မန်ယူအသင်း၏ ဖလား (၃)လုံးရ နှစ်(၂၀)ပြည့် အထိမ်းအမှတ် ရန်ပုံငွေပွဲတွင် မန်ယူဂန္ထဝင်အသင်းကို ဖာဂူဆန်ကိုင်တွယ်မည်

မန်ယူအသင်း၏ ဖလား (၃)လုံးရ နှစ်(၂၀)ပြည့် အထိမ်းအမှတ် ရန်ပုံငွေပွဲတွင် မန်ယူဂန္ထဝင်အသင်းကို ဖာဂူဆန်ကိုင်တွယ်မည်
Photos: Getty Images & EPA
Photos: Getty Images & EPA
Published 16 February 2019

 

မန်ယူအသင်းဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်သည် ၁၉၉၉ ခုနှစ်က ဆုဖလား (၃) လုံးရရှိခဲ့သည့် မန်ယူအသင်း၏ နှစ် (၂၀)ပြည့် အထိမ်းအမှတ်ရန်ပုံငွေပွဲတွင်  မန်ယူဂန္ထဝင်အသင်းကို ကိုင်တွယ်မည်ဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းသည် ၁၉၉၈-၉၉ ဘောလုံးရာသီတွင် နည်းပြဖာဂူဆန်လက်အောက်၌ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နှင့် FA ဖလားများကိုရယူနိုင်ခဲ့ပြီး အင်္ဂလန်အသင်းများထဲတွင် တစ်နှစ်တည်းယင်းဆုဖလား (၃) လုံးကို ရယူနိုင်သည့် တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေသည်။

မန်ယူအသင်းသည် ၁၉၉၉ ခုနှစ်က ဖလား(၃) လုံးရ နှစ် (၂၀)ပြည့် အထိမ်းအမှတ်ရန်ပုံငွေပွဲကို မေလ (၂၆) ရက်တွင် မန်ယူအသင်း၏ အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်၌ ဘိုင်ယန်မြူးနစ်ဂန္ထဝင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

အဆိုပါရန်ပုံငွေပွဲမှ ရရှိလာမည့် ငွေကြေးများကို မန်ယူအသင်းဖောင်ဒေးရှင်းမှတစ်ဆင့် လိုအပ်သည့်နေရာများသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။

အသက် (၇၇) နှစ်အရွယ်ရှိ စကော့တလန်လူမျိုးနည်းပြ ဖာဂူဆန်သည် မန်ယူအသင်းကို (၂၇) နှစ်ကြာကိုင်တွယ်ခဲ့ပြီး ၂၀၁၂-၁၃ ဘောလုံးရာသီအကုန်တွင် အသင်းနှင့်လမ်းခွဲကာ နည်းပြအလုပ်မှ အနားယူခဲ့သည်။

ဖာဂူဆန်သည် ၁၉၉၈-၉၉ ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်၌ ရှုံးပွဲ(၃)ပွဲသာရှိခဲ့ပြီး ရာသီကုန်တွင် အာဆင်နယ်အသင်းထက် (၁) မှတ်အသာဖြင့် ချန်ပီယံဆုကိုရယူနိုင်ခဲ့သလို၊ FA ဖလားပြိုင်ပွဲ၌ မစ်ဒယ်ဘရော့၊ လီဗာပူးလ်၊ ချယ်လ်ဆီး၊ အာဆင်နယ်စသည့်အသင်းများကိုအဆင့်လိုက် ကျော်ဖြတ်ခဲ့ပြီး ဗိုလ်လုပွဲတွင် နယူးကာဆယ်အသင်းကို (၂-၀) ဂိုးဖြင့်အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မန်ယူအသင်းသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်လည်း ဘိုင်ယန်မြူးနစ်အသင်းကို မိနစ် (၉၀)အထိ (၀-၁) ဂိုးဖြင့်ရှုံးနိမ့်နေခဲ့သော်လည်း၊ နာကျင်အချိန်ပိုတွင် ချေပဂိုးနှင့် အနိုင်ဂိုးများသွင်းယူကာ ချန်ပီယံလိဂ်ဖလားကိုအံ့အားသင့်ဖွယ်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent