တပ်မတော်နှင့် တိုက်ပွဲများရပ်တန့်ရေး တွေ့ဆုံဆွေးနွေးရန် KNU ကတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ စာပေးပို့

တပ်မတော်နှင့် တိုက်ပွဲများရပ်တန့်ရေး တွေ့ဆုံဆွေးနွေးရန် KNU ကတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ စာပေးပို့
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် KNU ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ၂၀၁၈ ခုနှစ် မေ ၁၇ ရက်က ရန်ကုန်တိုင်း စစ်ဌာနချုပ်တွင် တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် KNU ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ၂၀၁၈ ခုနှစ် မေ ၁၇ ရက်က ရန်ကုန်တိုင်း စစ်ဌာနချုပ်တွင် တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)
Published 9 February 2019
မင်းနိုင်စိုး

လမ်းဖောက်လုပ်ရေး ကိစ္စနှင့်ပတ်သက်၍ တပ်မတော်နှင့် KNU တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဖေဖော်ဝါရီ ၅ ရက်စွဲဖြင့် စာရေးသား ပေးပို့ထားကြောင်း သတင်းရရှိသည်။

အဆိုပါစာတွင် KNU ဥက္ကဋ္ဌက “ကျွန်တော့်အနေနှင့် လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ ဖြစ်ထွန်းတိုးတက်မှုများ အပေါ်တွင် အထူးစိုးရိမ် ပူပန်လျက်ရှိကြောင်း အလေးအနက်ထား သိစေအပ်ပါသည်။ ထို့ပြင် လက်ရှိကာလတွင် ဖြစ်ပေါ်နေသော မြေပြင်ထိတွေ့မှုများနှင့် ပတ်သက်၍ သော်လည်းကောင်း၊ NCA အရ နောက်ဆက်တွဲ ပြုလုပ်ရန် လိုအပ်နေသည့် တပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲများအတွက် သော်လည်းကောင်း နှစ်ဖက်တပ်မှူးများ ပါဝင်သည့် ကိုယ်စားလှယ်များအကြား တွေ့ဆုံရန် အရေးတကြီး လိုအပ်နေပါသည်” ဟု ရေးသားထားသည်။

ထို့ကြောင့်  မိမိတို့နှင့် တပ်မတော် စစ်ဦးစီးချုပ်တို့အကြား သဘောတူ လုပ်ဆောင်နေသည့် (၅+၅) တပ်ပိုင်းဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုကို အမြန်ဆုံး ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်ကြောင်း တွေ့ရှိရကြောင်း၊ လက်ရှိ ရင်ဆိုင်နေရသော တပ်ပိုင်းဆိုင်ရာ အခက်အခဲများကို အတူတကွ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာနိုင်ရေး အတွက် စီစဉ်ပေးပါရန် အကြောင်းကြား အပ်ပါသည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ ပေးပို့သည့် KNU ဥက္ကဋ္ဌ၏စာတွင် ဖော်ပြထားသည်။

NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း KNU တပ်မဟာ (၅) နယ်မြေတွင် ခေးပူ-လွယ်မူပလော လမ်းကြောင်း ဖောက်လုပ်မှုနှင့် ပတ်သက်၍ တပ်မတော်နှင့် KNU တပ်မဟာ (၅) တို့အကြား မကြာခဏထိတွေ့မှု ဖြစ်နေသည့် ကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးနိုင်ရန် KNU ဘက်က တပ်မတော်ထံ အသိပေးခြင်း ဖြစ်ကြောင်း KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဖေဖော်ဝါရီ ၉ ရက်တွင် ပြောကြားသည်။

“၅+၅ ဆိုတာက ကျွန်တော်တို့တပ်ချင်း ထပ်တွေ့ဆုံဖို့အတွက် ကျွန်တော်တို့ပြောတာ ဖြစ်ပါတယ်။ ဒီကိစ္စကတော့ ဆောင်ရွက်တာ ကြာလှပြီ။ ဘာဖြစ်လို့ဆို တပ်ချင်းထပ်တွေ့မှသာ လက်နက်ကိုင်ပဋိပက္ခ မဖြစ်ဖို့အတွက် သဘောတူညီမှုပေါ့လေ။ ကျွန်တော်တို့မှာက တပ်မဟာ ခုနစ်ခုလောက် ရှိနေတာကိုး။ တပ်တစ်နေရာနဲ့ တစ်နေရာ မတူညီတဲ့ အပေါ်မှာ အစိုးရတပ်နဲ့ ကျွန်တော်တို့ဆီမှာရှိတဲ့ တပ်တွေ တာဝန်ရှိတဲ့ ခေါင်းဆောင်တွေ တွေ့ပြီးတော့ ဘယ်လိုသဘောတူညီမှုယူမလဲ။ တိုက်ပွဲမဖြစ်အောင်။ အဲဒီကိစ္စပါပဲ။ တပ်ဘက်ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုလို့ ပြောလို့ရပါတယ်” ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

တပ်မတော်အနေဖြင့် KNU တပ်မဟာ (၅) နယ်မြေ ဖာပွန်ခရိုင်အတွင်းရှိ ခေးပူ-လွယ်မူပလော လမ်းကြောင်း ဖောက်လုပ်ခြင်းကြောင့် တပ်မတော်နှင့် KNU တပ်မဟာ (၅) တို့အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေသည့် အတွက် အဆိုပါလမ်း ဖောက်လုပ်ခြင်းကို တပ်မတော်က ယာယီရပ်ဆိုင်း ပေးထားသည်။

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား NCA အဓိပ္ပာယ်ဖွင့်ဆိုရာတွင် နားလည်မှု ကွဲလွဲနေခြင်းများ၊ လိုရာဆွဲ အကောင်အထည် ဖော်နေမှုများ စသည့်အခက်အခဲများကြောင့် လက်ရှိတွင် KNU အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများ တက်ရောက်ခြင်းမှ ယာယီရပ်ဆိုင်းခဲ့ပြီး အလွတ်သဘော တွေ့ဆုံမှုများမှတစ်ဆင့် အဖြေရှာသွားမည်ဟု ကြေညာထားသည်။

လက်ရှိအချိန်တွင် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူး ဦးဆောင်သည့် KNU ကိုယ်စားလှယ်အဖွဲ့တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေပြီး ယုံကြည်မှု ပြန်လည် တည်ဆောက်ရေးတွင် အပြုသဘောဆောင်သော ရလဒ်ကောင်းများ ရရှိထားသည်ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သည်။

 

Most Read

Most Recent