မော်ရင်ဟိုနှင့်နည်းပြအဖွဲ့အား ထုတ်ပယ်ခြင်းအတွက် မန်ယူအသင်း ပေါင် ၁၉ ဒသမ ၆ သန်းကုန်ကျ

မော်ရင်ဟိုနှင့်နည်းပြအဖွဲ့အား ထုတ်ပယ်ခြင်းအတွက် မန်ယူအသင်း ပေါင် ၁၉ ဒသမ ၆ သန်းကုန်ကျ
Photos: AFP
Photos: AFP
Published 16 February 2019

မန်ယူအသင်းအနေဖြင့် မော်ရင်ဟိုနှင့် ၎င်း၏နည်းပြအဖွဲ့အား ရာထူးမှထုတ်ပယ်ခဲ့ ခြင်းအတွက် ပေါင် ၁၉ ဒသမ ၆ သန်းကုန်ကျခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၄ ရက်ကပြုလုပ်သည့် ၂၀၁၈-၂၀၁၉ ရာသီ ဒုတိယသုံးလပတ် (အောက်တိုဘာမှ ဒီဇင်ဘာ) အတွက် ဘဏ္ဍာ ရေးဆိုင်ရာ အစည်းအဝေးတွင် မန်ယူအသင်း အမှုဆောင်ဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝက်ဒ်က ယင်း ကဲ့သို့ အတည်ပြု ပြောကြားခြင်းဖြစ်သည်။

မော်ရင်ဟိုသည် မန်ယူအသင်းကို ကိုင်တွယ်စဉ် တစ်နှစ်လစာ ပေါင် ၁၅ သန်းရရှိခဲ့ပြီး ၎င်းင်း၏စာချုပ်မှာ ၂၀၂၀ ပြည့်နှစ်မှ ကုန်ဆုံး မည်ဖြစ်သောကြောင့် နစ်နာကြေးအဖြစ် တစ်နှစ်လစာပေးချေခဲ့ရသည်။

ထို့ပြင် ၎င်း၏နည်းပြအဖွဲ့ဖြစ်သည့် နည်းပြအဖွဲ့ဝင်နှစ်ဦး၊ ကင်းထောက်တစ်ဦး၊ ကြံ့ခိုင်ရေးနည်းပြတစ်ဦး နှင့် လေ့လာဆန်းစစ်သူတစ်ဦးအတွက် ပေါင် ၄ ဒသမ ၆ သန်း ပေးချေခဲ့ရသဖြင့် စုစုပေါင်း ပေါင် ၁၉ ဒသမ ၆ သန်း ကုန်ကျခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် ဒုတိယသုံးလပတ်အတွင်း ကဏ္ဍအသီးသီးမှ ပေါင် ၂၀၈ ဒသမ ၆ သန်း ဝင်ငွေရရှိခဲ့ပြီး မာစီယဲလ်၊ အက်ရှ် လေယန်း၊ စမောလင်း၊ ဖီးလ်ဂျုံးစ်၊ တွမ်မီနေးစသည့် ကစားသမားများအား သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သောကြောင့် လစာပေးချေမှု အသုံးစရိတ်မှာ ပေါင် ၇၇ ဒသမ ၉ သန်းသို့ မြင့်တက်လာသည်။

လစာပေးချေမှုစရိတ်မှာ ယခင်နှစ်ကာလတူထက် ၁၁ ဒသမ ၈ ရာခိုင် နှုန်း တိုးမြင့်လာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲတွင် အက်ဒ်ဝုဒ်ဝက်ဒ်က ယာယီနည်းပြ ဆိုးလ်ရှားနှင့် နည်းပြအဖွဲ့၏ စွမ်းဆောင်မှုအပေါ် အားရကျေနပ်ကြောင်း ပြောကြားသော်လည်း အမြဲတမ်းနည်းပြခန့် အပ်မည့်ကိစ္စကို အတည်ပြုပြောကြားခြင်းမရှိ ကြောင်း သိရသည်။

''အိုလေ (ဆိုးလ်ရှား) နဲ့ မိုက် (ဖီလန်) တို့ကို ယာယီမန်နေဂျာနဲ့ လက်ထောက်မန် နေဂျာအဖြစ် ခန့်အပ်ပြီး ကီရန် (မက်ကင်နာ)၊ မိုက်ကယ် (ကာရစ်)၊ အီမီလီယိုတို့နဲ့အတူ လုပ်ဆောင်စေခဲ့တာက တစ်သင်းလုံးအတွက် အပြုသဘောဆောင်တဲ့သက်ရောက်မှုတွေ ဖြစ်စေခဲ့ပါတယ်။ ဒီဇင်ဘာကစပြီး အသင်းရဲ့ စွမ်းဆောင်ရည်တိုးတက်လာလို့ ကျွန်တော်တို့ အားလုံး ကျေနပ်ရပါတယ်။ ၂၀၁၈-၂၀၁၉ ရာသီကိုလည်း ကောင်းကောင်းမွန်မွန်အဆုံး သတ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ မန်နေဂျာ ခန့်အပ်ရေးကိစ္စကို အလေးထားဆောင်ရွက် နေပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အသစ် ထပ်ပြောစရာမရှိသေးပါဘူးဟု ၎င်းက ဆို သည်။

ထို့ပြင် အက်ဒ်ဝုဒ်ဝက်ဒ်က ဘောလုံးဒါရိုက်တာရာထူး အသစ်ခန့်အပ်ရေးကိစ္စကို အတည်ပြုဖြေကြားရန် ငြင်းဆန်ပြီး ဒီဟေးယားအပါအဝင် ဟာရဲရား၊ မာတာတို့ကိုမူ စာချုပ်သက်တမ်းတိုးရန် ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားသည်။

 

Most Read

Most Recent