ကိုယ်စွမ်းရင် စွမ်းသလောက် ချဲ့ထွင်လို့ရတဲ့ခေတ်မို့ သူက နည်းနည်းကြီးလာပြီဆိုတာဟာ တကယ်တော့ သူဟာ မိဘလက်ထက်ကထက် အဆများစွာကျယ်ကျယ်ပြန့်ပြန့် ဦးစီးလုပ်ကိုင်နေပြီလို့ နားလည်လိုက်တယ်။ ဒါကြောင့် “မိဘလက်ငုတ်လက်ရင်းကို ပိုမိုပြီးကြီးပွားလာအောင် လုပ်နိုင်တဲ့သားကို အတိဇာတသားလို့ခေါ်တယ်ကွ”

“ဘာကိုဆိုလိုတာလဲ ဆရာ”

“အေး ပြောပြတာပေါ့။ မိဘတိုင်းဟာ ကိုယ့်သားသမီးတွေကို သူတို့ထက်ပိုပြီး အဆင့်မြင့်စေချင် အောင်မြင်စေချင်ကြတာ မင်းလည်းအသိပဲလေ။ ဒါကြောင့် သားသီးတွေအတွက် ဘက်ပေါင်းစုံက အစွမ်းကုန်ဖြည့်ဆည်းပေးကြတာ မဟုတ်လား။ ဒါကြောင့် တချို့သားသမီးတွေက မိဘလက်ထက်ကထက် ပိုချမ်းသာပိုအောင်မြင် ပိုကြီးပွားတဲ့သူလည်းရှိတယ်။ မိဘလက်ထက်ကအတိုင်းပဲ ပုံမှန်သွားနေတဲ့သူတွေလည်းရှိကြတာပဲ။ တချို့ကျတော့လည်း မိဘလက်ထက်ကို မီဖို့မပြောနဲ့ ပိုနိမ့်ကျသွားတဲ့လူတွေလည်း ရှိတယ်မဟုတ်လား။ ဒါကို ပါဠိစကားနဲ့ အတိဇာတသား - အဖကိုလွန်သောသား (မိဘထက် ဂုဏ်ကျေးဇူးလွန်မြတ်သောသား)။ အနုဇာတသား - အဖနှင့်တန်းတူသား (မိဘနှင့် ဂုဏ်ကျေးဇူးတူမျှသောသား)။ အဝဇာတသား - အဖအောက်ယုတ်လျော့သောသား (မိဘအောက် ဂုဏ်ကျေးဇူးနိမ့်သောသား) ဆိုပြီး နိပါတ်တော်တွေမှာ ဟောထားတယ်ကွာ”

“ခုလိုပြောပြလို့ ကျေးဇူးတင်ပါတယ်ဆရာ”

“နောက် ငါတစ်ခုသတိထားမိတာက ငါတို့မြန်မာပြည်မှာ ချမ်းသာတဲ့မိဘကမွေးလာတဲ့ သားသမီးတချို့ဟာ မိဘပိုက်ဆံကိုသုံးဖို့၊ ဖြုန်းဖို့လောက်ပဲ စဉ်းစားကြတယ်။ တစ်သက်လုံး ဘော်ကြော့နေတတ်ကြတယ်။ မင်းကျတော့ အဲဒီလိုမဟုတ်ဘူးနော်။ အဲဒါ နည်းနည်းထူးခြားသလားလို့”

“ကျွန်တော်လည်း ငယ်ငယ်ကသူဌေးသားပဲ။ တအားသုံးတာ။ ဖြုန်းတာဆို ပိုမှန်လိမ့်မယ်။ သုံးတာထက်ပိုတယ်။ ဒါပေမဲ့ မိဘလုပ်ငန်းကို ကျွန်တော့်လက်ထက်ကျမှ ပြုတ်သွားရင် ကျွန်တော်ညံ့တာဖြစ်မှာလေ။ ဒါကြောင့် ကြိုးစားတာပါဆရာ”

“အေး ငါလည်း မင်းတို့နဲ့ကွဲသွားပြီး နောက်ပိုင်း ဘဝသံသရာမျိုးစုံကျင်လည်ခဲ့တယ်။ အခုတော့ စာလည်းနည်းနည်းသင်။ နည်းနည်းပါးပါး စာတိုပေစလေးတွေလည်းရေးတော့ မင်းအတွေ့အကြုံတွေကိုလည်း ရေးချင်တယ်ကွာ။ ဘယ်လိုလဲ”

