ရုပ်သံဇာတ်လမ်းတွဲ ပရိသတ်များ အားပေးချစ်ခင်မှု အများအပြားရရှိထားသူ သရုပ်ဆောင် ဆောင်းဝတ်ရည်မေ၏ ငယ်ဘဝဖြတ်သန်းရာ

ရုပ်သံဇာတ်လမ်းတွဲ ပရိသတ်များ အားပေးချစ်ခင်မှု အများအပြားရရှိထားသူ သရုပ်ဆောင် ဆောင်းဝတ်ရည်မေ၏ ငယ်ဘဝဖြတ်သန်းရာ
Published 31 January 2019
လင်းလင်းခိုင်

သရုပ်ဆောင်ဆောင်းဝတ်ရည်မေက ရန်ကုန်ဇာတိဖြစ်ပြီး အောက်တိုဘာ ၁၇ ရက် ၁၉၉၅ ခုနှစ်မှာမွေးဖွားခဲ့ပြီး အစ်မနှစ်ယောက်ရှိကာ အငယ်ဆုံးသမီး ဖြစ်တယ်လို့ဆိုပါတယ်။ ငယ်စဉ်ဘဝရဲ့အမှတ်တရနဲ့ပတ်သက်လို့ကတော့ အိမ်နာမည်ပေးထားတာနဲ့ ပတ်သက်လို့ အမှတ်တရ ရှိတယ်လို့ဆိုပါတယ်။ဆောင်းဝတ်ရည်မေက ငယ်စဉ်ကလေးဘဝမှာ အဆော့မက်သူ တစ်ယောက်ဖြစ်ပြီး ကျောင်းပြန်ချိန်တိုင်းမှာ သူငယ်ချင်းတွေနဲ့ဆော့ကစားဖြစ်တယ်လို့ ဆိုပါတယ်။ ကျောင်းပညာရေးအနေနဲ့ အ.မ.က (၁၉)ဗဟန်း မှာသူငယ်တန်းတက်ရောက်ခဲ့ပြီး ပထမတန်းနဲ့ဒုတိယတန်းကို တော့ အ. လ.က(၄)ကြည့်မြင်တိုင်မှာ ဆက်တက်ဖြစ်ခဲ့သလို အ.လ.က(၃) ဗဟန်းမှာ တတိယတန်းကနေ သတ္တမတန်းအထိ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက်မှာ အ.ထ.က(၂)ဗဟန်းမှာ ဆယ်တန်းအောင်မြင်ချိန်အထိ တက်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန်မှာ အနောက်တိုင်း နည်းပညာတက္ကသိုလ်မှာ Electrionic Communication  ဘာသာနဲ့တက်ရောက်ဖြစ်ခဲ့ပြီး အနုပညာလောကထဲ စတင်ရောက်ရှိလာခဲ့တာကြောင့် AGTI အနေနဲ့ပဲ ကျောင်းထွက်ဖြစ်ခဲ့သလို အ ဝေးသင်တက္ကသိုလ်ကို ဆက်တက်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

ငယ်စဉ်ကလေးဘဝမှာတော့ အနုပညာကို အရမ်းကြီးဝါသနာမပါခဲ့သလို ကျောင်းကပွဲတွေ အပါအဝင် အနုပညာလှုပ်ရှားမှုတွေမှာလည်း ပါဝင်ဖူးခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ချိန်မှသာ အနုပညာအလုပ်တွေကို စတင် စိတ်ပါဝင်စားလာခဲ့သလို ပထမဆုံး အနုပညာ လှုပ်ရှားမှုအနေနဲ့ Miss လပြည့်ဝန်းပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီပြိုင်ပွဲမှာ ဆောင်းဝတ်ရည်မေက 1st Runner Up ဆုကိုဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီနောက်မှာ ပထမဆုံးဇာတ်လမ်းတွဲအနေနဲ့ Sign of Love Season 2 မှာ ပါဝင်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။

