မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ့လက်ရွေးစင်အသင်း ယာယီနည်းပြချုပ်အဖြစ် ရန်ကုန်ယူနိုက်တက် အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်းကို တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
MFF သည် လစ်လပ်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်နေရာအတွက် နိုင်ငံခြားသားနည်းပြတစ်ဦး ခန့်အပ်ရန် ကြိုးပမ်းနေသော်လည်း လက်ရှိအချိန်ထိ ခန့်အပ်နိုင်ခြင်းမရှိသောကြောင့် နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲအတွက် ဦးမျိုးမင်းထွန်းကို တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
MFF သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က သတ်မှတ်ထားသည့် နိုင်ငံတကာရက်သတ္တပတ်တွင် မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲနှစ်ပွဲ ကစားရန် စီစဉ်ထားပြီး မတ် ၁၉ ရက်တွင် ထိုင်ဝမ်အသင်း၊ မတ် ၂၅ ရက်တွင် အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယင်းခြေစမ်းပွဲနှစ်ပွဲစလုံးကို မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။
MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် မတ် ၆ ရက် ညနေပိုင်းတွင် လက်ရွေးစင်အသင်းများနှင့် ပတ်သက်သည့် နည်းစနစ်ကော်မတီဆိုင်ရာ အစည်းအဝေး ပြုလုပ်ခဲ့ပြီး ည ၁၀ နာရီကျော်တွင် ဦးမျိုးမင်းထွန်းအား မြန်မာ့လက်ရွေးစင်အသင်း ယာယီနည်းပြချုပ်အဖြစ် တာဝန်ပေးကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
MFF နည်းစနစ်ကော်မတီသည် မြန်မာ့လက်ရွေးစင်အသင်း ယာယီနည်းပြချုပ်အဖြစ် ဦးမျိုးမင်းထွန်းအား တာဝန်ပေးရန် ကမ်းလှမ်းခဲ့ရာ နိုင်ငံတကာခြေစမ်းပွဲအတွက် သဘောတူလက်ခံခဲ့ပြီး နည်းပြအဖွဲ့ကို ၎င်းစိတ်ကြိုက်ဖွဲ့စည်းမည်ဖြစ်ကာ ကစားသမားများကို စိတ်ကြိုက်ရွေးချယ်ခွင့်ပြုထားသည်။
ဦးမျိုးမင်းထွန်းသည် ၂၀၁၆ ရာသီဝက်မှစ၍ MNL ထိပ်သီးကလပ် ရန်ကုန်ယူနိုက်တက်အသင်းကို ကိုင်တွယ်ခွင့်ရခဲ့ပြီး ၂၀၁၈ ရာသီတွင် MNL အမှတ်ပေးချန်ပီယံဆုနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ချန်ပီယံဆု ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
ဦးမျိုးမင်းထွန်းသည် လက်ရှိ MNL ကလပ်အသင်းများ၏ နည်းပြများအနက် အသက်အငယ်ဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ထားပြီး တစ်ရာသီတွင်း ဖလားနှစ်လုံးရသည့် ဒုတိယမြောက် ပြည်တွင်းနည်းပြအဖြစ် မှတ်တမ်းကောင်း ပိုင်ဆိုင်ထားသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲပြီးကတည်းက နိုင်ငံတကာပွဲကစားခြင်းမရှိဘဲ ယခုလမှသာ ပြန် လည်ကစားခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့် အင်ဒိုနီးရှားလက်ရွေးစင်အသင်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် အင်ဒိုနီးရှားနိုင်ငံ၌ ခြေစမ်းပွဲယှဉ်ပြိုင် ကစားခဲ့ပြီး မြန်မာအသင်းမှာ (၀-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်အတွင်း ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲသာ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ခြေစစ်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများသာ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့်နှစ်တွင် အဓိကနိုင်ငံတကာပြိုင်ပွဲများ၌ အောင်မြင်မှုမရခဲ့ဘဲ ၂၀၁၉ အာရှဖလားခြေစစ်ပွဲ မအောင်မြင်ခဲ့သလို ၂၀၁၈ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင်လည်း အုပ်စုအဆင့်မှ ထွက်ခဲ့ရကြောင်း သိရသည်။