၂၀၂၀ အာရှယူ -၂၃ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲစဉ်များကို ကျင်းပလျက်ရှိရာ အုပ်စု(I)၏ ဒုတိယမြောက်ပွဲစဉ်များကို မတ်(၂၄)ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ပြီး မကာအိုအသင်းကို အိမ်ရှင် မြန်မာအသင်းက (၄-၀) ရလဒ်ဖြင့် အနိုင်ရခဲ့သည်။ မြန်မာယူ-၂၂ အသင်းသည် ခြေစစ်ပွဲအောင်မြင်ရန်အတွက် ပစ်မှတ်ထားနေသော အသင်းဖြစ်ပြီး မကာအိုအသင်းကို ဖိအားပေးကစားနိုင်ခဲ့ကာ ဒုတိယမြောက်ဂိုးပြတ်နိုင်ပွဲကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်း ပွဲထွက်လူစာရင်းတွင် တီမောအသင်းနှင့်ပွဲစဉ်က အသုံးပြုခဲ့သော လူစာရင်းကိုသာ ဆက်လက်အသုံးပြုခဲ့ပြီး ဝင်းနိုင်ထွန်း၊ မြတ်ကောင်းခန့်၊ လွင်မိုးကျော်၊ ဝင်းမိုးကျော်၊ ဆန်းဆက်နိုင်အစရှိသော လူစာရင်းဖြင့်ပင် ပွဲထွက်လာခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန်၂ မိနစ်တွင်် ရဲမင်းသူက ထောင့့်ကန်ဘောမှတစ်ဆင့် ခေါင်းတိုက်ကာ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ မကာအိုအသင်းသည် ခံစစ်ပုံစံဖြင့် မြန်မာအသင်းကို ရင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး တန်ပြန်တိုက်စစ်ကိုသာ အသုံးပြုခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် မကာအိုအသင်းကို ဖိအားပေးကစားခဲ့ပြီး ပွဲချိန် ၁၉ မိနစ်တွင် ဝင်းနိုင်ထွန်းက ပင်နယ်တီမှတစ်ဆင့် မြန်မာအသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ဒုတိယပိုင်းပွဲကစားချိန်တွင်လည်း မကာအိုအသင်းသည် ခံစစ်ကိုသာ ဆက်လက်ပိတ်ဆို့ကစားခဲ့ပြီး မြန်မာအသင်း၏ အချိန်ပြည့် ဖိအားပေးမှုကို ခံခဲ့ရသည်။ သို့သော်လည်း ပွဲကစားချိန်ကြာလာသည်နှင့်အမျှ ခံစစ်ပိုင်းအားနည်းလာသော မကာအိုအသင်းကို ပွဲချိန် ၇၂ မိနစ်တွင် ဝင်းနိုင်ထွန်း တတိယဂိုး၊ လွင်မိုးအောင်က ပွဲချိန် ၈၅ မိနစ်တွင် အလွတ်တည်ကန်ဘောမှတဆင့် စတုတ္ထဂိုးကို မြန်မာအသင်းအတွက် အသီးသီးသွင်းယူပေးခဲ့သည်။ မြန်မာအသင်းသည် လက်ရှိအချိန်တွင် အုပ်စုပွဲစဉ်(၂)ပွဲကစားပြီး (၂)ပွဲစလုံးအနိုင်ရကာ ဂိုးကွာခြားချက်ဖြင့် အုပ်စုဒုတိယနေရာတွင် ရပ်တည်နေသည်။ မြန်မာယူ-၂၂ အသင်းသည် လာမည့်မတ်လ(၂၆)ရက်နေ့ ညနေ(၆)နာရီတွင် ဂျပန်ယူ-၂၂ အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။