လီဗာပူးလ်နှင့် အင်္ဂလန်တိုက်စစ်မှူးဟောင်း ဟက်စကီးက လီဗာပူးလ်အသင်းအနေဖြင့် ချန်ပီယံဆုများနှင့် ဆက်လက်လွဲချော်နေမည်ဆိုပါက အသင်း၏အဓိကကစားသမားများကို လက်လွှတ်ရနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၂၅)အပြီးတွင် မန်စီးတီးအသင်းကို (၃)မှတ်ဖြတ်ကာ ဇယားထိပ်ဆုံးမှ ဦးဆောင်နေသေးသော်လည်း နောက်ဆုံး (၂)ပွဲဆက် ရလဒ်များ ဆိုးရွားမှုကြောင့် ဘွတ်ကီဒိုင်၏ အလေးပေးမှု၌ မန်စီးတီးအသင်းက ဗိုလ်စွဲရန် ရေပန်းအစားဆုံး ပြန်ဖြစ်လာခဲ့သည်။
ဟက်စကီးက အဓိကကစားသမားများကို အသင်းတွင် ဆက်ထိန်းထားရန်အတွက် ပရိသတ်များ၏ အားပေးမှုနှင့် ချန်ပီယံဆုများ ရယူနိုင်ခြင်းမှာ အဓိကကျကြောင်းနှင့် ချန်ပီယံဆုများနှင့် ဆက်လက်လွဲချော်နေမည်ဆိုပါက ဆာလာ၊ မာနေ၊ ဖေမီနိုတို့ကဲ့သို့ ကစားသမားကောင်းများကို လက်လွှတ်ရနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
ဟက်စကီးက "အသင်းတိုင်းမှာကတော့ အသင်းက ထွက်ခွာချင်တဲ့ ကစားသမားတွေ ရှိတတ်ပါတယ်။ လီဗာပူးလ်ပရိသတ်တွေနဲ့ ကစားသမားတွေက ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုုကို ရယူဖို့ ပစ်မှတ်ထားနေကြတယ်။ တကယ်လို့ လီဗာပူးလ်အသင်းသာ ချန်ပီယံဆုတွေနဲ့ ဆက်ပြီး လွဲချော်နေမယ်ဆိုရင် ဆာလာ၊ မာနေ၊ ဖေမီနိုတို့ အသင်းက မထွက်ခွာနိုင်ဘူးလို့ ဘယ်သူမှမပြောနိုင်ပါဘူး"ဟု Daily Express သတင်းစာသို့ ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ယခုတစ်ပတ်အတွင်းကစားခဲ့သည့် လက်စတာ၊ ဝက်စ်ဟမ်းအသင်းတို့နှင့် ဆက်တိုက်သရေကျခဲ့သောကြောင့် ဖိအားများပိုများလာခဲ့သည်။ လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်ကမူ အသင်းအနေဖြင့် ယခုကဲ့သို့ရလဒ်ဆိုးနေခြင်းမှာ ဒဏ်ရာရကစားသမားများဖြစ်သည်ဟု ပြောကြားခဲ့သည်။