ဂိုးပြတ်နိုင်ပွဲနဲ့ အဆင့် (၁)နေရာကို လီဗာပူးလ် ပြန်လည်ရယူခဲ့ပြီး အာဆင်နယ်အသင်း နိုင်ပွဲပြန်တွေ့ခဲ့

ဂိုးပြတ်နိုင်ပွဲနဲ့ အဆင့် (၁)နေရာကို လီဗာပူးလ် ပြန်လည်ရယူခဲ့ပြီး အာဆင်နယ်အသင်း နိုင်ပွဲပြန်တွေ့ခဲ့
Photos: Sportimage & Reuters
Photos: Sportimage & Reuters
Published 9 February 2019

ပရီးမီးယားလိဂ်ပွဲစဉ် (၂၆) စနေညရဲ့ပွဲစဉ်တွေမှာတော့ လီဗာပူးလ်အသင်းဟာ အိမ်ကွင်းမှာ ဘုန်းမောက်အသင်းကို ဂိုးပြတ်အနိုင်ရယူပြီး  ပရီးမီးယားလိဂ်အဆင့် (၁) နေရာကိုပြန်လည် ရယူနိုင်ခဲ့သလို၊ ဖိအားတွေများနေတဲ့ အာဆင်နယ်အသင်းကလည်း အဝေးကွင်းမှာ ဟတ်ဒါဖီးလ်အသင်းကို အနိုင်ယူခဲ့ပါတယ်။

ပြီးခဲ့တဲ့ပွဲစဉ်မှာ နှစ်သင်းစလုံးနိုင်ပွဲပျောက်ထားလို့ အခုပွဲမှာတော့ နိုင်ပွဲကိုယ်စီရယူပြီး ရည်မှန်းချက်ကိုယ်စီအတွက် ဖိအားတွေလျှော့ချနိုင်ခဲ့တယ်လို့ပဲ ဆိုရပါမှာပါ။

လီဗာပူးလ်အသင်းဟာ အိမ်ကွင်းမှာ ဘုန်းမောက်အသင်းကို (၃-၀) ဂိုးနဲ့အနိုင်ယူပြီး မန်စီးတီးအသင်းထံ ယာယီလက်လွှတ်ခဲ့ရတဲ့ အဆင့် (၁) နေရာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာပါ။

ကြားရက်ကြိုကန်ပွဲစဉ်မှာ မန်စီးတီးအသင်း အနိုင်ရထားလို့လည်း လီဗာပူးလ်တို့ အခုအိမ်ကွင်းမှာ ပိုဖိဖိစီးစီးကစားခဲ့ပြီး ဂိုးပြတ်နိုင်ပွဲကိုရယူသွားခဲ့တာပါ။ နည်းပြယာဂန်ကလော့ပ်ဟာ မာနေ၊ ဖေမီနို၊ ဆာလာတို့ရဲ့တိုက်စစ်ပိုင်းကို ကီတာ၊ ဖာဘင်ညို၊ ၀ိုင်နယ်လ်ဒမ်းတို့နဲ့ ဝန်းရံခဲ့ပြီး လီဗာပူးလ်ရဲ့စုဖွဲ့မှုကို ဧည့်သည်ဘုန်းမောက်အသင်း အဖက်ဖက်က ယှဉ်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ပွဲစကတည်းက လီဗာပူးလ်အသင်းကစားကွက်စီးခဲ့ပြီး အဖွင့်ဂိုးကိုတော့ ပွဲချိန် (၂၄) မိနစ်မှာ ဂျိမ်းစ်မီလ်နာရဲ့ ဖြတ်တင်ဘောကနေ မာနေက ခေါင်းတိုက်ပြီးသွင်းယူပေးခဲ့ပါတယ်။

ဒါဟာ မာနေအတွက် ကစားသမားဘဝမှာ ပထမဆုံးပရီးမီးယားလိဂ် (၄) ပွဲဆက်ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ၊ သူ့အတွက်ဒီရာသီ (၁၂) ဂိုးမြောက်ပရီးမီးယားလိဂ်သွင်းဂိုးလည်းဖြစ်ပါတယ်။

