AFC ရွေးကောက်ပွဲ ဧပြီ(၆)ရက်တွင် ကျင်းပမည်ဖြစ်ပြီး MFF ဥက္ကဋ္ဌ ဦးဇော်ဇော် အာဆီယံဇုန်မှ ဒုဥက္ကဋ္ဌနေရာအတွက် ဝင်ရောက်ရွေးချယ်ခံမည်ဖြစ်

AFC ရွေးကောက်ပွဲ ဧပြီ(၆)ရက်တွင် ကျင်းပမည်ဖြစ်ပြီး MFF ဥက္ကဋ္ဌ ဦးဇော်ဇော် အာဆီယံဇုန်မှ ဒုဥက္ကဋ္ဌနေရာအတွက် ဝင်ရောက်ရွေးချယ်ခံမည်ဖြစ်
Published 9 March 2019

အာရှဘောလုံးအဖွဲ့ချုပ် (AFC) ရွေးကောက်ပွဲကို ဧပြီ ၆ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ AFC ရုံး၌ ကျင်းပမည်ဖြစ်ပြီး ဥက္ကဋ္ဌသစ် ရွေးချယ်တင်မြှောက်မည်ဖြစ်ကြောင်း သိရသည်။

AFC ရွေးကောက်ပွဲတွင် ဥက္ကဋ္ဌတစ်ဦး၊ ဒုဥက္ကဋ္ဌငါးဦး၊ FIFA အဖွဲ့ဝင်ခြောက်ဦး၊ အမျိုးသမီးဘောလုံးကော်မတီအဖွဲ့ဝင် ငါးဦး၊ အမှုဆောင်ကိုးဦး ရွေးချယ်တင်မြှောက်မည်ဖြစ်သည်။ 

AFC သည် ဒုဥက္ကဋ္ဌများကို ဇုန်အလိုက် တစ်ဦးစီ ထားရှိမည်ဖြစ်ပြီး အာဆီယံဇုန်မှ ဒုဥက္ကဋ္ဌနေရာအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော် ဝင်ရောက်ရွေးချယ်ခံမည်ဖြစ်သည်။ 

ဦးဇော်ဇော်သည် အာဆီယံဇုန်၏ ဒုဥက္ကဋ္ဌနေရာအတွက် မလေးရှားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒါတိုဟာဂျီဟာမီဒင်ဘင်ဟာဂျီမိုအာမင်ဆာ၊ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဟောင်း ဒေါက်တာထရန်ကွမ်တူရန်တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

ရွေးကောက်ပွဲယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည့် ဒုဥက္ကဋ္ဌ ကိုယ်စားလှယ်လောင်းများအနက် အာဆီယံဇုန်တွင် သုံးဦး၊ အနောက်အာရှဇုန်တွင် သုံးဦး၊ အလယ်ပိုင်းဇုန်တွင် နှစ်ဦး၊ တောင်အာရှဇုန်တွင် တစ်ဦး၊ အရှေ့အာရှဇုန်တွင် သုံးဦး ပါဝင်နေသည်။ 

AFC သည် ၂၀၁၉-၂၀၂၃ သက်တမ်းအတွက် ရွေးချယ်ခြင်းဖြစ်ပြီး ဥက္ကဋ္ဌနေရာအတွက် လက်ရှိဥက္ကဋ္ဌ ရှိတ်ဆယ်လ်မန် (ဘာရိန်း) အပါအဝင် ကာတာ၊ ယူအေအီးတို့မှ တစ်ဦးစီ ယှဉ်ပြိုင်မည်ဖြစ်သည်။ 

ဦးဇော်ဇော်သည် ယခင်က AFC အမှုဆောင်တစ်ဦးဖြစ် သော်လည်း ၂၀၁၅-၂၀၁၉ သက်တမ်းအတွက် အမှုဆောင်သစ်ရွေးချယ်သည့် အခမ်းအနားသို့ တက်ရောက်နိုင်ခြင်းမရှိသောကြောင့် နုတ်ထွက်ခဲ့ရကြောင်း သိရသည်။