မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၉ အာရှ ယူ-၁၆ အမျိုးသမီး ခြေစစ်ပွဲ အုပ်စု (ခ) ပထမနေ့ကို မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ စတင်ကျင်းပရာ မြန်မာယူ-၁၆ အသင်းမှာ အာရှအင်အားကြီး တရုတ်အသင်းအား (၀-၅)ဂိုးဖြင့် ဂိုးပြတ်အရေးနိမ့်ခဲ့သည်။
မြန်မာအသင်းသည် တရုတ်အသင်းနှင့် လူကောင်ကွာဟသောကြောင့် ပွဲချိန်တစ်လျှောက်လုံး ရုန်းကန်ခဲ့ရပြီး တည်ကန်ဘောများမှ အခွင့်အရေးများ အကြိမ်ကြိမ်ပေးခဲ့ရသလို၊ ဂိုးများလည်း ခွင့်ပြုခဲ့ရသည်။
အုပ်စု(ခ)အခြားပွဲစဉ်တစ်ပွဲဖြစ်သည့် ဘင်္ဂလားဒေ့ရှ်အသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ပွဲတွင် ဘင်္ဂလားဒေ့ရှ်အသင်းက (၁၀-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။
ဘင်္ဂလားဒေ့ရှ်အသင်းသည် ဖိလစ်ပိုင်အသင်းကို ခြေအသာဖြင့်ကစားကာ ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းမှာပင် ဂိုးဒါဇင်ဝက်အထိ သွင်းယူနိုင်ခဲ့သည်။
အုပ်စု(ခ)ပွဲစဉ်များကို မတ်လ(၁)ရက်တွင် ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အိမ်ရှင်မြန်မာအသင်းသည် ဂိုးပြတ်နိုင်ပွဲရခဲ့သည့် ဘင်္ဂလားဒေ့ရှ်အသင်းနှင့် ဒုတိယပွဲအဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ အဆိုပါပွဲစဉ်မှာ ခြေစစ်ပွဲအောင်မြင်ရန် အရေးပါသည့်ပွဲ ဖြစ်လာမည်ဖြစ်သည်။
ဂိုးပြတ်အရေးနိမ့်ခဲ့သော မြန်မာအသင်းသည် ဘင်္ဂလားဒေ့ရှ်အသင်းနှင့်ပွဲစဉ်တွင် ရလဒ်ကောင်းရရှိမှသာ ခြေစစ်ပွဲအောင်မြင်ရန် အခွင့်အရေးရှိမည် ဖြစ်ကြောင်း သိရှိရသည်။