ကစားပုံကိုကျေနပ်သော်လည်း အဆုံးသတ်ဂိုးသွင်းသေချာရန် ပြင်ဆင်ရမည်ဟု ပိုပေါ့ဗ် သုံးသပ်

ကစားပုံကိုကျေနပ်သော်လည်း အဆုံးသတ်ဂိုးသွင်းသေချာရန် ပြင်ဆင်ရမည်ဟု ပိုပေါ့ဗ် သုံးသပ်
Photos : MFF
Photos : MFF
Published 11 March 2019

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်က ဂျပန်ကလပ် နီဂါတာအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ခြေစမ်းပွဲတွင် အသင်းကစားပုံကို အားရကျေနပ်သော်လည်း အဆုံးသတ်ဂိုးသွင်းသေချာရန် ပြင်ဆင် ရမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။

ပိုပေါ့ဗ်က ''ပထမပိုင်းမှာ အကောင်းဆုံးပုံစံပြနိုင်ခဲ့ပါတယ်။ ဒုတိယ ပိုင်းမှာတော့ ကစားသမားတွေ အပြောင်းအလဲလုပ်ခဲ့တာကြောင့် ကစားပုံသိပ်မကောင်းတော့တာပါ။ ရန်ကုန်နဲ့ ရှမ်းယူနိုက်တက်အသင်းက AFC Cup ပြိုင်ပွဲကစားဖို့ရှိပြီး သူတို့ကစားသမားတွေကို အချိန်ပိုင်းပဲ အသုံးပြုဖို့ တောင်းဆိုထားတာကြောင့် ကစားသမားတွေ အပြောင်းအလဲလုပ်ခဲ့ရတာဖြစ်ပါတယ်။ တစ်ပွဲလုံးကြည့်မယ်ဆိုရင် ဂိုးရနိုင်တဲ့အခွင့်အရေးက ရှစ်ကြိမ်လောက်ရခဲ့ပါတယ်။ ဒါပေမဲ့ ဂိုးမရခဲ့တဲ့အတွက် အသင်းရဲ့အဆုံးသတ်ဂိုးသွင်းမှု အားနည်းတာကို ပြင်ဆင်ရမှာပါ။ အသင်းအနေနဲ့ နှစ်ပတ်၊ သုံးပတ်အတွင်းမှာ တိုးတက်မှုရှိလာပါတယ်။ ကျွန်တော်တို့အသင်းက ၄-၃-၃ ကစားကွက်ကို အခြေခံထားတာဖြစ်ပေမဲ့ ဒီကစားကွက်ကို အခြေခံထားတာ မဟုတ်ပါဘူး။ တိုက်စစ်သွားရင် ၂-၃-၅ ပုံစံဖြစ်သွားနိုင်သလို ခံစစ်ဖြစ်ရင်လည်း ၅-၄-၁ ကစားကွက်ဖြစ်သွားမှာပါ။ ကစားသမားတွေရဲ့ အနေအထား၊ ပြိုင်ဘက်ရဲ့အခြေအနေကိုကြည့်ပြီး ကစားကွက်ကို အပြောင်းအလဲလုပ်ပြီး ကစားရမှာပါ။ အသင်းအနေအထားက အာရှ ယူ-၂၃ ခြေစစ်ပွဲယှဉ်ပြိုင်ဖို့ နည်းစနစ်ပိုင်းမှာ ရာနှုန်းပြည့်အဆင်သင့်ဖြစ်နေပေ မဲ့ ကြံ့ခိုင်မှုအပိုင်းမှာ လိုအပ်ချက်ရှိပါသေးတယ်။ နီဂါတာနဲ့ပွဲကို ကြည့်ပြီး ပြင်ဆင်မှုတွေ လုပ်သွားမှာပါ။ ခြေစစ်ပွဲအောင်မြင်ဖို့ ကြိုး စားနေပါတယ်''ဟု ပွဲအပြီးတွင် မီဒီယာများအား ပြောကြားသည်။

မြန်မာ ယူ-၂၂ အသင်းသည် အာရှ ယူ-၂၃ ခြေစစ်ပွဲမတိုင်မီ ပထမဆုံးခြေစမ်းပွဲအဖြစ် မတ် ၉ ရက်က စင်ကာပူလိဂ်တွင် ကစားနေသည့် ဂျပန်ကလပ် နီဂါတာအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ဂိုးမရှိ သရေကျခဲ့သည်။ 

မြန်မာ ယူ-၂၂ အသင်းသည် ယင်းပွဲတွင် ဂိုးသွင်းခွင့် များစွာရခဲ့သော်လည်း အဆုံးသတ်အားနည်းမှုကြောင့် ဂိုးပေါက် ပျောက်ဆုံးပြီး ဂိုးမရှိသရေရလဒ်ဖြင့် ကျေနပ်ခဲ့ရသည်။ 

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် နိုင်ငံတကာ ပြိုင်ပွဲနှင့် ခြေစမ်းပွဲများတွင် နိုင်ပွဲရယူနိုင်ခြင်းမရှိသေးဘဲ ၂၀၁၉ အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုသုံးပွဲတွင် တစ်ပွဲနိုင်၊ နှစ်ပွဲ ရှုံးခဲ့ပြီး ယခုခြေစမ်းပွဲတွင်လည်း နီဂါတာအသင်းနှင့် သရေကျခဲ့သည်။ 

မြန်မာ ယူ-၂၂ အသင်းသည် နည်းပြသစ် ပိုပေါ့ဗ်လက်ထက်တွင် အာဆီယံ ယူ-၂၂ ပြိုင်ပွဲမတိုင်မီ ယှဉ်ပြိုင်ကစားသည့် MNL ကလပ် ဧရာဝတီအသင်းနှင့် ခြေစမ်းပွဲတွင်သာ နိုင်ပွဲရထားပြီး ရလဒ်များ ဆိုးရွားနေမှုကို အာရှ ယူ-၂၃ ခြေစစ်ပွဲတွင် အဆုံးသတ်ရမည်ဖြစ်သည်။

Most Read

Most Recent