
ဂီတအနုပညာနယ်ပယ်မှာ အောင်မြင်မှုမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့တဲ့ လူငယ်အဆိုတော်တွေထဲမှာ အိမ့်ချစ်လည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ အမျိုးသမီးတေးရေးရှားပါးတဲ့ ဂီတအနုပညာနယ်ပယ်မှာ ကိုယ်တိုင်က အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်သလို ပရိသတ်တွေနှစ်သက်တဲ့၊ ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်တဲ့ တေးသီချင်းတွေကိုလည်း ရေးသားနိုင်သူ တစ်ဦးလည်းဖြစ်တဲ့ အိမ့်ချစ်က သူမရဲ့ဖခင်အဆိုတော်ကြီး ချစ်ကောင်းနဲ့ ၅၂၈ လို့ အမည်ရတဲ့ ဖျော်ဖြေပွဲကို ၂၀၁၆ ခုနှစ် အောက်တိုဘာလထဲမှာ ပြုလုပ်ခဲ့ပြီး သူမရဲ့ဂီတအနုပညာမှာ အမှတ်တရအဖြစ်ရော အောင်မြင်တဲ့မှတ်တိုင်တစ်ခုပါ စိုက်ထူနိုင်ခဲ့သူပါ။ လာမယ့်နိုဝင်ဘာ အတွင်းမှာလည်း အိမ့်ချစ်က သူမရဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပဖို့ စီစဉ်နေသလို သူမရဲ့တေးစီးရီးသစ်တွေကိုလည်း တစ်ကိုယ်တော်ပွဲမတိုင်ခင် ဖြန့်ချိဖို့စီစဉ်နေတယ် ဆိုတာကြောင့် သူမရဲ့ အနုပညာ လှုပ်ရှားမှုတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။
■ မေး - လက်ရှိအနုပညာ လှုပ်ရှားမှုတွေ အကြောင်းကို ပြောပြပေးပါဦး။
ဖြေ - အခုလက်ရှိမှာ ညီမရဲ့ တစ်ကိုယ်တော်စီးရီးဖြစ်တဲ့ ‘အိမ့်ချစ်ဟုခေါ်သည်’ စီးရီးကို Music Video တွေ ရိုက်နေပါတယ်။ အဲဒီလိုပဲ ကိုဟဲလေးနဲ့ နှစ်ယောက်တွဲ ထွက်မယ့် ‘ချောကလက်မှိုတက် ညိုပြာညက်’ ဆိုတဲ့ စီးရီးလေးအတွက်လည်း အသံသွင်းတာတွေ လုပ်နေပါတယ်။ နောက်ပြီး ညီမရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက်လည်း ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်နေပါတယ်။ အာဆီယံနှစ် ၅၀ ပြည့် အထိမ်းအမှတ်ပွဲကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ တက်ရောက်ဖို့အတွက် သြဂုတ် ၆ ရက်ကနေ ၉ ရက်အထိ ဖိလစ်ပိုင်မှာ ရှိပါမယ်။ အဲဒီအာဆီယံနှစ် ၅၀ ပြည့် အထိမ်းအမှတ်ပွဲနဲ့အတူ သြဂုတ် ၈ ရက်မှာ ကျင်းပတဲ့ Pop Concert ဖျော်ဖြေပွဲမှာလည်း မြန်မာနိုင်ငံ ကိုယ်စားပြု အနုပညာရှင်အဖြစ် သွားရောက်ဖျော်ဖြေပါမယ်။
■ မေး - အာဆီယံ နှစ် ၅၀ ပြည့် အထိမ်းအမှတ်ဖျော်ဖြေပွဲမှာ နိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ရတဲ့ ခံစားချက်လေးနဲ့ အဲဒီပွဲမှာ ဘယ်လိုဖျော်ဖြေဖြစ်မလဲ။
