ဆိုလာရီ၏အနာဂတ်အတွက် ချန်ပီယံလိဂ်ရလဒ်ကသာ အာမခံချက်ဖြစ်လိမ့်မည်ဟု စပိန်မီဒီယာများဖော်ပြ

ဆိုလာရီ၏အနာဂတ်အတွက် ချန်ပီယံလိဂ်ရလဒ်ကသာ အာမခံချက်ဖြစ်လိမ့်မည်ဟု စပိန်မီဒီယာများဖော်ပြ
Photo: AS
Photo: AS
Published 3 March 2019

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဆိုလာရီအနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲရလဒ်ကသာ ၄င်း၏အနာဂတ်အတွက် အာမခံချက်ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ယှဉ်ပြိုင်ခဲ့သော စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွင် အိမ်ကွင်း၌ မဟာပြိုင်ဘက် ဘာစီလိုနာအသင်းအား (၀-၃) ဂိုးဖြင့်ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရသလို၊ လာလီဂါအမှတ်ပေးဇယားတွင်လည်း ထိပ်ဆုံးမှ ဘာစီလိုနာအသင်းနှင့် (၉) မှတ်အထိကွာဟလျက်ရှိနေသည်။

ထို့ကြောင့် နည်းပြဆိုလာရီအနေဖြင့် ၄င်း၏အနာဂတ်အတွက်အာမခံချက်ရရှိရန်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲပေါ်တွင် မူတည်နေပြီး အောင်မြင်မှုရယူနိုင်ရန်လိုအပ်ကြောင်း စပိန်မီဒီယာများက ရေးသားဖော်ပြခဲ့ကြသည်။

ရီးယဲလ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလက နည်းပြလိုပယ်တယ်ဟီအား ထုတ်ပယ်ပြီး အရန်အသင်းနည်းပြဖြစ်သူ ဆိုလာရီအား ယာယီနည်းပြအဖြစ်ခန့်အပ်ခဲ့သည်။

ဆိုလာရီသည် ယာယီနည်းပြဘဝတွင် ရလဒ်ကောင်းများရယူနိုင်ခဲ့သလို၊ ပရိသတ်ထောက်ခံမှုများရရှိခဲ့ခြင်းကြောင်း ရီးယဲလ်အသင်းက (၃)နှစ်စာချုပ်ချုပ်ဆိုကာ အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

သို့သော် လက်ရှိအချိန်တွင် ရီးယဲလ်အသင်းမှာ လာလီဂါပြိုင်ပွဲ၌ အဆင့်(၃)နေရာတွင် ရပ်တည်နေပြီး ချန်ပီယံဆုအတွက်မျှော်လင့်ချက်နည်းပါးနေသလို၊ စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင်လည်း မဟာပြိုင်ဘက်ဘာစီလိုနာအား ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခဲ့ရသည့်အတွက် နည်းပြ ဆိုလာရီအနေဖြင့် ဖိအားများရှိလာခြင်း ဖြစ်သည်။

ရီးယဲလ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်မူ ရှုံးထွက် (၁၆)သင်းအဆင့်သို့ရောက်ရှိနေပြီး အေဂျက်စ်အသင်းအား ပထမအကျော့အဝေးကွင်းတွင် အနိုင်ရထားသည့်အတွက် ကွာတားဖိုင်နယ်တက်ရောက်ရန် အခြေအနေကောင်းလျက်ရှိသည်။

ဆိုလာရီသည် ရီးယဲလ်အသင်းအား (၄)လတာ ကာလအတွင်းပြိုင်ပွဲစုံ (၂၉)ပွဲကိုင်တွယ်ရာတွင် ၊(၂၁)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၆)ပွဲရှုံးရလဒ်ကိုရရှိထားပြီး အနိုင်ရာခိုင်နှုန်းမှာ (၇၂.၄၁%) အထိရှိနေသလို၊ ပြီးခဲ့သည့် ၂၀၁၈ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကိုလည်း ရယူပေးထားနိုင်ခဲ့သည်။

Most Read

Most Recent