မြောက်ဦးလေဆိပ်နှင့် သံတွဲလေဆိပ်တို့ကို အဆင့်မြှင့်တင်မည်ဖြစ်ပြီး လုပ်ကိုင်လိုသည့်လုပ်ငန်းရှင်များစွာ လာရောက်စုံစမ်းမှုများရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး ပြောကြား

မြောက်ဦးလေဆိပ်နှင့် သံတွဲလေဆိပ်တို့ကို အဆင့်မြှင့်တင်မည်ဖြစ်ပြီး လုပ်ကိုင်လိုသည့်လုပ်ငန်းရှင်များစွာ လာရောက်စုံစမ်းမှုများရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး ပြောကြား
Published 25 February 2019

ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ဦးလေဆိပ်နှင့် သံတွဲလေဆိပ်တို့ကို နိုင်ငံတကာအဆင့်မီ အဆင့်မြင့်တင်သွားမည်ဖြစ်ပြီး လုပ်ငန်းလုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များစွာ လာရောက်စုံစမ်းမှုများရှိကြောင်း ဖေဖော်ဝါရီ ၂၂ ရက်ကပြုလုပ်သည့် ရခိုင်ပြည်နယ် Investment Fair အခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန် ကြီးဌာနဝန်ကြီး ဦးကျော်အေးသိန်းက ပြောကြားသည်။

“စိတ်ဝင်စားတာကတော့ မြောက်ဦးလေဆိပ်နဲ့ သံတွဲလေဆိပ်ဆို ပြည်ထောင်စုကလုပ်မယ့် လုပ်ငန်းတွေပေါ့နော်။ ကျွန်တော်တို့ဆီတော့ အဲဒါနဲ့ပတ်သက်ပြီးတော့ အများကြီးလာနေပါတယ်။ အဲဒီနှစ်ခုကလည်း Project Bank ထဲကို ထည့်ထားတာပေါ့။ အဲဒီလုပ်ငန်းစဉ်အတိုင်းသွားမှာ ဖြစ်ပါတယ်။ ဒီမှာတော့ ဒီလုပ်ငန်းတွေရှိတယ်ဆိုတာကို ကြေညာပေးတာဖြစ်ပါတယ်” ဟု ဦးကျော်အေးသိန်းက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း ရေထွက်ကုန်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများအပြင် အလားအလာကောင်းရှိသည့် အခြားလုပ်ငန်းတစ်ခုမှာ ခရီးသွားလုပ်ငန်းဖြစ်ကြောင်း ရခိုင်ပြည်နယ် Investment Fair အခမ်းအနားမှ သိရသည်။

ထို့ကြောင့် သံတွဲခရိုင်အတွင်းရှိ ငပလီအပါအဝင် သဘာဝကမ်းခြေများနှင့် ရခိုင်လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ထွန်းကားသည့် မြောက်ဦးမြို့သို့ နိုင်ငံခြားခရီးသွားများနှင့် ပြည်တွင်းခရီးသွားများ လာရောက်လည်ပတ်ရာတွင် ပိုမိုအဆင်ပြေစေရန် အဆိုပါလေဆိပ်နှစ်ခုအား အဆင့်မြှင့်တင်ခြင်းဖြစ်ကြောင်း သိရသည်။

“ယဉ်ကျေးမှုအမွေအနှစ်များ ထုတ်ဖော်ရာတွင်လည်း မြောက်ဦးဒေသကို ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ဒေသတစ်ခုအဖြစ် အမည်စာရင်း သတ်မှတ်ခံရရန် ဆောင်ရွက်လျက်ရှိပါတယ်။ မြောက်ဦးဒေသဟာ လူသိနည်းပြီး ရှေးရခိုင်မင်းများ၏ ရင်သပ်ရှုမောဖွယ်ရာ အလှတရားများဖြင့် ခမ်းနားသော ဗိသုကာလက်ရာများဖြင့် အသေးစိတ်ထုံမွမ်းထားသော ကမ္ဘာတွင် ဖော်ထုတ်ရန် ကျန်နေသေးသည့် ဘာသာရေးဆိုင်ရာ ဒေသကြီးတစ်ခုဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်းအားဖြင့် ရခိုင်မင်းများ၏ ကြွယ်ဝလှသောယဉ်ကျေးမှုနှင့် အနုသုခုမဆိုင်ရာ ထွန်းကားခန့်ညားထည်ဝါမှုပြယုဂ်ကို ပြင်ပကမ္ဘာမှ ပိုမိုသိရှိနားလည်နိုင်မှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရခိုင်ပြည်နယ်၏ ရေမြေသဘာဝအခြေခံအခွင့်အလမ်းများကို ထိထိရောက်ရောက် အသုံးမချနိုင်သည့်အတွက် ဖွံ့ဖြိုးမှုရှိသင့်သလောက်မရှိကြောင်း၊ ယင်းကဲ့သို့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရတစ်ခုတည်းဖြင့် မဆောင်ရွက်နိုင်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်သည့်  ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲအတွက် အကြိုဂုဏ်ပြုညစာစားပွဲအခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက ပြောကြားသည်။

“ရခိုင်ပြည်နယ်ရဲ့ ရေမြေသဘာဝအခြေခံ အခွင့်လမ်းတွေက ကျွန်တော်တို့ ထိထိရောက်ရောက် အသုံးမချနိုင်တဲ့အတွက် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးနိုင်ဘူးဖြစ်ပါတယ်။ ဒါကို ထိထိရောက်ရောက်အသုံးချပြီး ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင် ရခိုင်ပြည်ဟာ အနှေးနဲ့အမြန် ဖွံ့ဖြိုးတိုးတက်လာပြီးတော့ ရခိုင်ပြည်နယ်သာမက မြန်မာနိုင်ငံအတွက်လည်းပဲ အကျိုးရှိပြီးတော့ နိုင်ငံတကာအတွက်ပါ ဆက်ပြီးတော့ အကျိုးကျေးဇူးများ ရှိမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ၀ိုင်းဝန်းပြီးတော့ ဒီရင်းနှီးမြှုပ်နှံမှုပြပွဲ ဖိတ်ခေါ်ပွဲကို အားလုံးက ၀ိုင်းဝန်းဆောင်ရွက်ပေးကြပါလို့ အထူးပဲမေတ္တာရပ်ခံပါတယ်။ ကျွန်တော်တို့ပြည်နယ်တစ်ခုတည်းနဲ့ ဆောင်ရွက်နေလို့လည်း မအောင်မြင်နိုင်ပါဘူး။ အားလုံးဝိုင်းဆောင်ရွက်ပေးမှသာ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်” ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။