ဖြေ - အာဆီယံ နှစ် ၅၀ ပြည့်ဖျော်ဖြေပွဲမှာ နိုင်ငံကိုယ်စားပြု အနုပညာရှင်အဖြစ် သွားရောက်ဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ရွေးချယ်တာပါ။ အဲဒီအတွက်လည်း ဝမ်းသာဂုဏ်ယူရပါတယ်။ အဲဒီပွဲက အာဆီယံ နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပတာဖြစ်ပေမယ့် သူတို့က ပေါ့ပေါ့ပါးပါး ဖျော်ဖြေပွဲတစ်ခုပဲ ဖြစ်ချင်တာကြောင့် နိုင်ငံနဲ့ပတ်သက်တဲ့သီချင်းကိုတော့ မဆိုစေချင်ဘူး။ အင်္ဂလိပ်သီချင်းနဲ့ ကိုယ့်ဘာသာစကား သီချင်းကြိုက်တာ ဆိုလို့ရတယ်ဆိုတော့ အိမ့်ချစ်အနေနဲ့က အာဆီယံပွဲဖြစ်ပေမယ့် ကိုယ့်ဘာသာစကားနဲ့ သီချင်းကိုပဲ ဆိုဖို့ရွေးချယ်ထားတယ်။ ‘အောင်မြင်မှုရဲ့နောက်ကွယ်’ ဆိုတဲ့သီချင်းလေးကို ရွေးထားပါတယ်။ အဝတ်အစား အပြင်အဆင်ဆိုရင်လည်း မြန်မာချိတ်ကိုပဲ မြန်မာဝတ်စုံလေးတွေရော ဂါဝန်လေးတွေပါ ပြင်ဆင်ထားတယ်။
■ မေး - တစ်ကိုယ်တော်ဖျော်ဖြေပွဲ လုပ်ဖြစ်တဲ့အကြောင်းလေးကိုလည်း ပြောပြပေးပါဦး။
ဖြေ - အိမ့်ချစ်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲလေးကို Myanmar Event Management ကုမ္ပဏီ (MEMC) ကနေ လုပ်ချင်တယ်ဆိုပြီး စီစဉ်တာပါ။ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို တန်ဆောင်မုန်းလပြည့်ညမှာ ရန်ကုန်မြို့ မျှော်စင်ကျွန်းမှာ ကျင်းပမှာပါ။ ညနေ ၇ နာရီလောက်မှာ စပြီးဖျော်ဖြေပါမယ်။ ဒီပွဲကို သူတို့ဘက်က အကုန်အကျခံမယ်၊ အိမ့်ချစ်စိတ်ကြိုက် စီစဉ်ပါလို့ ပြောတာဖြစ်လို့ ဖျော်ဖြေမယ့်သီချင်းတွေ၊ ကိုယ်လုပ်ချင်တဲ့ပွဲပုံစံတွေ၊ အဝတ်အစားစတဲ့ ဖျော်ဖြေတင်ဆက်မှုပိုင်းအားလုံးကို ကိုယ့်ဘာသာကိုယ်ပဲ စီစဉ်ပါတယ်။ စတိတ်ဒီဇိုင်းကအစ ကိုယ့်စိတ်တိုင်းကျ သူတို့ဘက်ကလုပ်ပေးတယ်။
■ မေး - တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက်ရော ဘယ်လိုတွေပြင်ဆင်နေလဲ။
ဖြေ - တစ်ကိုယ်တော်ဖျော်ဖြေပွဲမှာ သီချင်းအပုဒ်ရေ ၂၅ ပုဒ်ကနေ ၃၀ ကြား ဖျော်ဖြေဖို့အတွက် စီစဉ်ထားပါတယ်။ အနည်းဆုံးကတော့ ၂၅ ပုဒ်ပေါ့။ တချို့ပေါက်သီချင်းတွေက နှစ်ယောက်တွဲဆိုထားတဲ့ သီချင်းတွေဖြစ်လို့ အဲဒီသီချင်းတွေမှာ အတူဆိုမယ့် ကိုယ့်ရဲ့အနုပညာ ညီအစ်ကိုမောင်နှမတွေ လေးငါးယောက်လောက်တော့ပါမယ်။ ဖျော်ဖြေတင်ဆက်မှုအပိုင်းမှာ သီချင်းတွေကိုပဲ ဦးစားပေးပြီး ဖျော်ဖြေတင်ဆက်သွားမယ်။ အကတွေလည်း