“ဟာ ဆရာကလည်း ကျွန်တော်ကပုံမှန်လူပဲရှိသေးတယ်။ အောင်မြင်တဲ့ သူဌေးတစ်ယောက်မဖြစ်သေးတော့ စာဖတ်သူအတွက် မှတ်သားလောက်စရာ ဘာမှထူးထူးခြားခြား ပေးနိုင်မှာမို့လဲဗျာ”

“ဒါတော့ ငါလည်း တထစ်ချမပြောတတ်ဘူးလေ။ ဒါပေမဲ့ မင်းရဲ့အမြင်ကို ငါတစ်ခုမေးကြည့်မယ်။ လုပ်ငန်းတစ်ခု အောင်မြင်ဖို့အတွက် ဘယ်ဟာကအရေးကြီးလဲ။ အဓိကလဲ ငါ့ကိုပြောပြကွာ”

“လုပ်ငန်းအောင်မြင်ဖို့မှာ ကတိတည်ဖို့က အရေးကြီးဆုးံပဲဆရာ။ ကတိမတည်ရင် ကျန်တာတွေ ဘာမှဆက်လုပ်လို့မရဘူး။ ကိုယ်ပြောပြီးသားစကား ကိုယ်တာဝန်ယူရဲရမယ်။ အဲဒါအရေးကြီးဆုံးပဲ ဆရာ”

“ကတိသစ္စာတည်သောခါဝယ် နွယ်မြက်သစ်ပင်တွေတောင် ဆေးဖက်ဝင်တယ်ဆိုတယ် မဟုတ်လားကွာ။ သိပ်အရေးကြီးတဲ့ အချက်ဆိုတာ ငါလက်ခံတယ်”

“ကတိတည်ရင် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရပြီ။ အလုပ်တွေက တစ်ခုပြီးတစ်ခု ဆက်သွားရော ဆရာ။ နောက်တစ်ခုက ဘယ်ဟာမဆို အတုမလုပ်ရဘူး။ ပစ္စည်းအစစ်ပဲ ရောင်းရမယ်။ ဈေးကြီးရင်ကြီးပါစေ မဝယ်ရင်မရောင်းဘူး။ နာမည်မပျက်ဘူးပေါ့။ အပေါစားတွေ မသွင်းဘူး။ အခွန်အပြည့်ဆောင်တယ်။ အဲဒီတော့ ကျွန်တော်သွင်းတာက သူများထက်တော့ ဈေးများလိမ့်မယ်။ ဒါပေမဲ့ ပစ္စည်းအစစ်ရမယ်။ အာမခံအပြည့်ရမယ်။ အဲဒါ ပြောချင်တယ်ဆရာ။ သီချင်းခွေတွေကအစ ကိုယ်တိုင်ကော်ပီမဝယ်ဘူး။ အားမပေးဘူး။ အစစ်ပဲဝယ်အားပေးတယ်”

“ဒါပေါ့ကွာ ကမ္ဘာမှာလည်း ဒီအတိုင်းပဲလေ။ အရည်အသွေးကောင်းတာဟာ အမြဲတမ်းနာမည်ကောင်းရတာပဲ။ ထာဝစဉ်ထိပ်ဆုံးမှာ ရပ်တည်နေတာပဲ။ ဒါနဲ့ လက်ရှိမြန်မာပြည်ရဲ့ စီးပွားရေးထဲက ကတိတည်ခြင်းမတည်ခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးကို ပြောပြပါဦး”

