စပိန်လာလီဂါပွဲစဉ်(၂၄) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ်(၂၄) ပွဲကြိုသုံးသပ်ချက်
Photo : Wikipedia
Photo : Wikipedia
Published 16 February 2019

ဆယ်လ်တာဗီဂို နှင့် လီဗန်တေး (စနေညနေ ၆း၃၀ နာရီ)

တန်းဆင်းဇုန်နားဝဲနေတဲ့ ဆယ်လ်တာဗီဂို ရုန်းထပြရတော့မယ့်အချိန် ရောက်နေပါပြီ။ အသင်းရဲ့ခြေစွမ်းပိုင်းက အားရစရာ မရှိလှပေမယ့် အိမ်ကွင်းနောက်ဆုံးပွဲမှာတော့ ဆီဗီလာကို (၁-၀) ဂိုးနဲ့ အနိုင်ရထားလို့ ဆယ်လ်တာဗီဂိုရဲ့အိမ်ကွင်းရုန်းအားကို မြင်လာရတယ်။ ဒီပွဲလည်း ဆယ်လ်တာဗီဂိုပဲကြိုက်တယ်။

ဗယ်လက်ကာနို နှင့် အက်သလက်တီကို (စနေည ၉း၄၅ နာရီ)

(၁၉) ပွဲဆက်တိုက် ရှုံးပွဲမရှိအောင်ကစားခဲ့ပြီးမှ မိုရာတာ ရောက်လာခဲ့ပြီး ပထမဆုံးပွဲထွက်ခဲ့တဲ့ (၂) ပွဲစလုံး အက်သလက်တီကို ဆက်တိုက်အရေးနိမ့်ခဲ့လို့ မိုရာတာအတွက် ပြောစရာလို ဖြစ်လာတယ်။ အခုပွဲလည်း မြို့ခံပြိုင်ဘက် ဗယ်လက်ကာနိုကွင်းမှာဆိုတော့ အက်သလက်တီကို ခက်ခဲနေဦးမှာပါ။ ဒါပေမဲ့ နိုင်ပွဲလိုနေလို့ အက်သလက်တီကိုနဲ့ ဂိုးအနည်းပဲကြိုက်တယ်။

ဆိုစီဒက် နှင့် လီဟာနက်စ် (စနေည ၁၂းဝ၀ နာရီ)

ခြေမှန်နေတဲ့ လီဟာနက်စ်ကြောင့် ဆိုစီဒက်သတိထားရမယ့်ပွဲမျိုးပါပဲ။ ဆိုစီဒက်ရဲ့ ဒီရာသီအိမ်ကွင်းခြေစွမ်းကလည်း ပုံမှန်မရှိလို့ လီဟာနက်စ်အတွက် မျှော်လင့်ချက်ရှိနေပြန်တယ်။ ဒါ့အပြင် လီဟာနက်စ်ရဲ့ကစားအားက အဝေးကွင်းဆို ခံစစ်ကို ကျစ်ကျစ်လျစ်လျစ်စုဖွဲ့နိုင်တယ်။ ဒီပွဲကတော့ နှစ်သင်းစလုံး ထိန်းကစားရင်း ဂိုးနည်းသရေပွဲဆီပဲ ဦးတည်နေတယ်။

ဘာစီလိုနာ နှင့် ဗယ်လာဒိုလစ် (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)

ဒုတိယနေရာက အသင်းကို ဘာစီလိုနာ (၆)မှတ်ဖြတ်ထားနိုင်ဆဲဆိုပေမယ့် ပြိုင်ဘက်က အက်သလက်တီကိုမဟုတ်တော့ဘဲ ရီးယဲလ်မက်ဒရစ်ဖြစ်လာလို့ သတိထားရတော့မယ့်အနေအထားဖြစ်လာတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၃)ပွဲစလုံးကိုလည်း သရေသာကစားနိုင်ခဲ့လို့ ဘာစီလိုနာအတွက် အခု ဗယ်လာဒိုလစ်နဲ့ပွဲက နိုင်ပွဲရအောင်ပြန်ယူရတော့မယ့်ပွဲမျိုးဖြစ်လာတယ်။ ဒီပွဲပြီးတာနဲ့ ချန်ပီယံလိဂ်၊ လာလီဂါနဲ့ စပိန်ဘုရင့်ဖလားမှာ လိုင်ယွန်၊ ဆီဗီလာ၊ ရီးယဲလ်မက်ဒရစ် (၂ ပွဲ) အသင်းတွေနဲ့ အဝေးကွင်းမှာချည်း ဆက်တိုက်ကစားရဖို့ရှိနေလို့ ဗယ်လာဒိုလစ်နဲ့ပွဲမှာသာ ဘာစီလိုနာ အမှတ်ပြည့်မယူထားနိုင်ရင် အသင်းအတွက် ကျဉ်းထဲကျပ်ထဲရောက်သွားနိုင်တယ်။ ဒါကြောင့် အခုပွဲကို ဘာစီလိုနာ ပေါ့ဆမယ်မထင်ဘူး။ ဒါပေမဲ့ နည်းပြ ဗယ်လ်ဗာဒီရဲ့ အလှည့်ကျလူထုတ်ပုံတွေကြောင့် အလှည့်အပြောင်းတွေ ဆက်ရှိနေဦးမှာပဲဖြစ်ပြီး လောလောဆယ်လည်း တိုက်စစ်က မက်ဆီသာ ဂိုးမသွင်းနိုင်ရင် ဂိုးနှုန်းကျလာတဲ့ပုံမျိုး တွေ့နေရလို့ ခံစစ်ပိတ်ကစားမှာသေချာတဲ့ ဗယ်လာဒိုလစ်နဲ့ပွဲမှာ ဘာစီလိုနာ ဂိုးတွေရဖို့ ဖြစ်နိုင်ပါ့မလားဆိုတာ သေချာစောင့်ကြည့်ရတော့မယ်။ ဘာစီလိုနာနဲ့ ဂိုးအနည်းပဲကောင်းမယ်ထင်တယ်။

Most Read

Most Recent