ဂိုးရပြီးချိန်မှာလည်း လီဗာပူးလ်အသင်းပဲ ဖိကစားသွားခဲ့ပြီး ဒုတိယဂိုးကိုတော့ ပွဲချိန် (၃၄) မိနစ်မှာ ရောဘတ်ဆန်ရဲ့ပေးပို့မှုကနေ ဝိုင်နယ်လ်ဒမ်းက ဂိုးသမားကိုကျော်ကန်သွင်းယူခဲ့ပါတယ်။

ပထမပိုင်းမှာတော့ (၂-၀) ဂိုးနဲ့ပဲပြီးဆုံးခဲ့ပြီး လီဗာပူးလ်အသင်းအတွက် အနိုင်သေချာသွားတယ်လို့ဆိုရမှာက ဒုတိယပိုင်းပွဲချိန် (၄၈) မိနစ်မှာ တတိယဂိုးကိုရရှိသွားခဲ့တာပါ။

ဒီဂိုးကိုတော့ ဖေမီနိုနောက်ပေါက်နဲ့ချပေးတာကို ဆာလာက ဒီရာသီ သူ့အတွက် (၁၇) ဂိုးမြောက်ပရီးမီးယားလိဂ်သွင်းဂိုးအဖြစ်သွင်းယူသွားခဲ့ပါတယ်။

(၃) ဂိုးပြတ်အနိုင်ရပြီးချိန်မှာလည်း လီဗာပူးလ်အသင်းနောက်ထပ်ဂိုးတွေရဖို့ကြိုးစားခဲ့ပေမယ့် အခွင့်အရေးတွေကိုအသုံးမချနိုင်ခဲ့လို့ ဘုန်းမောက်အသင်းကံကောင်းခဲ့တာပါ။

ဒါကြောင့် ပွဲအပြီးမှာတော့ လီဗာပူးလ်အသင်းက (၃-၀) ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး ချန်ပီယံဆုအတွက် ယုံကြည်မှုနိုင်ပွဲတစ်ပွဲကိုရယူနိုင်ခဲ့တယ်လို့ပဲဆိုရပါမယ်။

နောက်ထပ်ပွဲစဉ်ဖြစ်တဲ့ ဟတ်ဒါဖီးလ်နဲ့ အာဆင်နယ်ပွဲစဉ်မှာတော့ အာဆင်နယ်အသင်းက (၂-၁) ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ဖိအားများနေချိန်မှာ ဒီနိုင်ပွဲဟာ အာဆင်နယ်နည်းပြ အမ်မရီအတွက် ဖြေဆေးဖြစ်ခဲ့တယ်လို့ဆိုနိုင်ပြီး ဟတ်ဒါဖီးလ်အသင်းအတွက်ကတော့ အမှတ်ပေးဇယားအောက်ဆုံးမှာ ဖိအားပိုများသွားစေခဲ့ပါတယ်။

အဝေးကွင်းမှာနိုင်ပွဲရဖို့အတွက် အမ်မရီအကောင်းဆုံးပြင်ဆင်လာခဲ့ပြီး ပွဲချိန် (၁၆) မိနစ်မှာပဲ ကိုလာရှီနက်ရဲ့ပေးပို့မှုကနေ အီဝိုဘီက အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။

ဂိုးစောစောရသွားခဲ့လို့ အာဆင်နယ်အသင်းအားတက်သွားခဲ့ပြီး ကစားကွက်လည်းပိုကောင်းလာခဲ့ပါတယ်။

အာဆင်နယ်အသင်းအတွက် ဒုတိယဂိုးကို ပထမပိုင်းပြီးခါနီးပွဲချိန် (၄၄) မိနစ်မှာ လာကာဇက်က ဒီရာသီသူ့ရဲ့ (၁၀) ဂိုးမြောက်ပရီးမီးယားလိဂ်သွင်းဂိုးအဖြစ်သွင်းယူခဲ့တာပါ။

