ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ရွှေသင်္ကန်းကပ်လှူမှု ပြီးစီး၍ ငြမ်းများခွာလိုက်ပါက ရွှေအရောင်ကွဲပြားမှု ရှိနိုင်ကြောင်း ပြည်သူများအား ကြိုတင်အသိပေးကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ဦးသောင်းထိုက်က မတ် ၁၄ ရက်က စေတီတော်နှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ထိုသို့ စေတီတော်ကြီး၏ ရွှေသားအရောင် ကွဲပြားမှုရှိနိုင်သော်လည်း အချိန်ကာလတစ်ခု၊ တစ်နှစ်ခန့်ရှိသည့်အခါ ရွှေသားအရောင် ညီညာသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဂေါပကအဖွဲ့ဝင် ဦးသောင်းထိုက်က “ငြမ်းတွေလည်း ဖြုတ်လိုက်ရော ပြည်သူလူထုက ပြောမယ်။ ဟာဟိုအပေါ်မှာ ရွှေအရောင်တွေက ညီညာမှုမရှိဘူးဆိုပြီး။ တွေ့ရမှာ ဒီတိုင်းပဲတွေ့ရမှာ။ အခု ကျွန်တော်တို့ လုပ်ငန်းလိုအပ်ချက်အရ ကျွန်တော်တို့ လုပ်နိုင်တဲ့ဟာကို ကော်မတီအဆင့်ဆင့် အဖွဲ့အစည်းအဆင့်ဆင့်နဲ့ ဆုံးဖြတ်ပြီး လုပ်တဲ့အခါမှာတော့ ငြမ်းတွေဖြုတ်လိုက်တဲ့အခါမှာ အောက်ကမျက်ပါးရွှေက ပြောင်ဝင်းနေမှာ။ Gold Coating ခေါ်တဲ့ တစ်ကျပ်သားရွှေပြားတွေကလည်း ပြောင်ဝင်းနေမှာ။ ကြာမှောက် ကြာလန်ကလည်း ပြောင်ဝင်းနေမှာ။ ကြာမှောက်ကြာလန်အပေါ်က ငှက်ပျောဖူးတို့ကျတော့ အိန္ဒြေရရနဲ့ ရွှေစစ်အရောင်ပေါ်နေမှာ။ ဒါပေမဲ့ အချိန်ကာလတစ်ခု တစ်နှစ်တန်သည် ရှိတဲ့အခါမှာ အားလုံးညီညာတဲ့အရောင် ဖြစ်သွားမယ်။ ဒါကိုလည်း ကျွန်တော်တို့က သတင်းစာရှင်းလင်းပွဲမှာ ပြည်သူကို ကြိုတင်အသိပေးချင်တဲ့ သဘောပါ။ ဒီရွှေသင်္ကန်းတော် ကပ်လှူပြီးတဲ့အခါမှာ ရွှေသားအရောင် ကွဲပြားမှု အနည်းငယ် ရှိနိုင်ပါတယ်။ ဒါပေမဲ့လည်း အချိန်ကာလတစ်ခုရောက်တဲ့ အချိန်မှာ ညီညာတဲ့အရောင်ဖြစ်သွားပါမယ်” ဟုပြောကြားသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးကို ရွှေစင် ရွှေပြား သင်္ကန်းကပ်လှူရာတွင် ရွှေမျက်ပါး၊ Gold Coating (ရွှေစင်ပြား) နှင့် old Plate (ရွှေပြား) ဟူ၍ အမျိုးအစားသုံးခုဖြင့် ကပ်လှူခြင်းဖြစ်ပြီး အပိုင်းလိုက်လုပ်ငန်းခွဲ၍ ဆောင်ရွက်နေခြင်းဖြစ်ပြီး ရွှေတိဂုံစေတီတော်၏ အောက်ခြေမှ လိုင်း ၃၀ အထိ ရွှေမျက်ပါး၊ ကြာမှောက်ကြာလန် ဧရိယာတွင် Gold Coating (ရွှေစင်ပြား)၊ ငှက်ပျောဖူး၊ သပိတ်မှောက်၊ ခေါင်းလောင်းဧရိယာများတွင် Gold Plate (ရွှေပြား)ဖြင့် ပူဇော်ခြင်းဖြစ်သည်။
အဆိုပါ ရွှေသုံးမျိုးအနက် ရွှေမျက်ပါး၊ Gold Coating (ရွှေစင်ပြား) တို့မှာ Gold Plate (ရွှေပြား) ထက်ပြောင်ဝင်းသည့် သဘောရှိပြီး Gold Plate (ရွှေပြား) မှာ ပုံမှန်ရွှေအရောင်ဖြစ်ကြောင်း၊ နောင်တွင် ရွှေတိဂုံစေတီတော်ကြီးတစ်ဆူလုံးတွင် Gold Plate (ရွှေပြား) များ ကပ်လှူပူဇော်နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။
“ရည်မှန်းချက်အနေနဲ့ကတော့ နောင်မှာ ဘုရားကြီးတစ်ဆူလုံးမှာ ကပ်လှူထားတဲ့ ရွှေစင်များအားလုံးဟာ ရွှေအစစ်ပြားတွေနဲ့ ကပ်လှူမယ်လို့ ရည်မှန်းချက် ရှိပါတယ်” ဂေါပကအဖွဲ့ဝင် ဦးသောင်းထိုက်က ပြောကြားသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးကို လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းအသစ် ကပ်လှူခြင်း ရာခိုင်နှုန်း ၈၀ ခန့်ပြီးစီးကာ ဧပြီလကုန်တွင် လုပ်ငန်းပြီးစီးရန် ခန့်မှန်းထားကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။