အိမ်ကွင်းမှာ ဂိုးမရှိသရေနဲ့ ကျေနပ်ခဲ့ရတဲ့မြန်မာ

အိမ်ကွင်းမှာ ဂိုးမရှိသရေနဲ့ ကျေနပ်ခဲ့ရတဲ့မြန်မာ
Photo: Nyi Nyi Soe Nyunt
Photo: Nyi Nyi Soe Nyunt
Published 19 March 2019

အာဆီယံဆူဇူကီးဖလား အုပ်စုပွဲစဉ်တွေအပြီးကတည်းက ပြိုင်ပွဲတွေနဲ့ဝေးနေတဲ့မြန်မာအသင်းအတွက် (၃)လကျော်အကြာမှာ ပထမဆုံးပြန်လည်ယှဉ်ပြိုင်တဲ့ပွဲစဉ်ဖြစ်သလို၊ မြန်မာလက်ရွေးစင်အသင်းယာယီနည်းပြ ဦးမျိုးမင်းထွန်းရဲ့ ပထမဆုံးပွဲလည်းဖြစ်တာကြောင့် ပရိသတ်စိတ်ဝင်စားမှုမြင့်ခဲ့ပေမယ့် မြန်မာအသင်းရဲ့ကစားပုံကတော့ အားနည်းချက်တွေရှိနေဆဲပါပဲ။

■ မြန်မာ ၀-၀ တရုတ်တိုင်ပေ

မြန်မာအသင်းနဲ့ တရုတ်တိုင်ပေအသင်းတို့ရဲ့ ဖီဖာနိုင်ငံတကာခြေစမ်းပွဲကို ယနေ့ညနေပိုင်းက မန္တလေးမြို့ မန္တလာသီရိကွင်းမှာ ယှဉ်ပြိုင်ခဲ့ရာမှာ ဂိုးမရှိသရေနဲ့ပြီးဆုံးခဲ့ပါတယ်။

အာဆီယံဆူဇူကီးဖလား အုပ်စုပွဲစဉ်တွေအပြီးကတည်းက ပြိုင်ပွဲတွေနဲ့ဝေးနေတဲ့မြန်မာအသင်းအတွက် (၃)လကျော်အကြာမှာ ပထမဆုံးပြန်လည်ယှဉ်ပြိုင်တဲ့ပွဲစဉ်ဖြစ်သလို၊ မြန်မာလက်ရွေးစင်အသင်းယာယီနည်းပြ ဦးမျိုးမင်းထွန်းရဲ့ ပထမဆုံးပွဲလည်းဖြစ်တာကြောင့် ပရိသတ်စိတ်ဝင်စားမှုမြင့်ခဲ့ပေမယ့် မြန်မာအသင်းရဲ့ကစားပုံကတော့ အားနည်းချက်တွေရှိနေဆဲပါပဲ။

နည်းပြဦးမျိုးမင်းထွန်းဟာ မြန်မာအသင်းဟာ MNL ပြိုင်ပွဲမှာ အကောင်းဆုံးပုံစံပြနေတဲ့ ကစားသမားတွေကို အဓိကရွေးချယ်စုဖွဲ့ခဲ့တာဖြစ်ပြီး၊ စုစည်းလေ့ကျင့်ချိန်နည်းပါးခဲ့လို့လည်း ကစားသမားတွေကြားမှာ နားလည်မှုတွေလိုအပ်နေသေးတာတွေ့ရပါတယ်။

မြန်မာအသင်းဟာ ဒီနေ့ပွဲမှာ ဂိုးသမားကျော်ဇင်ထက်၊ ဇော်မင်းထွန်း၊ လှိုင်းဘိုဘို၊ ရန်နိုင်ဦး၊ သက်နိုင်တို့လို အဓိကကစားသမားတွေကိုဦးတည်စုဖွဲ့ခဲ့ပြီး တရုတ်တိုင်ပေအသင်းကို ကစားကွက်စီးဖို့ကြိုးစားခဲ့ပါတယ်။

အင်္ဂလန်လူမျိုးနည်းပြကိုင်တွယ်နေတဲ့ တရုတ်တိုင်ပေအသင်းကလည်း ဂိုးတွေရဖို့ ကြိုးစားကစားခဲ့တာတွေ့ရပြီး ကစားပုံကလည်း မြန်မာအသင်းထက်ပိုကောင်းမွန်ခဲ့ပါတယ်။

ပွဲအစပိုင်းမှာ မြန်မာအသင်းအထလေးနေလို့ တရုတ်တိုင်ပေအသင်းက ကစားကွက်စီးနိုင်ခဲ့ပြီး ဂိုးရနိုင်တဲ့အခွင့်ရေးတွေကို ဂိုးသမားကျော်ဇင်ထက်လက်စွမ်းပြကာကွယ်ခဲ့လို့ မြန်မာအသင်းသက်သာရာရခဲ့တာပါ။

မြန်မာအသင်းကလည်း တန်ပြန်တိုက်စစ်တွေကနေတစ်ဆင့် ဂိုးရဖို့ကြိုးစားခဲ့ပေမယ့် ခန္ဓာကိုယ်တည်ဆောက်မှုနဲ့ ကြံ့ခိုင်မှုအားသာတဲ့ တရုတ်တိုင်ပေရဲ့ခံစစ်ကိုကျော်ဖြတ်ဖို့ခက်နေခဲ့ပါတယ်။

မြန်မာအသင်းဟာ ပထမပိုင်းမှာမပြီးခင်မှာပဲ အောင်သူကိုထည့်ပြီးတိုက်စစ်ကိုမြှင့်တင်ခဲ့ပေမယ့် ဂိုးရဖို့တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

ပထမပိုင်းမှာတော့ ဂိုးမရှိသရေနဲ့ပြီးဆုံးခဲ့ပြီး၊ ဒုတိယပိုင်းမှာ နှစ်သင်းစလုံးဂိုးရဖို့ကြိုးစားကစားလာတာကြောင့် ပွဲကပိုကြည့်ကောင်းလာခဲ့ပါတယ်။

တရုတ်တိုင်ပေအသင်းက ဂိုးရနိုင်တဲ့အခွင့်အရေးတွေရှိခဲ့ပေမယ့် ဂိုးသမားကျော်ဇင်ထက် အကောင်းဆုံးပုံစံမှာရှိနေသလို၊ မြန်မာအသင်းရဲ့ဂိုးရဖို့နီးစပ်တဲ့အခွင့်အရေးတွေကိုလည်း တရုတ်တိုင်ပေဂိုးသမား အကောင်းဆုံးပုံစံနဲ့ ကာကွယ်နိုင်ခဲ့ပါတယ်။

မိနစ် (၉၀)ပြည့်တဲ့အထိ နှစ်သင်းစလုံး အခွင့်အရေးကိုယ်စီကိုအသုံးမချနိုင်ခဲ့လို့ ပွဲအပြီးမှာတော့ ဂိုးမရှိသရေနဲ့ပဲပြီးဆုံးသွားခဲ့ပါတယ်။

မြန်မာအသင်းဟာ ဒုတိယခြေစမ်းပွဲအဖြစ် မတ်လ (၂၅)ရက် ညနေ (၆းဝ၀)နာရီမှာ အင်ဒိုနီးရှားအသင်းနဲ့ မန္တလာသီရိကွင်းမှာပဲ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

Most Read

Most Recent