မြန်မာအသင်းကစားပုံကို လေ့လာထားကြောင်းနှင့် နှစ်သင်းစလုံးအတွက် အကျိုးရှိမည့်ခြေစမ်းပွဲဟု တရုတ်တိုင်ပေနည်းပြ သုံးသပ်

မြန်မာအသင်းကစားပုံကို လေ့လာထားကြောင်းနှင့် နှစ်သင်းစလုံးအတွက် အကျိုးရှိမည့်ခြေစမ်းပွဲဟု တရုတ်တိုင်ပေနည်းပြ သုံးသပ်
Photos : MFF
Photos : MFF
Published 19 March 2019

တရုတ်တိုင်ပေအသင်းနည်းပြချုပ် လူးဝစ် လန်ကာစတာက မြန်မာအသင်းကစားပုံကို လေ့ လာထားကြောင်းနှင့် နှစ်သင်းစလုံးအတွက် အကျိုးရှိမည့်ခြေစမ်းပွဲဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။ 

တရုတ်တိုင်ပေအသင်းသည် ဗီယက်နမ်ခြေ စမ်းခရီးစဉ်အပြီးတွင် မြန်မာအသင်းနှင့် ခြေစမ်းပွဲ ကစားရန် မတ် (၁၇)ရက်က မန္တလေးမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။

မြန်မာအသင်းနှင့် တရုတ်တိုင်ပေအသင်း တို့၏ ခြေစမ်းပွဲအကြို သတင်းစာရှင်းလင်းပွဲကို မတ် (၁၈)ရက်က မန္တလေးမြို့ရှိ ဟိုတယ်ရွှေပြည်သာ၌ ပြုလုပ်ခဲ့သည်။ 

တရုတ်တိုင်ပေအသင်း နည်းပြချုပ် လူးဝစ်လန်ကာစတာက ''ကျွန်တော်တို့ အသင်းက စက်တင်ဘာမှာယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေ နဲ့ ခြေစမ်းပွဲတွေ ကစားနေတာဖြစ်ပါတယ်။ မြန်မာအသင်းကစားပုံကို လေ့လာထားပေမယ့် နည်းပြမတူတာကြောင့် ကစားပုံအပြောင်းအလဲရှိနိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့အသင်းကတော့ ပြင်ဆင်မှုတွေ သေချာပြုလုပ်ထားပါတယ်။ ဒီခြေစမ်းပွဲကို အကောင်းဆုံးယှဉ်ပြိုင်ကစားမှာပါ။ အသင်းရဲ့ ပြင်ဆင်မှုနဲ့ ကစားသမားတွေရဲ့ ခြေစွမ်းကို တွေ့မြင်ရမှာဖြစ်သလို အနိုင်ရဖို့အတွက်လည်း အကောင်းဆုံးကြိုးစားမှာပါ။ အခုခြေစမ်းပွဲက နှစ်သင်းစလုံးအတွက် အကျိုးရှိမှာပါ''ဟု ပြောကြားခဲ့သည်။ 

တရုတ်တိုင်ပေအသင်းသည် မြန်မာအသင်းနှင့်ပွဲမတိုင်မီ ဗီယက်နမ်နိုင်ငံတွင် ခြေစမ်းပွဲ (၂)ပွဲ သွားရောက်ကစားခဲ့ပြီး (၂)ပွဲစလုံး ရှုံးနိမ့်ခဲ့သည်။ 

တရုတ်တိုင်ပေအသင်းသည် မတ် (၁၃) ရက်တွင် ဗီယက်နမ်ကလပ် ဖူဒေါင်အသင်းကို (၀-၂) ဂိုး၊ မတ် (၁၆) ရက်တွင် ဗီယက်နမ် ယူ- ၂၃ အသင်းကို (၁-၆)ဂိုးဖြင့် နှစ်ပွဲစလုံးရှုံးနိမ့်ခဲ့သည်။ 

တရုတ်တိုင်ပေအသင်းသည် မြန်မာအသင်းနှင့်ပွဲအပြီးတွင် ဆော်လမွန်ကျွန်းစုအသင်းနှင့် မတ် (၂၄) ရက်တွင် ထပ်မံခြေစမ်းမည်ဖြစ်သည်။ 

လူးဝစ်လန်ကာစတာသည် တရုတ်တိုင်ပေအသင်းနည်းပြ ချုပ်အဖြစ် ဇန်နဝါရီတွင် ခန့်အပ်ခံရပြီး မြန်မာ နှင့်ပွဲမှာ ၎င်းင်း၏ တတိယမြောက်နိုင်ငံတကာပွဲဖြစ်ကြောင်း သိရသည်။

Most Read

Most Recent