ဂျူဗင်တပ်စ်အသင်းတိုက်စစ် မှူး စီရော်နယ်လ်ဒို၏ Instagram လူမှုကွန်ရက်တွင် တစ်နှစ်အတွင်း Follower အရေအတွက် ၃၄ သန်း အထိတိုးမြင့်လာပြီး ကမ္ဘာတစ်ဝန်း ရှိ လူပုဂ္ဂိုလ်များအနက် Follower အများဆုံးဖြစ်လာကြောင်း သိရသည်။
လူမှုကွန်ရက်စျေးကွက်မြှင့်တင်ရေး APP တစ်ခုဖြစ်သည့် Wildfire Social က ထုတ်ပြန်သောစာရင်းအရ စီရော်နယ်လ်ဒို၏ @ cristiano အမည်ရှိ တရားဝင် Instagramaccount တွင် Follower အရေအတွက် သန်း ၁၆၀ အထိ ရှိကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် မေတွင် စီရော်နယ်လ်ဒို၏ Instagram ၌ Follower ၁၂၆ သန်းရှိခဲ့ရာမှ တစ်နှစ်နီးပါးကာလအတွင်း Follower ၃၄ သန်းအထိ တိုးမြင့်လာခြင်းဖြစ်သည်။
သို့ဖြစ်ရာ စီရော်နယ်လ်ဒိုသည် Instagram App ကို တည်ထောင်ထားသည့် @ instagramaccount ၏ Follower အရေ အတွက် ၂၉၁ သန်းပြီးလျှင် ဒုတိယမြောက် Followerအများဆုံးနှင့် လူပုဂ္ဂိုလ်များအနက် Follower အများဆုံးဖြစ်လာကြောင်း Wildfire Social ၏ ထုတ်ပြန်ချက်အရ သိရသည်။
၎င်း၏နောက်တွင် အမေရိကန်အမျိုးသမီး ဂီတနှင့်ရုပ်ရှင်အနုပညာရှင်များဖြစ်သည့် အာရီယာနာဂရန်ဒီ (သန်း ၁၅၀) နှင့် ဆလီနာဂိုးမက်ဇ် (၁၄၈ သန်း) တို့ အစဉ်လိုက်ရပ်တည်နေပြီး နပန်းသမားဟောင်း နှင့် အမျိုးသားသရုပ်ဆောင် ဒဝိန်း ဂျွန်ဆင် (The Rock) က ၁၃၇ သန်း၊ ဖြစ်ရပ်မှန်ရုပ်သံတင်ဆက်သူ ကင်ကာဒက်ရှန်က ၁၃၃ သန်းနှင့် ခိုင်လီဂျန်နာက ၁၃၁ သန်းစီရှိကြောင်း သိရသည်။
ဘောလုံးသမားများအနက် PSG အသင်းတိုက်စစ်မှူး နေမာနှင့် ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက ၁၁၃ သန်းစီဖြင့် အဆင့် (၁၀) နှင့် (၁၁) နေရာတွင် ရပ်တည်နေပြီး အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်က ၅၅.၁ သန်း ဖြင့် အဆင့် (၃၀)၊ ဘရာဇီးလ်ကွင်းလယ်လူဟောင်း ရော်နယ်လ်ဒင်ဟိုက ၄၃ သန်းဖြင့် အဆင့် (၄၀)၊ ဘိုင်ယန်မြူးနစ်အသင်း ကွင်းလယ်လူ ဟာမီးစ်ရိုဒရီဂွက်ဇ်က ၄၁ သန်းဖြင့် အဆင့် (၄၄) နှင့် ရီးယဲလ်အသင်း တောင်ပံကစားသမား ဂါရတ်ဘေးလ်က ၃၈ သန်းဖြင့် အဆင့် (၄၇) နေရာ တွင် ရပ်တည်နေသည်။
ဘောလုံးအသင်းများမှာမူ ထိပ်ဆုံး ၅၀ စာရင်း တွင် နှစ်သင်းသာပါဝင်ခဲ့ပြီး ရီးယဲလ်အသင်းက ၆၉ သန်းဖြင့် အဆင့်(၂၄) နှင့် ဘာစီလိုနာအသင်းက ၆၆ သန်း ဖြင့် အဆင့် (၂၇) နေရာတွင် ရပ်တည်နေသည်။