အာဖဂန်စစ်ပွဲ စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်ပြီး ICC ရှေ့နေချုပ်ကို အမေရိကန်က ဗီဇာရုပ်သိမ်း

အာဖဂန်စစ်ပွဲ စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်ပြီး ICC ရှေ့နေချုပ်ကို အမေရိကန်က ဗီဇာရုပ်သိမ်း
 ၂၀၁၈ ခုနှစ် မေလက သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ICC ရှေ့နေချုပ် ဖာတိုအူဘင်ဆူဒါအား တွေ့ရစဉ် Photo - AFP
၂၀၁၈ ခုနှစ် မေလက သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ICC ရှေ့နေချုပ် ဖာတိုအူဘင်ဆူဒါအား တွေ့ရစဉ် Photo - AFP
Published 5 April 2019
Ref: AFP

အာဖဂန်နစ္စတန်တွင် အမေရိကန်စစ်သားများ၏ လုပ်ရပ်များကို စုံစမ်းစစ်ဆေးနိုင်ဖွယ် ရှိမှုနှင့်ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC ၏ ရှေ့နေချုပ်ကို အမေရိကန်က ဗီဇာ ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း ၎င်း၏ရုံးက ဧပြီ ၅ ရက်တွင် ပြောကြားခဲ့ သည်။

ICC ရှေ့နေချုပ် ဖာတိုအူဘင်ဆူဒါသည် ဗီဇာရုပ်သိမ်းခံရသော်လည်း ICC အတွက် တာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ၎င်း၏ရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ICC သည် ကုလသမဂ္ဂခုံရုံးမဟုတ်သော်လည်း ရှေ့နေဘင်ဆူဒါသည် ကုလသမဂ္ဂက ICC သို့ လွှဲပြောင်းသော အမှုများနှင့်ပတ်သက်ပြီး လုံခြုံရေးကောင်စီသို့ မကြာခဏ သွားရောက်ရသည်။

အမေရိကန်နှင့် မဟာမိတ်ကို စုံစမ်းစစ်ဆေးနေသည့် ICC တာဝန်ရှိသူအား ကန့်သတ်ထိန်းချုပ် သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ကြေညာခဲ့ပြီးနောက် သီတင်းပတ် အနည်းငယ်အကြာတွင် ဂမ်ဘီယာနိုင်ငံသား ဘင်ဆူဒါအား ဗီဇာရုပ်သိမ်းမှုပေါ် ပေါက်ခဲ့ခြင်းဖြစ်သည်။

အာဖဂန်နစ္စတန်ရှိ အခြေအနေများနှင့်ပတ်သက်၍ အမေရိကန်ကို ICC က စုံစမ်းစစ်ဆေးရန် အကြံပြုမှုအတွက် တာဝန်ရှိသူသည် အမေရိကန်နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ရမည်မဟုတ်ကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်ရှိ စီအိုင်အေက တာဝန်ယူဆောင်ရွက်နေသော လျှို့ဝှက် ထိန်းသိမ်းရေးစခန်းများတွင် အမေရိကန်စစ်တပ်က ညှဉ်းပန်းနှိပ်စက်မှုများ ဆောင်ရွက်ခဲ့သည်ဟု ယုံကြည်ကြောင်း ICC က ၂၀၁၆ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားချင်း ရာဇဝတ်မှု ကျူးလွန်မှု၊ စစ်ရာဇဝတ်မှုနှင့် သက်ဆိုင်ရာနိုင်ငံ အာဏာပိုင်များက ဆောင်ရွက်နိုင်ခြင်းမရှိသော သို့မဟုတ် မဆောင်ရွက်သော ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို အပြစ်ပေးရန် OCC က စုံစမ်းစစ်ဆေးဆောင်ရွက်သည်။

ICC ကို နိုင်ငံပေါင်း ၁၂၃ နိုင်ငံက အတည်ပြုလက်မှတ်ရေးထိုးထားသော်လည်း အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ရုရှားအပါအဝင် နိုင်ငံအများအပြားက အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန် ငြင်းဆိုထားသည်။ အာဖရိကနိုင်ငံသားများကို မမျှမတဆက်ဆံသည်ဟု ယုံကြည်သောကြောင့် အာဖရိကနိုင်ငံအချို့က ICC မှ ပြန်လည်နုတ်ထွက်သွားခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ဘူရွန်ဒီက ICC မှ နုတ်ထွက်သွားခဲ့ပြီး ဇမ်ဘီယာနှင့် တောင်အာဖရိကတို့ကလည်း ICC မှ နုတ်ထွက်ရန် ကြိုးပမ်းခဲ့သည်။

ဖိလစ်ပိုင်တွင် သမ္မတရိုဒရီဂိုဒူတာတေး၏ မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲအား ICC က စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ပြီးခဲ့သည့် မတ်လတွင် ဖိလစ်ပိုင်က ICC မှ တရားဝင် နုတ်ထွက်သွားသည်။

၂၀၀၂ ခုနှစ်တွင် တည်ထောင်ထားသော ICC တွင် ပါဝင်ရန် အမေရိကန်က ငြင်းဆိုထားသည်။ အာဖဂန်တွင် တာလီဘန်၊ အာဖဂန်အစိုးရ တပ်ဖွဲ့ဝင်များနှင့် အမေရိကန်အပါအဝင် အပြည်ပြည်ဆိုင်ရာ တပ်ဖွဲ့ဝင်များ၏ စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် ဘင်ဆူဒါက ၂၀၁၇ နိုဝင်ဘာတွင် ICC တရားသူကြီးများကို တိုက်တွန်းခဲ့သည်။ သို့သော်လည်း အပြည့်အဝ စုံစမ်းစစ်ဆေးမှု ပြုလုပ်မှုနှင့် ပတ်သက်၍ ICC က မဆုံးဖြတ်ရသေးပေ။ ICC သည်အမေရိ ကန်၏ ဥပဒေနှင့်အညီ အုပ်ချုပ်မှုကို တိုက်ခိုက်နေကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားထားသည်။                         

 

Most Read

Most Recent