ပါတော့ပါမယ်။ အကပိုင်းအတွက် Life & Dance အဖွဲ့က ပါဝင်မယ်။ One Lady Show နဲ့တူအောင်တော့ ဖျော်ဖြေတင်ဆက်မယ်။ အခုဆိုရင် ကိုယ့်ပွဲမှာ သီချင်းသီဆိုဖျော်ဖြေမှုမှာကိုပဲ ပရိသတ်တွေ ပျင်းမသွားရအောင်၊ ကိုယ်ဆိုပြချင်တဲ့ သီချင်းလေးတွေရော ပရိသတ် နားထောင်ချင်မယ့် ကြိုက်တဲ့သီချင်းမျိုးတွေရော ပါအောင်လို့ ပွဲချိန်တစ်လျှောက်လုံး အဆင်ပြေအောင် စိတ်ကူးနဲ့တင် သီချင်းစီစဉ်နေတာကိုပဲ နှစ်လလောက် ကြာသွားတယ်။ အခုထိတော့ ပွဲအတွက် စီစဉ်နေတာတွေက ၁၀ ရာခိုင်နှုန်းလောက်ပဲ ပြီးသေးတယ်။ ဖိလစ်ပိုင်က ပြန်လာပြီးရင်တော့ ဒီသြဂုတ်လထဲမှာပဲ ပထမတစ်ခေါက် သီချင်းတိုက်တာတွေစပြီးလုပ်မယ်။
■ မေး - ‘အိမ့်ချစ်ဟုခေါ်သည်’ စီးရီးအတွက် Music Video ရိုက်နေတာရော ဘယ်တော့လောက်ပရိသတ်တွေဆီရောက်မလဲ။ အယ်လ်ဘမ်တစ်ခုလုံးစာ သီချင်းအကုန်လုံး ရိုက်ဖြစ်မှာလား။
ဖြေ - ‘အိမ့်ချစ်ဟုခေါ်သည်’ စီးရီးကလည်း M United ကနေပြီး စီစဉ်ခဲ့တာဖြစ်လို့ Music Video ရိုက်ကူးမှုတွေကတော့ ထုတ်လုပ်သူ စိတ်ကြိုက်စီစဉ်မှာဆိုတော့ သီချင်းတွေအကုန် ရိုက်မရိုက်တော့ မသိသေးဘူး။ လက်ရှိရိုက်ထားတဲ့ သီချင်းတွေမှာတော့ ကိုယ်တိုင်သရုပ်ဆောင်ထားတယ်။
■ မေး - ‘ချောကလက်မှိုတက် ညိုပြာညက်’ ဆိုတဲ့ စီးရီးလေးအတွက်ရော လက်ရှိပြင်ဆင်နေတာတွေကိုရော သိပါရစေ။
ဖြေ - ကိုဟဲလေးနဲ့ နှစ်ယောက်တွဲထွက်မယ့် ‘ချောကလက်မှိုတက် ညိုပြာညက်’ ဆိုတဲ့ စီးရီးလေးကိုတော့ ညီမရဲ့တစ်ကိုယ်တော်ပွဲမှာလည်း ဖျော်ဖြေချင်တာကြောင့် ပွဲမတိုင်မီ အခွေထွက်နိုင်ဖို့ စီစဉ်နေပါတယ်။ အဲဒီစီးရီးရဲ့ ခေါင်းစဉ်သီချင်းလေးဖြစ်တဲ့ ‘ချောကလက်မှိုတက် ညိုပြာညက်’ သီချင်းလေးကိုလည်း ပွဲနေ့မှာ သီဆိုဖို့အတွက် စီစဉ်ထားပါတယ်။ အဲဒီအခွေမှာ အိမ့်ချစ်က တစ်ယောက်တည်းသီချင်း ငါးပုဒ်နဲ့ ကိုဟဲလေးနဲ့ စုံတွဲအဆိုနှစ်ပုဒ်ပါမယ်။ ဒီစီးရီးကို အောက်တိုဘာလထဲမှာ ထွက်နိုင်ဖို့တော့ စီစဉ်နေပါတယ်။ ဒီစီးရီးအတွက် အိမ့်ချစ်ဘက်က သီချင်းနှစ်ပုဒ်တော့ အသံသွင်းပြီးသွားပါပြီ။ အဲဒီသီချင်းနှစ်ပုဒ်စလုံးက သီချင်းအဟောင်းလေးတွေပါ။ ကိုဟဲလေးက ဆိုစေချင်လို့ ရွေးပေးထားတဲ့ သီချင်းလေးတွေပါ။ အိမ့်ချစ်နောက်ထပ်ဆိုရမယ့် သီချင်းသုံးပုဒ်ကိုတော့ သေချာမရွေးရသေးပါဘူး။ ဖြစ်နိုင်ရင်တော့ ကိုယ်တိုင်ရေး သီချင်းတစ်ပုဒ်လောက်ပါအောင် ထည့်နိုင်ဖို့တော့ စဉ်းစားထားပါတယ်။
