အာရှယူ-၂၃ ချန်ပီယံရှစ်ခြေစစ်ပွဲတွင် မြန်မာအသင်းခြေစစ်ပွဲမအောင်မြင်

အာရှယူ-၂၃ ချန်ပီယံရှစ်ခြေစစ်ပွဲတွင် မြန်မာအသင်းခြေစစ်ပွဲမအောင်မြင်
Photo: Nyi Nyi Soe Nyunt
Photo: Nyi Nyi Soe Nyunt
Published 27 March 2019

မြန်မာအသင်းသည် အုပ်စုဒုတိယနေရာရရှိခဲ့သော်လည်း အကောင်းဆုံး (၄)သင်းအတွက်ရွေးချယ်မှုတွင် မပါဝင်ခဲ့သောကြောင့် နောက်ဆုံးအဆင့်ပြိုင်ပွဲနှင့်လွဲချော်ခဲ့ရသည်။

ကျင်းပလျက်ရှိသော အာရှယူ-၂၃ ခြေစစ်ပွဲတွင် မြန်မာအသင်းသည် ခြေစစ်ပွဲမအောင်မြင်ခဲ့ကြောင်း သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ် (AFC)သည် အာရှယူ-၂၃ ခြေစစ်ပွဲကို (၄)သင်း (၁၁)အုပ်စုခွဲကာ ယှဉ်ပြိုင်စေခဲ့ပြီး မြန်မာအသင်းသည် အုပ်စု (I) ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိခဲ့သည်။

အဆိုပါခြေစစ်ပွဲအုပ်စု (၁၁) ခုတွင်တွင် အုပ်စုပထမ (၁၁)သင်းမှာ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ပြီး၊ အုပ်စုဒုတိယအသင်းများထဲမှ ရလဒ်အကောင်းဆုံး (၄)သင်းမှာလည်းခြေစစ်အောင်မြင်မည်ဖြစ်သည်။

မြန်မာအသင်းသည် အုပ်စုဒုတိယနေရာရရှိခဲ့သော်လည်း အကောင်းဆုံး (၄)သင်းအတွက်ရွေးချယ်မှုတွင် မပါဝင်ခဲ့သောကြောင့် နောက်ဆုံးအဆင့်ပြိုင်ပွဲနှင့်လွဲချော်ခဲ့ရသည်။

မြန်မာအသင်းသည် အုပ်စု (I) တွင် တီမောအသင်းကို (၇-၀)ဂိုး၊ မကာအိုအသင်းကို (၄-၀)ဂိုးတို့ဖြင့်အနိုင်ရပြီး၊ ဂျပန်အသင်းကို (၀-၇)ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။

သို့သော် အုပ်စု (F)တွင် ပါကစ္စတန်အသင်းနုတ်ထွက်သွားခြင်းကြောင့် အုပ်စုအောက်ဆုံးအသင်းများ၏ ရလဒ်များကို ထည့်တွက်ခြင်းမပြုခဲ့ရာ မြန်မာအသင်းနှင့် မကာအိုပွဲရလဒ်မှာ အကျုံးမဝင်တော့ဘဲ မြန်မာအသင်းမှာ (၂)ပွဲကစား၊ (၁)ပွဲနိုင်၊ (၁)ပွဲရှုံး ရဂိုး (၇)ဂိုး၊ ပေးဂိုး (၇)ဂိုး၊ ဂိုးကွာခြားချက် (၀)သာရရှိခဲ့သဖြင့် အကောင်းဆုံးအုပ်စုဒုတိယနေရာနှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။

ခြေစစ်ပွဲအုပ်စုပွဲစဉ်အားလုံးအပြီးတွင် အကောင်းဆုံးအုပ်စုဒုတိယ (၄)သင်းအဖြစ် သြစတြေးလျ၊ အီရန်၊ ဆီးရီးယားနှင့် ဆော်ဒီအာရေဗျတို့ရပ်တည်ခဲ့ပြီး အုပ်စုပထမအသင်းများဖြစ်သော ကာတာ၊ ဘာရိန်း၊ အီရတ်၊ ယူအေအီး၊ ဂျော်ဒန်၊ ဥဇဘတ်ကစ္စတန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ဗီယက်နမ်တို့နှင့်အတူ ခြေစစ်ပွဲအောင်မြင်ခဲ့ကြသည်။

AFC သည် အာရှယူ-၂၃ ချန်ပီယံရှစ် နောက်ဆုံးအဆင့်ပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် လာမည့် ၂၀၂၀ ဇန်နဝါရီလ (၈)ရက်နေ့မှ (၂၆)ရက်နေ့အထိကျင်းပသွားမည်ဖြစ်ပြီး အိမ်ရှင်ထိုင်းနှင့် ခြေစစ်ပွဲအောင် (၁၅)သင်းပေါင်းကာ စုစုပေါင်း (၁၆)သင်းဖြင့်ကျင်းပမည်ဖြစ်သည်။