BATE နှင့်ပွဲမှ အနီကတ်အတွက် အာဆင်နယ်တိုက်စစ်မှူး လာကာဇက် တောင်းပန်

BATE နှင့်ပွဲမှ အနီကတ်အတွက် အာဆင်နယ်တိုက်စစ်မှူး လာကာဇက် တောင်းပန်
Photo: Getty Images
Photo: Getty Images
Published 15 February 2019

အာဆင်နယ်အသင်းတိုက်စစ်မှူး လာကာဇက်က BATE နှင့်ပွဲတွင် အနီကတ်အပြခံခဲ့ရသည့်အတွက် အသင်းနှင့် ပရိသတ်များကို တောင်းပန်စကားဆိုခဲ့သည်။

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် ကြာသပတေးနေ့က ကစားခဲ့သည့် ယူရိုပါလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဉ်ပထမအကျော့တွင် အဝေးကွင်း၌ ဘီလာရုစ်ကလပ် BATE အသင်းကို (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

အာဆင်နယ်တိုက်စစ်မှူး လာကာဇက်သည် အဆိုပါပွဲစဉ်၌ ပွဲချိန် (၈၅)မိနစ်တွင် ၎င်းအား ကြမ်းတမ်းစွာကစားသည့် BATE နောက်ခံလူ ဖီလီပန်ကိုအား တံတောင်ဖြင့်တွက်ခဲ့သည့်အတွက် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

လာကာဇက်က "အသင်းရှုံးနေချိန်မှာ ဒီလိုဖြစ်ရပ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် ကျွန်တော် စိတ်မကောင်းဖြစ်ရပါတယ်။ ပြိုင်ဘက်ကစားသမားရဲ့ ကြမ်းကြမ်းတမ်းတမ်းကစားမှုကို ကျွန်တော် တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ခဲ့သင့်ပေမယ့် အဲဒီလိုမလုပ်နိုင်ခဲ့ပါဘူး။ အဲဒီအတွက် ကျွန်တော် တောင်းပန်ပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ပေမယ့် မိနစ် (၉၀)တောင် ကျန်ပါသေးတယ်။ နောက်တစ်ဆင့်တက်ရောက်နိုင်အောင် အသင်းဖော်တွေ စွမ်းဆောင်ပေးနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"ဟု သူ၏ Twitter စာမျက်နှာတွင် ရေးသားကာ တောင်းပန်ခဲ့သည်။

အသက် (၂၇)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး လာကာဇက်သည် အာဆင်နယ်အသင်းအတွက် ယခုရာသီပြိုင်ပွဲစုံ (၃၃) ပွဲတွင် (၁၂) ဂိုး သွင်းယူပေးထားသည်။

Most Read

Most Recent