“ကတိမတည်တဲ့အပိုင်းကို ဥပမာပြောရရင် မြန်မာပြည်က ငွေဈေးဒေါ်လာက အတက်အကျ တအားကြမ်းတော့ လုပ်ရကိုင်ရ အတော်ခက်ခဲတယ်ဆရာ။ ပစ္စည်းတစ်ခုရောင်းတယ် ၁၀၀ နဲ့။ ရုတ်တရက် ဒေါ်လာဈေးတက်သွားတယ်။ အရင်းက ၁၁၀ ဖြစ်သွားတယ်။ ပြောထားတာက ၁၀၀ အခုက ၁၁၀ ဖြစ်သွားပြီ။ အလုပ်ကမလုပ်ရသေးဘူး ၁၀ ရှုံးသွားပြီ။ အဲဒီတော့ ကတိမတည်တော့ဘူး။ ပြန်ပြောင်းပြီးပြောတော့ ဝယ်သူကမဝယ်တော့ လုပ်ငန်းကမအောင်မြင်တာပဲ ဆရာ။ နောက်တစ်ခု မြေကွက်အရောင်းအဝယ်ကိစ္စတွေမှာပေါ့။ မြေဈေးတွေတက်တယ်။ ကိုယ်ရောင်းဖို့ သိန်း ၁၀၀ နဲ့ပြောထားတယ်။ စရန်က သိန်း ၂၀ ယူထားတယ်။ တကယ်အကျေခြေမယ့်အချိန်မှာ မြေဈေးကသိန်း ၂၀၀ ဖြစ်နေပြီ။ စရန်ကို နှစ်ဆ ၄၀ ပြန်လျော်တောင် ၆၀ ထပ်မြတ်နေသေးတယ်။ ဒါကြောင့်မရောင်းတော့ဘူး။ အဲဒါရဲ့အကျိုးဆက်က ဘာဖြစ်လဲဆိုတော့ ဘယ်သူမှ ကိုယ့်ကိုမယုံတော့ဘူး။ ရှုးံတာမြတ်တာကိုချည်း မကြည့်ရဘူး။ ကိုယ်ပြောပြီးသားကို တည်ရမယ်။ အဲဒါကြောင့် ကတိတည်ရမယ်။ ကတိဟာ အရေးကြီးတယ်လို့ပြောတာပါ ဆရာ”

ဒီစကားတွေကို ပြောနေတာဟာ လွန်ခဲ့ဆယ်စုနှစ် နှစ်ခုကျော်က ကျွန်တော့်တပည့်ဖြစ်ခဲ့သူ။ ခုတော့ ဘဝအတွေ့အကြုံ ကြွယ်ဝနေပြီဖြစ်တဲ့ လူလတ်ပိုင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးပေါ့။ ကိုယ်ကတော့ စီးပွားရေးဆို ဘာတစ်ခုမှမလုပ်ဖူးသူဖြစ်လို့ ဒီဘက်ပိုင်းမှာ ဘာအတွေ့အကြုံမှမရှိဘူး။

တပည့်ဖြစ်သူ ပြောပြတာကိုပဲ အသေအချာနားစိုက်ထောင်ပေါ့။ သူ့စကားတွေကို နားထောင်ရင်း ဆင့်ပွားဖောက်ထွက် တွေးမိတာက ဒီကတိတည်ခြင်းဟာ စီးပွားရေးတင်မဟုတ်ပါဘူး။ တခြားအရေးတကာမှာလည်း ပဓာနကျတယ်။ အရေးကြီးတယ်ဆိုတာကို တစ်စုံတစ်ယောက်က ထပ်ဆင့် ကိုယ့်ကိုလာပြီး ပြောပြနေသလို နားထဲမှာကြားယောင်နေတယ်။

အပြောတစ်မျိုး အလုပ်တစ်မျိုး၊ ရှေ့တင်တစ်မျိုး ကွယ်ရာတစ်မျိုး၊ လျှာအရိုးမရှိတိုင်း လှည့်စားပြောဆိုတတ်သူတွေကို ယုံမှတ်လို့ပုံအပ်ခဲ့ကြတဲ့ ဘဝတွေကို မြင်ယောင်လာမိတယ်။ လူဆိုတာမျိုးကလည်း သကာလူးထားတဲ့စကားကိုမှ နှစ်ခြိုက်ကြပြန်တယ် မဟုတ်လား။

ကိုယ့်ရဲ့တပည့်ဟာ ရေရှည်အောင်မြင်ဖို့အတွက် အရေးပါတဲ့အဓိကအချက်ကို ကောင်းကောင်းသိနေပြီ။ လက်တွေ့လည်းကျင့်သုံးနေပြီဆိုတော့ သူဟာ ဘယ်တော့မှ အဝဇာတသားတို့၊ အနုဇာတသားတို့ ဖြစ်ဖို့အကြောင်းမရှိတော့ပါဘူး။ လူတစ်ယောက် တကယ်ကြီးပွားချမ်းသာလာပြီဆိုရင် ဒါဟာ တိုင်းပြည်ရဲ့ကြီးပွားချမ်းသာခြင်းလည်း မည်တယ်ဆိုတော့ ငါ့တပည့်ရေ မိဘနှစ်ပါးရဲ့ အတိဇာတသားဖြစ်ရုံမက တိုင်းပြည်ရဲ့အတိဇာတသားပါ ဖြစ်လာနိုင်ပါစေလို့ ဆရာက မင်းရဲ့မွေးနေ့လက်ဆောင်အဖြစ် ဆုတောင်းပေးလိုက်ပါတယ်။

Most Read

Most Recent