ပထပိုင်းမှာ (၂-၀) ဂိုးနဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဟတ်ဒါဖီးလ်အသင်း ရုန်းကန်လာတာကြောင့် ပွဲကိုပိုအကြိတ်အနယ်ဖြစ်ခဲ့ပါတယ်။

အာဆင်နယ်အသင်းနောက်ထပ်ဂိုးရနိုင်တဲ့အခွင့်အရေးတွေရှိပေမယ့်လည်း အသုံးမချနိုင်ခဲ့လို့ ဂိုးတွေထပ်မမြင်ခဲ့ရတာပါ။

ဟတ်ဒါဖီးလ်အသင်းရဲ့ ချေပဂိုးအတွက်ကြိုးပမ်းမှုတွေကလည်း အာဆင်နယ်အသင်းခံစစ်နဲ့ ဂိုးသမားတို့ကို မကျော်ဖြတ်နိုင်ခဲ့လို့ အရာမထင်ခဲ့ပါဘူး။

ဟတ်ဒါဖီးလ်အသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကို မိနစ် (၉၀) အပြီးထပ်ဆောင်းအချိန်ပို (၃) မိနစ်မှာ ကိုလာရှီနက်က ကိုယ့်ဂိုးကိုယ်သွင်းယူသွားခဲ့တာပါ။

ပွဲအပြီးမှာတော့ အာဆင်နယ်အသင်းက (၂-၁) ဂိုးနဲ့အနိုင်ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဆိုင်မှုအတွက် ပြန်ပြီးအခြေအနေကောင်းသွားခဲ့ပါတယ်။

■ ယနေ့ကစားသည့်ပွဲစဉ်များ ရလဒ်

ပရီးမီးယားလိဂ်

ဖူလ်ဟမ် ၀-၃ မန်ယူ

ခရစ္စတယ်ပဲလေ့စ် ၁-၁ ဝက်စ်ဟမ်း

ဟတ်ဒါဖီးလ် ၁-၂ အာဆင်နယ်

လီဗာပူးလ်    ၃-၀ ဘုန်းမောက်

ဆောက်သမ်တန် ၁-၂ ကာဒစ်ဖ်

ဝက်ဖို့ဒ် ၁-၀ အဲဗာတန်

လာလီဂါ

ဂီတာဖေး ၃-၁ ဆယ်လ်တာဗီဂို

အက်သလက်တီကို ၁-၃ ရီးယဲလ်မက်ဒရစ်

ဘွန်ဒစ်လီဂါ

ဒေါ့မွန် ၃-၃ ဟော်ဖန်ဟင်မ်

လိုက်ပ်ဇစ် ၀-၀ ဖရန့်ဖတ်

မိုချန်ဂလာဘတ် ၀-၃ ဟာသာဘာလင်

ဟန်နိုဗာ ၂-၀ နုရင်ဘတ်

ဖရိုင်းဘတ် ၃-၃ ဝုလ်ဖ်ဘတ်

လိဂ်ချန်ပီယံရှစ်

မစ်ဒယ်ဘရော့ ၁-၁ လိဒ်စ်

ဘလက်ဘန်း ၀-၁ ဘရစ္စတိုးလ်စီးတီး

ဘော်လ်တန် ၁-၂ ပရက်စတန်

ဒါဘီ ၂-၀ ဟားလ်စီးတီး

နော်တင်ဟမ် ၂-၁ ဘရန့်ဖို့ဒ်

QPR ၃-၄ ဘာမင်ဂမ်

ရော့သာဟမ် ၁-၁ ဝီဂန်

ရှက်ဖီးဝင်းစ်ဒေး ၀-၀ ရက်ဒင်း

ဆွမ်ဆီး ၁-၀ မီဝေါလ်



 

Most Read

Most Recent