“ညီမက သင်တန်းတွေဘာတွေလည်း မတက်ဖူးသလို သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်လို့ နားမလည်ဘဲ  Sign of Love Season 2 မှာ ပါဝင်ခွင့်ရခဲ့တဲ့အခါ တော်တော်လေး စိတ်လှုပ်ရှားတယ်။ တတ်နိုင် သလောက်ကြိုးစားခဲ့တယ်။ Season 2 ရော၊ 3 မှာပါ ဆက်တိုက်ပါဝင်ခွင့်ရခဲ့တယ်။ အဲဒီနောက်မှာ သရုပ်ဆောင်တာကို ခဏနားလိုက်ပြီးမှ ၀ိညာဉ်ရှိုက်သံဆိုတဲ့ဇာတ်လမ်းတွဲမှာ ကြယ်စင်ချိုဆိုတဲ့ ဇာတ်ရုပ်အနေနဲ့ ပါဝင်ခွင့်ရခဲ့တယ်။ အဲဒီဇာတ်လမ်းတွဲလေးကို ပရိသတ်တွေက သဘောကျသလို ညီမကိုလည်း အရင်ထက်ပိုပြီး အားပေးလာကြတယ်။ အဲဒီကနေမှ ရုပ်သံဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးခွင့် ရလာပါတယ်” လို့ ဆောင်းဝတ်ရည်မေက ဆိုပါတယ်။

ဆောင်းဝတ်ရည်မေ ပါဝင်ထားတဲ့ ‘မာန်’ ၊’အမုန်းမှသည်’ ရုပ်သံဇာတ်လမ်းတွဲတွေကလည်း ပရိသတ်အားပေးမှု များပြားခဲ့တဲ့ ဇာတ်လမ်းတွဲတွေဖြစ်ပါတယ်။ ဆောင်းဝတ်ရည်မေက လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ MRTV 4 က တင်ဆက်တဲ့ ရုပ်သံအစီအစဉ်တွေမှာပါဝင် တင်ဆက်ဖြစ်နေပါတယ်။ ဆက်လက်ပြီးတော့ ရုပ်ရှင်ကားကြီးတွေမှာ အခွင့်အရေးရမယ်ဆိုရင်လည်း ပါဝင်သရုပ်ဆောင်သွားမယ်လို့လည် းဖြည့်စွက်ပြောပြခဲ့ပါတယ်။

‘‘ညီမဝါသနာပါတဲ့အနုပညာအလုပ်တွေကို လုပ်ခွင့်ရသလို ပရိသတ် အားပေးချစ်ခင်မှုလည်းရရှိတဲ့အတွက် ညီမအရမ်းပျော်ပါတယ်။ အသစ်တစ်ယောက်အနေနဲ့ ညီမမှာ သင်ယူလေ့လာစရာတွေ အများကြီးပါ။ တွဲဖက်သရုပ်ဆောင်ခွင့်ရတဲ့ စီနီယာတွေဆီကရော၊ တခြားသောအနုပညာရှင်တွေဆီကပါ အမြဲတမ်းလေ့လာသင်ယူပါတယ်။ ဇာတ်ကားတစ်ကား ပြီးတိုင်းမှာလည်း အားရကျေနပ်တယ်ဆိုတာမျိုးတော့ မရှိပါဘူး။ လိုအပ်ချက်တွွေ၊ အားနည်းချက်တွေအများကြီးပါပဲ။ အဲဒါတွေအားလုံးကို ပြင်ဆင်သွားမှာပါ’’လို့ ဆောင်းဝတ်ရည်မေက ဆိုခဲ့ပါတယ်။

အခုတစ်ပတ်ဖတ်ရှုခဲ့ကြရတာကတော့ ‘အမုန်းမှသည်’ နဲ့ ‘မာန်’ ရုပ်သံ ဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်အားပေးမှုအခိုင်အမာ ရရှိခဲ့တဲ့ သရုပ် ဆောင်ဆောင်းဝတ်ရည်မေရဲ့ ငယ်စဉ်ဘဝ အမှတ်တရပုံရိပ်တွေပါ။ သူပြောပြခဲ့တဲ့ပျော်ရွှင်ဖွယ်၊ လွတ်လပ်ပေါ့ပါးတဲ့ ငယ်စဉ်ဘဝပုံရိပ်တချို့နဲ့ ဇာတ်လမ်းတွဲ တွေမှာပါဝင်ခွင့်ရခဲ့တဲ့ အမှတ်တရတွေကိုဖတ်ရှုရင်း လူငယ်တစ်ယောက်ရဲ့ ရိုးရှင်းပွင့်လင်းတဲ့ စိတ်ခံစားမှုတွေကိုရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။ နောက်တစ်ပတ်တွေမှာလည်း ပရိသတ်ချစ်ခင်အားပေးတဲ့အနုပညာရှင်တွေရဲ့ ပျော်ရွှင်စိတ်ဝင်စားဖွယ်ငယ်စဉ်ဘဝရဲ့ပုံရိပ်တွေကို ဖော်ပြပေးဦးမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးကြပါ ဦးလို့ ဆိုပါရစေ။                                                       

 

Most Read

Most Recent