WLC-7 Mighty Warrior မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ မန္တလေး၌ ယနေ့ကျင်းပမည်

WLC-7 Mighty Warrior မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ မန္တလေး၌ ယနေ့ကျင်းပမည်
Photos: EMG
Photos: EMG
Published 22 February 2019

WLC-7 Mighty Warriors မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို ဖေဖော်ဝါရီ (၂၂) ရက်၊ ညနေ (၆)နာရီ၌ မန္တလေးမြို့ရှိ မန္တလာသီရိအားကစားရုံတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် တွဲဆိုင်း (၇)ပွဲပါဝင်မည် ဖြစ်ပြီး အဓိကတွဲဆိုင်းအဖြစ် လိုက်ဝယ်လ်တာဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲ ကျင်းပမည်ဖြစ်ကာ စောထူးအောင်နှင့် ပေါ်တူဂီနိုင်ငံသား အန်တိုနီယာဖာရာတို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ 

ကစားသမားများမိတ်ဆက်ပွဲကို ဖေဖော်ဝါရီ (၂၁) ရက်က မန္တလာသီရိအားကစားရုံ၌ ကျင်းပခဲ့ပြီး တွဲဆိုင်းအသီးသီး၌ ယှဉ်ပြိုင်ထိုးသတ်မည့် ကစားသမားများအား မိတ်ဆက်ပေးခဲ့ကာ စောထူးအောင်က ကမ္ဘာ့ချန်ပီယံလုပွဲတွင် အနိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

"ဒီပွဲက ကျွန်တော့်အတွက် အရေးကြီးတဲ့ပွဲပါ။ ချန်ပီယံလုပွဲ ထိုးသတ်ရမှာပါ။ ဒီပွဲကို အာရုံစိုက်ပြီး ပြင်ဆင်ထားပါတယ်။ အနိုင်ထိုး သတ်မှာဖြစ်ပြီး ချန်ပီယံခါးပတ်ရဖို့ပဲ တွေးထားပါတယ်"ဟု ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

WLC-7 ပြိုင်ပွဲတွင်  လိုက်ဝယ်လ်တာဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲအပြင် မြန်မာလက်ဝှေ့သမားအချင်းချင်း ထိုးသတ်မည့် တွဲဆိုင်း(၄)ပွဲ၊ နိုင်ငံခြားသားကစားသမားအချင်းချင်းထိုးသတ်မည့် တွဲဆိုင်း(၁)ပွဲ ပါဝင်မည်ဖြစ်သည်။ 

အခြားတွဲဆိုင်းများအဖြစ် ရန်နိုင်ထွန်း(ဇွဲကပင်မြေ)နှင့် စောဘဦး(ရွှေဘားလား)၊ စောမင်းမင်း(ရွှေသထုံ) နှင့် စောဒါဝိတ်(တောင်ကလေး)၊ ဒေါင်းဖြူ (Adventure) နှင့် ထူးနေသူ(တောင်ကလေး)၊ စောသားငယ်(ရွှေဖူး)နှင့် ထွန်းမင်းနိုင် (Fit @ Fight)၊ နိုင်ငံခြားသားကစားသမား အချင်းချင်းထိုးသတ်မည့်တွဲဆိုင်းအဖြစ် ငုယင်ထရန်ဒူ(ဗီယက်နမ်)နှင့် ခနန်း(ကမ္ဘောဒီးယား)တို့ယှဉ်ပြိုင်မည်ဖြစ်သည်။