■ မေး - အခုချိန်မှာ အနုပညာရှင် အတော်များများက စီးပွားရေးလုပ်ငန်းတွေ လုပ်လာကြသလို အိမ့်ချစ်ကိုယ်တိုင်လည်း Emily ဆိုတဲ့ Brand တစ်ခုနဲ့ စီးပွားရေးတွေ လုပ်ဖြစ်နေပြီဆိုတော့ စီးပွားရေးဘက်မှာ ကြုံရတဲ့ အတွေ့အကြုံလေးတွေနဲ့ ဆက်လုပ်သွားမယ့် အစီအစဉ်လေးတွေကိုလည်း ပြောပြပေးပါဦး။
ဖြေ - လက်ရှိမှာတော့ အိမ့်ချစ်လုပ်နေတဲ့ Emily Brand ကနေ အင်္ကျီလေးတွေထုတ်ပြီး ရောင်းချနေတာ ကိုယ်ထင်ထားတာထက် အချိန်တိုအတွင်းမှာ ပေါက်တာမြန်တယ်လို့ ထင်ပါတယ်။ အင်္ကျီတွေစထုတ်ကတည်းက ကြော်ငြာတွေ မလုပ်ဖြစ်ဘူး။ ပထမဆုံးထုတ်တဲ့ အရုပ်မပုံလေးနဲ့ အင်္ကျီလေးဆိုရင်လည်း အချိန်တိုအတွင်းမှာ အရမ်းရောင်းရတယ်။ နောက်ဆုံးထွက်ထားတဲ့ စာတန်းလေးတွေနဲ့ အင်္ကျီလေးတွေဆိုရင်လည်း အရမ်းရောင်းရတယ်။ ညီမရဲ့ Emily Brand ကနေ အနည်းဆုံးတော့ သုံးလတစ်ခါ ဒီဇိုင်းသစ်လေးတွေထုတ်တယ်။ နောက်ထပ်လည်း ဟော့ရှော့ဝတ်ချင်တဲ့သူတွေ၊ ခပ်အေးအေးပုံလေးတွေ ဝတ်ချင်တဲ့သူတွေနဲ့ ဝတဲ့သူတွေအတွက် ဈေးနှုန်းချိုပြီး အရည်အသွေးကောင်းတဲ့ အင်္ကျီဒီဇိုင်းတွေဆက်ပြီး ထုတ်သွားဖို့ စီစဉ်နေပါတယ်။ အဝတ်အထည်တွေအပြင် ဖိနပ်၊ အိတ်နဲ့ အခြားသော ပစ္စည်းလေးတွေကိုလည်း အရည်အသွေးကောင်းကောင်းနဲ့ သင့်တင့်တဲ့ ဈေးနှုန်းဖြစ်အောင် ထုတ်နိုင်ဖု့ိ စီစဉ်နေပါတယ်။ အခက်အခဲဆိုတာတွေလည်း ရှိပေမယ့် အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေပါတယ်။ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်ကိုပရိသတ်တွေချစ်ဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိသလိုပဲ စီးပွားရေးလုပ်တဲ့အခါမှာလည်း ကိုယ့်ရဲ့ Brand ကို လူတွေကြိုက်လာအောင်လုပ်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ သိတဲ့အတွက် အရည်အသွေးပိုင်းကို အဓိကထားသလို Customer Service ကိုလည်း အလေးထားပြီး လုပ်ဆောင်ဖြစ်ပါတယ်။
■ မေး - အိမ့်ချစ်ရဲ့ အနုပညာအလုပ်တွေကိုရော Emily Brand ကိုပါ အားပေးနေတဲ့ ပရိသတ်တွေကို ပြောချင်တာရှိရင်။
ဖြေ - ပထမဆုံး ကိုယ်ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို အကောင်အထည်ဖော်ချိန်မှာရော အိမ့်ချစ်ရဲ့အိပ်မက်နဲ့ ဝါသနာတစ်ခုဖြစ်တဲ့ Emily Brand ကိုပါ အားပေးကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။
Writer : စုမှူးနိုင်









