သပိတ်ကျင်းမြို့နယ်တွင် ဇနီးဖြစ်သူထံ ဖုန်းခဏခဏမဆက်ရန် ပြောဆိုသည့် ခင်ပွန်း ဓားဖြင့်ခုတ်သတ်ခံရမှု ဖြစ်ခဲ့ကြောင်း မြို့မရဲစခန်း (သပိတ်ကျင်း) မှ စခန်းမှူးက ဧပြီ ၂ ရက်တွင် ပြောကြားသည်။
သပိတ်ကျင်းမြို့နယ် ခုနစ်မိုင်ကျေးရွာ ရှားချက်တောတွင် မတ် ၃၁ ရက် ညနေ ၆ နာရီခွဲက မမာလာထွန်း (၁၈ နှစ်)၊ မီးသွေး ဖုတ်သူသည် ခင်ပွန်းဖြစ်သူဦးမြင့် (၅၂ နှစ်)၊ မီးသွေးဖုတ်သူနှင့် အတူနေအိမ်တဲတွင် ရှိနေစဉ် အိမ်နီးချင်းဖြစ်သူ ဦးကျော်ဆွေ (ခ) ဦးရေခဲ (၅၃ နှစ်) မီးသွေးဖုတ်သူက မမာလာထွန်းထံ မကြာခဏ ဖုန်းဆက်သည့် ကိစ္စအား ခင်ပွန်းဖြစ်သူက မကျေမနပ် ဖြစ်နေစဉ် မမာလာထွန်းထံ ဦးကျော်ဆွေ (ခ) ဦးရေခဲ၏ ဖုန်းဝင်လာခဲ့ရာ ခင်ပွန်းဖြစ်သူက ဦးကျော်ဆွေ (ခ) ဦးရေခဲအား ဖုန်းခဏခဏ မဆက်ရန် ဒေါသတကြီးဖြင့် ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် ည ၁၁ နာရီခန့်တွင် ဦးကျော်ဆွေ (ခ) ဦးရေခဲသည် အရက်သေစာ သောက်စားမူးယစ်ကာ နှစ်ပေခန့်ရှိသည့် ဓားမကိုင်ဆောင် ရောက်ရှိလာခဲ့ပြီး ခင်ပွန်းဖြစ်သူနှင့် တစ်ယောက်တစ်ခွန်း စကားများနေစဉ် ဓားမဖြင့် ခုတ်လိုက်မှုကြောင့် ခင်ပွန်းဖြစ်သူ ဦးမြင့်မှာ လည်ပင်းနှင့် ရင်ဘတ်တို့တွင် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“မာလာထွန်းဆီ ကိုကျော်ဆွေ (ခ) ရေခဲက ခဏခဏ ဖုန်းဆက်တယ်။ ဖုန်းဆက်တာကို ခင်ပွန်းဖြစ်တဲ့ ဦးမြင့်ကနေ ဖုန်းမဆက်ဖို့ ပြောဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဦးကျော်ဆွေကို ဦးမြင့်က မကျေနပ်တဲ့အကြောင်း ပြောဆိုတဲ့အခါမှာ ဦးကျော်ဆွေက သောက်စားမူးယစ်ပြီး ဓားကိုင်ဆောင်လာပြီးတော့ တစ်ယောက်တစ်ခွန်း အပြန်အလှန် စကားများကြရာကနေ ဒေါသအလျောက် ဓားနဲ့ခုတ်လိုက်တာပါ” ဟု သပိတ်ကျင်းစခန်းမှူးက ရှင်းပြသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဧပြီ ၁ ရက်တွင် မမာလာထွန်းက တိုင်တန်းသောကြောင့် ဦးကျော်ဆွေ (ခ) ဦးရေခဲအား မြို့မရဲစခန်း (သပိတ်ကျင်း) မှ (ပ)၇၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။