ဇန်နဝါရီအတွက် MNL အကောင်းဆုံးဆုကို ဦးအောင်ကျော်မိုးနှင့် ဝင်းနိုင်ထွန်း ရရှိ

ဇန်နဝါရီအတွက် MNL အကောင်းဆုံးဆုကို ဦးအောင်ကျော်မိုးနှင့် ဝင်းနိုင်ထွန်း ရရှိ
ဓါတ်ပုံ-စိုးညွန့်
ဓါတ်ပုံ-စိုးညွန့်
Published 3 February 2019

မြန်မာနေရှင်နယ်လိဂ်ကော်မတီက ရွေးချယ်ချီးမြှင့်သည့် ဇန်နဝါရီအတွက် MNL လအလိုက်အကောင်းဆုံးဆုများကို ရတနာပုံ အသင်းနည်းပြချုပ် ဦးအောင်ကျော်မိုးနှင့် တိုက်စစ်မှူး ဝင်းနိုင်ထွန်းတို့ ရရှိခဲ့ကြောင်း သိရသည်။

ရတနာပုံအသင်းသည် ဇန်နဝါရီတွင် ယှဉ်ပြိုင်ကစားခဲ့သည့် MNL ပြိုင်ပွဲ သုံးပွဲ အနက် တစ်ပွဲသာအနိုင်ရသော်လည်း လက်ရှိ ချန်ပီယံ ရန်ကုန်အသင်းကို (၃-၂) ဂိုးဖြင့် အနိုင်ရခြင်း၊ အသင်းကြီးများဖြစ်သည့် ဧရာဝတီနှင့် ရှမ်းယူနိုက်တက်အသင်းတို့ကို သရေ ကစားနိုင်ခဲ့ခြင်းကြောင့် နည်းပြချုပ် ဦးအောင်ကျော်မိုးက အကောင်းဆုံးနည်းပြဆု ချီးမြှင့်ခံရခြင်းဖြစ်သည်။ 

ဝင်းနိုင်ထွန်းသည် ဧရာဝတီအသင်းနှင့် သရေကျခဲ့သည့် ပွဲစဉ် (၁) တွင် ဒုတိယပိုင်းမှ လူစားဝင်ကစားရသော်လည်း ရှမ်းယူနိုက်တက်၊ ရတနာပုံအသင်းတို့ နှင့်ပွဲများတွင် အရေးပါသည့်ဂိုးများ သွင်းယူနိုင်ခဲ့သည်။ 

၎င်းသည် ရှမ်းယူနိုက်တက်နှင့် ပွဲစဉ် (၂) တွင် ချေပဂိုးနှစ်ဂိုးစလုံး သွင်းယူခဲ့သလို ရန်ကုန်ကို အနိုင်ရသည့် ပွဲစဉ် (၃) တွင် လည်း တတိယဂိုး သွင်းယူပေးခဲ့သည်။ 

အကောင်းဆုံးဆုများကို ဖေဖော်ဝါရီ ၂ ရက်က ဗထူးကွင်းတွင် ကျင်းပသည့် ရတနာပုံနှင့် မကွေးပွဲမတိုင်မီ ပေးအပ်ချီးမြှင့်ခဲ့ပြီး အကောင်းဆုံးကစားသမားဆုရ ဝင်းနိုင်ထွန်း က ကျပ် ၁၅၀၀၀၀ နှင့် အကောင်းဆုံးနည်းပြ ဆုရ ဦးအောင်ကျော်မိုးက ကျပ်တစ်သိန်း ရရှိခဲ့သည်။ 

ရတနာပုံအသင်းသည် နှစ်ရာသီ ဆက်တိုက် ဇန်နဝါရီအတွက်လအလိုက် အကောင်းဆုံးနည်းပြဆုနှင့် ကစားသမားဆု ရယူနိုင်ခဲ့ပြီး ဦးအောင်ကျော်မိုးမှာလည်း  နှစ်ရာသီဆက်တိုက် ဇန်နဝါရီလ၏ အကောင်း ဆုံးနည်းပြဆုရယူနိုင်ခြင်းဖြစ်သည်။  

ဖေဖော်၀ါရီတွင် MNL ပြိုင်ပွဲ တစ်ပွဲသာ ကစားရမည် ဖြစ်သောကြောင့် မတ်လနှင့်ပေါင်း၍ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent